Win Myat - Delimma in 2010 - To Vote or Not To Vote, tis a life


၂၀၁၀မှာ ပေးရခက် ရွေးရခက်မယ့် ဘ၀များ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၃၀၊ ၂၀၀၉


လေးတန်းအထိသာကျောင်းနေခဲ့ဖူးတဲ့ ရယက အတွင်းရေးမှူး ကိုတင့်မျိုး(၄၂နှစ်)ဟာ နိုင်ငံရေး ဆိုတာကို သေသေချာချာ နားလည်သူတစ်ယောက် မဟုတ်ပါဘူး။ သူနေထိုင်တဲ့ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေးကိုသာ အားသွန်ခွန်စိုက် လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်အခြေဥပဒေကို စာအုပ်တောင် မြင်ဖူးသူ မဟုတ်ပေမယ့် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ ၁၅ နှစ်ကြာ ရေးဆွဲခဲ့ရတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ ပြည်သူ့ဆန္ဒခံယူပွဲမှာ သူ့ကျေးရွာမဲရုံကို တာဝန်ယူ ဦးစီးပြီး ထောက်ခံမဲတွေရအောင် လုပ်ခဲ့ရသူပါ။

သူနေထိုင်တဲ့ကျေးရွာလေးဟာ ဒေးဒရဲမြို့နယ်အတွင်းမှာတည်ရှိပြီး ၂၀၀၈ ခုနစ် မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း နာဂစ်ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ရွာဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း မုန်တိုင်းအတွင်း ကံကောင်းလို့ မသေဘဲ ကျန်ရစ်သူ တစ်ဦး ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် ခံခဲ့ရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ သူတို့ကျေးရွာလေးမှာ အခြေခံဥပဒေ အတည်ပြု ထောက်ခံမဲ ရရှိရေး ဆောင်ရွက်ရတာ သိပ်မခဲယဉ်းခဲ့ပါဘူး။

ဗလာမပါကံစမ်းမဲနဲ့ အခြေခံဥပဒေ
သူ့ကျေးရွာလေးမှာရှိတဲ့ မဲပေးခဲ့တဲ့သူတွေကို စိတ်ဝင်စားစေခဲ့တဲ့အရာကတော့ အခြေဥပဒေ ထောက်ခံမဲ မပေးခင် နှိုက်ခဲ့ကြရတဲ့ ဗလာမပါ ကံစမ်းမဲပဲဖြစ်ပါတယ်။ ပေါက်မဲအဖြစ် ခေါက်ဆွဲခြောက်လို အသင့်စားသောက်ကုန်၊ လက်နှိပ်ဓာတ်မီး၊ တာပေါ်လင်၊ အိမ်ရိုက်သံ စတဲ့ အခြေခံအိမ်ဆောက်ပစ္စည်းတွေ ဖြစ်တာကြောင့် သဘာဝဘေးဒဏ်သင့် ရွာသားတွေ အကြိုက်တွေ့ခဲ့ကြတယ်လို့ဆိုတယ်။

ဘာကြောင့် အခြေခံဥပဒေ ထောက်ခံ ကန့်ကွက်ကို ဗလာမပါ ကံစမ်းမဲနဲ့တွဲရတာလဲ။ တော်ရုံလူ ဘယ်သူမှ မတွေးမိတဲ့ အရာကို ကိုတင့်မျိုးက ရွာသားတွေလည်း ကျေနပ်စေ၊ အထက်က လုပ်ခိုင်းတဲ့ ထောက်ခံမဲလည်း ရစေဆိုပြီး စိတ်ကူးကြံဆလိုက်တာပါ။

ဒါပေမယ့် မဲပေးတဲ့ရွာသားတွေထဲမှာ ကြက်ခြေခတ်ခြစ်မယ့် ချာတိတ်တယောက် ပါလာတဲ့အခါမှာတော့ ကိုတင့်မျိုး အလုပ်ရှုပ်ရပြီပေါ့။ ကျေးရွာလုံးကျွတ် အတည်ပြု ထောက်ခံမဲရအောင် သူလုပ်ဆောင်ခဲ့ရပုံကို ကိုတင့်မျိုးက ပြန်ပြောပြတယ်။

“သူ့ကိုပြောပြတယ်၊ နောက်ထပ် ငါ လူကြီးလုပ်ရဖို့အတွက် ငါ မင်းကို ဒီစကားပြောနေတာ မဟုတ်ဘူး။ အခု ငါတို့ ထမင်းငတ်နေပြီ။ ငါ ရှေ့ကနေ တက်တောင်းနေရတာ။ မင်း ငါ့လို တောင်းကျွေး နိုင်မယ်ဆိုရင် မင်းလုပ်ချင်တာ မင်း လုပ်လိုက်။ ဒီလိုမဟုတ်ဘူးဆိုရင် မလုပ်ပါနဲ့။ ငါတို့ ထမင်းငတ်သွားလိမ့်မယ် လို့။ အဲဒီအချိန်မှာလူတွေက ထမင်းငတ်မယ်ဆိုရင် ကြောက်ကြတယ်ဗျ။ အဲဒီတော့ သဘောပဲဗျာ တဲ့။ လုံးဝ ကြက်ခြေခတ်မတော့ဘူး”

သူကပဲဆက်ပြောတယ်။
“အဲဒီအချိန်မှာ နိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရနေပြီ ဘာညာ သတင်းတွေကနေ ကြားနေရတယ်။ ကိုယ်က ၄ တန်းပဲ အောင်ထားတော့ တွက်တတ်သလောက် တွက်ပြီး တို့တွေတော့ နည်းနည်းတော့ ရကောင်းပါရဲ့လေလို့ တွေးမိတာပေါ့။ မျှော်လင့်တာပေါ့။ ဒါ အရိုးသားဆုံး ပြောတာလေ။ ရွာထဲမှာရှိတဲ့ လူကြီးတွေနဲ့ တိုင်ပင်တယ်။ ဒီအချိန်မှာ ဘာမှ ထည့်စဉ်းစားမနေနဲ့။ ထမင်းစားဖို့က အရေးကြီးတယ်။ ကျွန်တော်က ဗလာမပါကံစမ်းမဲ လုပ်လိုက်တယ်´

ကိုတင့်မျိုး မြို့ကိုတက်ပြီး စားနပ်ရိက္ခာအကူအညီတွေ သွားတောင်းတဲ့အခါ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပြန်လည် ထူထောင်ရေးတာဝန်ကျ ၀န်ကြီးတွေက အခြေခံ ဥပဒေမဲပေးရင် အထက်လူကြီးတွေ မငြိုငြင်အာင်လုပ်ပေးဖို့ အမြဲ ပြောလေ့ရှိတယ်။

အဲသည့်အချိန်က ပုဂ္ဂလိက အလှူရှင်တွေရဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို မြို့နယ် အာဏာပိုင်တွေက တစ်ဆင့် ကျေးရွာတွေကို ပြန်လည် ဖြန့်ဖြူး ပေးနေချိန်လည်း ဖြစ်ပါတယ်။

သူ နေထိုင်တဲ့ကျေးရွာမှာ မဲပေးနိုင်တဲ့လူဦးရေ ၁၄၀၀ မှာ ၁၀၀၀ လောက်က ကြိုတင် မဲထည့်ခဲ့ကြတယ် လို့ ဆိုပါတယ်။ ကျိန်းသေပေါက် ထောက်ခံမဲပေးမယ့် သူတွေကို ကြိုတင်မဲ အဖြစ် လုပ်ခဲ့ကြတာပါ။

မဲမပေးရပေမယ့် မဲနှိုက်ခွင့်တော့ပေးရမယ်
မဲပေးဖို့လူစာရင်းကောက်တုန်းကရှာမတွေ့လို့ သေစာရင်းပြခဲ့တဲ့သူတွေ မဲပေးခါနီးမှ ရောက်လာတဲ့အခါ အခြေခံဥပဒေကို မဲမပေးရတာ ပြဿနာမဟုတ်ပေမယ့် ကိုတင့်မျိုးရဲ့ ဗလာမပါကံစမ်းမဲ မနှိုက်ရတာက ပြဿနာဖြစ်တယ်။ ဒါကြောင့် တကယ်မသေလည်း မဲစာရင်းမှာအသေပြပြီး ဗလာမပါကံစမ်းမဲကိုတော့ နှိုက်ခွင့် ပြုခဲ့ရတယ်။

ကိုတင့်မျိုး နေထိုင်တဲ့ ကျေးရွာမှာလိုပဲ အခြားကျေးရွာတွေမှာလည်း ကျေးရွာ အာဏာပိုင်တွေက မုန်တိုင်းဒဏ်သင့် ပြည်သူ လူထုကို အလှူရှင်တွေဆီက ရရှိတဲ့ အစားအသောက် ရိက္ခာတွေနဲ့ သိမ်းသွင်းပြီး အခြေခံဥပဒေ ထောက်ခံမဲ ရရှိဖို့ လုပ်ဆောင်ခဲ့ကြတာ တွေ့ရတယ်။

“မဲပေးတဲ့သူတွေကို ခေါက်ဆွဲခြောက်တွေပေးမယ် ဆိုလို့ ကျွန်တော့်ယောက္ခမနဲ့ မိန်းမက သွားပေးကြတာ သူတို့ ခေါက်ဆွဲကိုးထုပ်တောင် ရခဲ့တယ်။ ကျွန်တော်ကတော့ ကိုယ်ဘာမှမသိတဲ့ အခြေခံဥပဒေကို မဲသွားမပေးဘူး” လို့ လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲအပိုင် ကျေးရွာတစ်ခုက အသက် ၃၂ နှစ် အရွယ် ရွာသားတစ်ဦးက ပြောပြတယ်။

မုန်တိုင်းအပြီးမှာ ကျေးရွာ လူထု စားဝတ်နေရေးနဲ့ ကျေးရွာ ပြန်လည် ထူထောင်ရေးတွေကို အားသွန် ခွန်စိုက် ကြိုးပမ်းသူ ဖြစ်တာကြောင့် ရွာသားတွေက ကိုတင့်မျိုး ဖြစ်စေချင်တာကို ၀ိုင်းဝန်း ကူညီ လုပ်ဆောင်ပေးကြတယ် လို့လည်း ရွာသားတွေက ပြောကြတယ်။

ကိုတင့်မျိုးဟာ မုန်တိုင်းကြောင့် ပြိုပျက်သွားတဲ့ သူ့နေအိမ်ကို ချက်ချင်း မပြင်နိုင်သေးဘဲ ညီအစ်ကို မောင်နှမတွေနဲ့ ထားခဲ့ပြီး ကျေးရွာလူထု စားဝတ် နေရေး အတွက် မြို့ပေါ်တက်ပြီး အကူအညီတွေ တောင်းပေးခဲ့တယ်။ လယ်သမားတွေ လယ်လုပ်ငန်း အချိန်မီလုပ်ကိုင်နိုင်အောင် အကူအညီတွေရအောင် လုပ်ပေးခဲ့ပေမယ့် သူကိုယ်ပိုင် လယ်တွေ ထွန်ယက် စိုက်ပျိုးဖို့တော့ အချိန် နောက်ကျခဲ့ရတယ်။

“ကိုတင့်မျိုးက ရပ်ရွာလူကြီး ဆိုပေမယ့် ရပ်ရွာကို အနိုင်မကျင့်ဘူး။ တစ်အိမ်တစ်ယောက် လုပ်ရမယ်လို့ ဝေစုခွဲထားတဲ့ အလုပ်တွေဆိုရင် သူကိုယ်တိုင် ခါးတောင်းကြိုက်ပြီး ဆင်းလုပ်တာ။ ကျွန်တော်တို့က ကြည့်မကောင်းလို့ သူ့ကို မလုပ်ဖို့ တားရတယ်။ ရွာထဲမှာကျန်တဲ့လူကြီးတွေထက် သူ့ကို လူတွေက ပိုပြီး ယုံကြည် အားကိုးကြတယ်” လို့ ကိုတင့်မျိုးရဲ့ မခိုမကပ်တဲ့ စိတ်ဓာတ်အကြောင်းကို ရွာသားတစ်ဦးက ပြောပြတယ်။

ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက ကိုတင့်မျိုးတို့ရွာဟာ ခမောက် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)ကို မဲပေးခဲ့တဲ့ရွာဖြစ်ခဲ့ပါတယ်။ ကိုတင့်မျိုးကတော့ အဲဒီအချိန်မှာ ခမောက်လည်းမဟုတ် စပါးနှံ(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) လည်း မဟုတ်ခဲ့ပါဘူး တဲ့။

“အဲဒီတုန်းက ကျွန်တော်က စပါးနှံလည်း မဟုတ်ဘူး၊ ခမောက်လည်း မဟုတ်ဘူး။ ချိန်ခွင်။ ဘာလို့လဲ ဆိုတော့ ချိန်ခွင်တံဆိပ်လေးကို ကြိုက်လို့။ ဒီမှာ ချိန်ခွင်က အယောက် အစိတ်လောက်ပဲ ရတယ်။ အပြတ်အသတ်ကို ရှုံးတာ။ ဒီရွာက ခမောက်ရွာ” လို့ ကိုတင့်မျိုး သူကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို ပြန်ပြောပြတယ်။

၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရဟာ မြန်မာနိုင်ငံကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာတော့ စစ်အစိုးရသက်တမ်း တစ်လျှောက် ပထမဆုံး ပါတီစုံရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။
အဲသည့်ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ပါတီဖြစ်တဲ့ စပါးနှံပါတီ (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ)ဟာ လွှတ်တော်အမတ်နေရာ ၄၉၂ ခုမှာ ၁၀ နေရာသာ ရရှိခဲ့ပြီး ခမောက်ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)ဟာ လွှတ်တော်အမတ်နေရာ ၃၉၂ နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ သို့ပေမယ့် စစ်အစိုးရက ခမောက်ပါတီကို အစိုးရဖွဲ့ခွင့်နဲ့ တိုင်းပြည်အုပ်ချုပ်ခွင့် မပြုခဲ့တဲ့အပြင် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အကြိမ်ကြိမ် ချထားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကိုတင့်မျိုးဟာ သူ ကြိုက်နှစ်သက်ရာပါတီကို မဲပေးခွင့်ရခဲ့ပေမယ့် ၂၀၁၀ မှာ ကျင်းပပြုလုပ်မယ်လို့ စစ်အစိုးရက ကတိပြုထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးအသင်းက အသွင်ပြောင်းဖွဲ့စည်းမယ့် နိုင်ငံရေးပါတီကို ပါတီဝင်ငါးဆယ် ရာခိုင်နှုန်း ရအောင် လုပ်ပေးရမယ်လို့ မြို့နယ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကတော့ ကိုတင့်မျိုးကို အကြီးအကျယ် အကြပ်တွေ့စေတယ်လို့ ဆိုပါတယ်။

“ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ပါတီဝင် ငါးဆယ် ရာခိုင်နှုန်း ရအောင် လုပ်ပါတဲ့… စက်တင်ဘာ အရေးအခင်းတုန်းက ဘုန်းကြီးတွေ အသတ်ခံရတယ်။ ဒီပဲယင်းအရေးအခင်း လူတွေကသိကြတယ်။ ကြံ့ခိုင်ရေးကို လူတွေက မုန်းနေကြပြီ။ နာဂစ်ဖြစ်တဲ့အခါကျတော့ ကြံ့ခိုင်ရေးကနေ ရေတောင် လာလှူတာ မရှိခဲ့ဘူး” လို့ ကိုတင့်မျိုးရဲ့က သူ့အမြင်ကို ပြောပြတာပါ။

ဖန်တီးထားတဲ့ ရန်သူနဲ့ ခြိမ်းခြောက်
ကြံ့ခိုင်ရေးကို ပါတီဝင်ငါးဆယ်ရာခိုင်နှုန်း ရအောင်လုပ်ပေးရမယ့်ကိစ္စဟာ မလွယ်လောက်ဘူးလို့ မြို့နယ်အာဏာပိုင်တွေကို ကိုတင့်မျိုး ပြန်ပြောပြခဲ့ဖူးပါတယ်။ အဲဒီအခါ အာဏာပိုင်တွေက မြန်မာလူမျိုးကို မြန်မာလူမျိုးအုပ်ချုပ်တာ ခံမလား၊ တိုင်းတပါး စွက်ဖက်ပြီး အုပ်ချုပ်တာခံမလား ဆိုပြီး ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီမေးခွန်းဟာ အခြေခံဥပဒေကို မဖတ်ဖူးတဲ့ ကိုတင့်မျိုးလိုလူအတွက် နိုင်ငံခြားသားက ကိုယ့်ကိုအုပ်ချုပ်နေမယ့် ပုံရိပ်ကို တွေးမြင်စေပြီး အစိုးရအလိုကျ သိမ်းသွင်းနိုင်တဲ့ အထိရောက်ဆုံးမေးခွန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမေးခွန်း အမေးခံရပြီးနောက်မှာ ကိုတင့်မျိုးလည်း သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်ပေးရမလားလို့ တွေဝေစိတ် ဖြစ်ပေါ်စေခဲ့ပါတော့တယ်။

လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲအပိုင် ကျေးရွာတွေမှာလည်း ကြံ့ခိုင်ရေးနဲ့ အာဏာပိုင်တွေက မုန်တိုင်းသင့်ဒေသ ပြန်လည် ထူထောင်ရေး အတွက် အန်ဂျီအို အဖွဲ့အစည်းတွေက အကူအညီတွေ လာရောက်ပေးတဲ့အခါ အစည်းအဝေး ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံး သိမ်းသွင်းမှုတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ နှလုံးသားနဲ့ မဆုံးဖြတ်ဘဲ ဦးနှောက်နဲ့သာ ဆုံးဖြတ်ကြပါ။ လူရွေးမမှားဖို့ လိုပါတယ်။ နိုင်ငံတော်က မုန်တိုင်းသင့် ပြည်သူတွေကို ထောက်ပံ့မှုတွေ ပေးနေတာ ခင်ဗျားတို့အမြင်ပဲ မဟုတ်လား လို့ ကြံ့ခိုင်ရေး အတွင်းရေးမှူးက ရွာမှာ အစည်းအဝေး လုပ်တိုင်း ပြောတယ်” လို့ ပြင်စလူမြို့နယ်ခွဲ အတွင်း နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ရေလုပ်သားတစ်ဦးက ပြောပြတယ်။

မုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးကာလ တစ်လျှောက်လုံးမှာ အစိုးရက ထောက်ပံ့ လှူဒါန်းမှုထက် ပုဂ္ဂလိကနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက အပြတ်အသတ် များပြားစွာ ကူညီ ထောက်ပံ့ခဲ့ကြတာ တွေ့ရတယ်။ မုန်တိုင်းပြီးပြီးချင်း ကယ်ဆယ်ရေး ကာလမှာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဗလီ စတဲ့ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကသာ အထိရောက်ဆုံး ကူညီခဲ့ကြတာ တွေ့ရတယ်။

ကျေးရွာဖွံ့ဖြိုးရေးနဲ့ ကြံ့ဖွံ့ထောက်ခံရေးကို တွဲစပ်ထားခြင်း
နာဂစ်အပြီးမှာ ပုဂ္ဂလိကအလှူရှင်အဖွဲ့တစ်ဖွဲ့ရဲ့လှူဒါန်းမှုကြောင့် ကိုတင့်မျိုးတို့ရွာမှာ ကျေးလက် ကျန်းမာရေးဆေးပေးခန်း အဆောက်အဦနဲ့ စာသင် ကျောင်းဆောင် အဆောက်အဦ ကောင်းကောင်း ရှိနေပါပြီ။ တိုက်နယ်ကျန်းမာရေး ဆေးပေးခန်းနဲ့ အထက်တန်းကျောင်း ဖြစ်ဖို့ကို မြို့နယ်အဆင့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအထိ စာရင်းတွေ ပို့ပြီးပါပြီ။

အလယ်တန်း(ခွဲ)ကျောင်းသာရှိတဲ့ ကိုတင့်မျိုးနေထိုင်တဲ့ရွာမှာ အထက်တန်း ကျောင်းသားတွေဟာ မနက် လေးနာရီလောက်ကတည်းက တခြားရွာကို စက်လှေနဲ့ ကျောင်းသွားတက်ရတာကြောင့် အလယ်တန်း အောင်ပြီးတာနဲ့ အထက်တန်းကျောင်း ဆက်တက်နိုင်ဖို့ အတားအဆီးတစ်ခု ဖြစ်ပါတယ်။

“ကျွန်တော်က ကျောင်းလည်း သေချာမတက်ခဲ့ရဘူး။ ဘွဲ့လည်းမရခဲ့ဘူး။ ရွာက ကလေးတွေကို ကျွန်တော့်လို မဖြစ်စေချင်ဘူး။ ဒါကြောင့် ကျားကုတ်ကျားခဲနဲ့ ကျောင်းဖြစ်မြောက်ဖို့ မာန်မာန်မဲမဲကြားထဲကနေ ပေပြီးလုပ်နေတာ´ လို့ ကိုတင့်မျိုးက ပြောတယ်။

သူကဆက်ပြီးပြောတယ် …
“ရအောင် လုပ်တာလည်း ကျွန်တော့်လက်ထဲမှာ ရှိတယ်၊ မရအောင် လုပ်တာလည်း ကျွန်တော့်လက်ထဲမှာ ရှိတယ်။ တစ်ခုခုဖြစ်လို့ အဲဒါတွေ ဖြစ်မလာဘူး ဆိုရင် ကျွန်တော်တို့ ရင်းခဲ့ရတဲ့ အရင်အနှီးတွေ ဆုံးမှာ သေချာတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့်ကို အပြစ်မပြောစေချင်ဘူး´

စစ်အစိုးရက ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာ လွဲမပေးခဲ့တာကိုရော ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုတဲ့ အခါမှာလည်း ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ရရှိခဲ့တာ မဟုတ်ဘူး ဆိုတာကို သိပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အာဏာပိုင်တွေ အလိုကျ မလုပ်ပေးနိုင်ခဲ့ရင် ရပ်ရွာ ကောင်းစားဖို့လမ်း သိပ်မမြင်ဘူးဆိုတဲ့ မြို့နယ်အာဏာပိုင်တွေရဲ့ စကားကြောင့် ကိုတင့်မျိုး အမှားအမှန်ကို မဝေခွဲနိုင်ဖြစ်နေရတယ်။

ကိုတင့်မျိုးဟာ နိုင်ငံရေး ဆိုတာကို သေသေချာချာ နားလည်သူတစ်ယောက် မဟုတ်ပါဘူး။ သူနေထိုင်တဲ့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်သူတစ်ဦးသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ကိုတင့်မျိုးရဲ့ လက်ထဲမှာရှိတာ မဟုတ်ပေမယ့် သူ့လို ရပ်ရွာကောင်းစားလိုသူ သူ့လုပ်ရပ်ဟာ ရွာအကျိုးရှိဖို့သာပဲ ဆိုပြီး ရိုးသားစွာ ယုံကြည်နေသူ အများကြီးရဲ့ လက်ထဲမှာတော့ ရှိနေမှာပါ။

(ဓာတ်ပုံ - နာဂစ်ဖြစ်ပြီး တလကျော် အကြာတွင် နိုင်ငံတကာ အန်ဂျီအိုများက ဖျာပုံမြို့နယ်ရှိ ကျေးရွာများသို့ ဆင်းပြီး အိမ်အသုံးအဆောင် ပစ္စည်းများ ဝေငှနေစဉ် - သမိန်ထောကျေးရွာ)

Comments