မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးရမိ
AP သတင်းဌာန
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉
ဘန်ကောက်မြို့ ဒွန်မောင်းလေယာဉ်ကွင်းတွင် တွေ့ရသော လက်နက်တင် လေယာဉ် (AP photos)

ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားများ
AP သတင်းဌာန
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉

ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားများ
မြောက်ကိုရီးယားနိုင်ငံမှ တန်ပေါင်းများစွာသော လက်နက်များကို လေယာဉ်ဖြင့် တင်ဆောင်လာသည့် နိုင်ငံခြားသား ၅ ဦးသည် လက်နက်မှောင်ခိုမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။
ထိုပုဂ္ဂိုလ် များမှာ ကာဇက်ကစ္စတန် နိုင်ငံမှ ၄ ဦး၊ ဘယ်လာရုစ် နိုင်ငံမှ ၁ ဦး ပါဝင်ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ခုခံချေပထားကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး Supisarn Pakdinarunart က ပြောသည်။ ထို ၅ ဦးကို မနက်ဖန်တွင် တရားရုံးတင်မည် ဖြစ်သည်။
သယ်ဆောင်လာသော လက်နက်များမှာ ၃၅ တန် ခန့် ရှိသည်ဟု ထိုင်းအရာရှိများက ဆိုသည်။ ဖောက်ခွဲရေး ပစ္စည်းများ၊ ဒုံးကျည်များ၊ မြေပြင်မှ ဝေဟင်ပစ် အမြောက်အတွက် အပိုပစ္စည်းများ ပါဝင်သည်။
လေယာဉ်သည် Ilyushin 76 အမျိုးအစား ပို့ဆောင်ရေး လေယာဉ်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှ ထွက်ခွာလာကြောင်း၊ ဘန်ကောက်တွင် ဆီဖြည့်ရန်အတွက် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် လေ ပြောခွင့်ရအရာရှိ ဗိုလ်ကြီး Montol Suchookorn က ဆိုသည်။
ကုလသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ပင်မှုကို အာခံပြီး မြောက်ကိုရီးယားသည် အာဖရိက၊ အာရှ နှင့် လက်တင်အမေရိက နိုင်ငံများကို လက်နက်တင်ပို့ရောင်းချနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရသည်။
အမေရိကန် ထောက်လှမ်းရေး၏ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်များက ထိုလေယာဉ်ကို စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းဌာနများက ဆိုသည်။
တနင်္ဂနွေ ရုံးပိတ်ရက် ဖြင့်သောကြောင့် အမေရိကန် သံရုံး တာဝန်ရှိသူများကို ထိုဖြစ်ရပ်အတွက် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ထိုလေယာဉ်သည် သီရိလင်္ကာ သို့မဟုတ် ပါကစ္စတန်သို့ ဦးတည်သွားရောက်ရန် စီစဉ်ခဲ့ပုံရကြောင်း ဒေသခံ သတင်းဌာနများက ဆိုသည်။
အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး သိရှိရန် ရက်ပေါင်းများစွာ အချိန် ယူရဦးမည် ဖြစ်ပြီး ထွက်ပေါ်လာသော အချက်အလက်များကို ကုလသမဂ္ဂ၊ ကာဇက်ကစ္စတန်၊ ဘယ်လာရုစ်တို့ကိုလည်း အစီရင်ခံမည်ဟု ဒုဝန်ကြီးချုပ် Suthep Thaugsuban က ဆိုသည်။
“အများပြည်သူက စိုးရိမ်စရာ မရှိပါဘူး၊ အစိုးရက ဒါကို ထင်သာမြင်သာ ရှိရှိနဲ့ စုံစမ်းစစ်ဆေးသွားမှာပါ။ တခြားနိုင်ငံတွေကိုလည်း အစိုးရက ရှင်းပြမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ယမန်နေ့ညက လက်နက်များကို ကုန်တင်ကားများဖြင့် တင်ပြီး Nakhon Sawan ခရိုင်ရှိ တပ်စခန်းတခုသို့ ရွှေ့ပြောင်းလိုက်ကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။

Comments