Zaw Aung (Washington DC) - Losing Zinn

သမိုင်းမှန်ရေးသူတယောက် ဆုံးရှုံးခြင်း
ဇော်အောင် (၀ါရှင်တန်ဒီစီ)
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံအကြောင်းကို သမိုင်းများမှ ကျနော်တို့ လေ့လာသိရှိနိုင်ကြတယ် မဟုတ်လား? အထူးသဖြင့် ကျောင်းသမိုင်းစာအုပ်များ နဲ့ ထိန်းချုပ် သတင်းမီဒီယာများမှာ ဖတ်ကြားသိရတဲ့ နိုင်ငံသမိုင်းတွေကတော့ အနိုင်ရသူ၊ အာဏာပိုင်ဆိုင်သူတွေက သူတို့အကြိုက် ကောင်းတာတွေ ပုံကြီးချဲ့ ရေးပြီး သမိုင်းအမှန်ကို ကွယ်ဝှက်ထားကြတာ များပါတယ်။ အစစအရာရာ ဖိနှိပ်ချုပ်ချယ် တားမြစ်ခြင်း ခံနေရတဲ့ ကျနော်တို့ နိုင်ငံမှာတော့ သမိုင်းအမှန် ရေးဖို့ကြိုးစားသူများရှိခဲ့ ရှိနေပေမယ့် ယနေ့အထိတော့ အုပ်စိုးအာဏာရှင်တို့က မိမိတို့သမိုင်းကလွဲလို့ တခြားသမိုင်းမှန် ဖြစ်ရပ်များကို ရေးသားခွင့်၊ ပြည်သူများ ဖတ်ခွင့် ထိန်းချုပ်ထားဆဲ။
တိုးတက်လွတ်လပ်တဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း စာပေလွတ်လပ်ခွင့်ရှိလို့ သမိုင်းအမှန်ရေးသူများရှိနေပေမယ့် သူတို့ကို လူသိနည်း၊ အဓိက မီဒီယာသတင်းဌာနများ (CNN, NBC, CBS, ABC) မှာ ဖော်ပြခြင်း၊ ဆွေးနွေးမေးမြန်းခြင်းများ မရှိသလောက် ရှိနေသေးတာကို တွေ့ရတယ်။ ဒါပေမဲ့ သူတို့ ရေးသားတဲ့ စာများ၊ ပြောဆိုချက်များကိုတော့ လွတ်လွတ်လပ်လပ် ဖတ်ရှု့ လေ့လာနိုင်လို့ သူတို့ရဲ့  စာများကို ကျနော်တို့ လေ့လာမှတ်သားနိုင်တယ်။ နိုင်ငံရေးသမိုင်း စိတ်ဝင်စားတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် အမေရိကန်ရောက်နေသူများ၊ အမေရိကန်သမိုင်း၊ နိုင်ငံရေး စိတ်ဝင်စားသူများအနေနဲ့ အမေရိကန်သမိုင်းကို အာဏာရအစိုးရ အုပ်ချုပ်သူများ အကြိုက်၊ အနိုင်ရသူများဘက်က မရေးဘဲ ပြည်သူ့ရှုထောင့်၊ ဖိနှိပ်ခံရသူများဘက်ကနေ  မခြွင်းမချန် သမိုင်းအမှန်ရေးတဲ့ ပါမောက္ခ ဟာဝက်ဇင် (Howard Zinn) ရေးသားခဲ့တဲ့ သမိုင်းမှတ်တမ်း စာအုပ်၊ ဆောင်းပါးများကို ဖတ်ရှု့ လေ့လာကြည့်ဖို့ တိုက်တွန်းပါတယ်။
ကျနော်ကိုယ်တိုင်လည်း ၁၉၉၆ ခုနှစ် အင်ဒီးယားနားတက္ကသိုလ်မှာ ကျောင်းတက်နေစဉ်ကာလ ဆရာတယောက် မိတ်ဆက်ပေးမှုကြောင့် ပါမောက္ခ ဟာဝက်ဇင် ရေးသားတဲ့ စာတချို့ ကို ဖတ်ရပြီး သူ့အကြောင်းကို သိခဲ့၊ သူရေးတဲ့စာများကို နှစ်ခြိုက်ခဲ့တယ်။ လူဘ၀ သက်တမ်းအရ ပါမောက္ခ ဟာဝက်ဇင် အသက်ရှည်စွာ (၈၇) နှစ် အကျိုးရှိရှိ နေထိုင်သွားခဲ့ပေမယ့် ကျနော်အနေနဲ့ သူကို ဒီထက်မက အသက်ရှည် နေစေချင်ပြီး ပြည်သူလူထု သိသင့်တဲ့ သမိုင်းအမှန် ဖြစ်ရပ်မှန်များကို ဆက်လျှက်ရေးသား စေချင်ပါတယ်။ ပါမောက္ခ ဟာဝက်ဇင် ဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး အလွန်လေးစားဖို့ကောင်းတဲ့ သမိုင်းကို နိုင်သူချီးမွမ်းခန်းဖွင့် မရေးဘဲ ဖိနှိပ်ခံပြည်သူများကိုယ်စား အဖြစ်မှန်၊ အမှန်အတိုင်း ရေးသူ သမိုင်းသုတေသီ တဦးဖြစ်ပါတယ်။
ပါမောက္ခ ဟာဝက်ဇင် ကို ၁၉၂၂ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့မှာ နယူးရော့ခ် (New York) ပြည်နယ်၊ ဘရွတ်ကလင် (Brooklyn) မြို့ မှာ ဆင်းရဲတဲ့ စက်ရုံအလုပ်သမား ဂျူးမိဘနှစ်ပါးမှ မွေးဖွားခဲ့ပါတယ်။ ဆင်းရဲတဲ့ အလုပ်သမား အောက်ခြေလူတန်းစားဘ၀ကို ငယ်စဉ်ကတည်းက တွေ့မြင်ခဲ့ရလို၊ ကိုယ်တိုင်လည်း သင်္ဘောကျင်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တာကြောင့် အခြေခံလူတန်းစားများဘ၀၊ အရင်းရှင်စနစ် မတရားမှုများ နဲ့ အုပ်ချုပ်အစိုးရများရဲ့  တရားဥပဒေမဲ့ လုပ်ကိုင်မှုများကို အခြေခံ အလုပ်သမားလူတန်းစား၊ ကျောင်းသားများနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်လာခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ အမေရိကန်လေတပ်ထဲ ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး လေသူရဲအဖြစ် ဂျာမန်နာဇီ ရှေ့ တန်းစစ်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့တယ်။ နောက်ပိုင်း စစ်ပွဲများရဲ့  ဆိုးကျိုး၊ စစ်ပွဲများမှာ အပြစ်မဲ့ပြည်သူများ သေကြေဆုံးရှုံးမှုများကို ကိုယ်တွေ့မြင်ခဲ့ပြီးနောက် စစ်ဆန့်ကျင်ရေးသမား ဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်မှုထမ်းဟောင်း ထောက်ပံ့ကြေး (G.I Bill) ဖြင့် ကျောင်းပြန်တက်ပြီး နယူးရော့ခ် တက္ကသိုလ် (New York University) မှ သမိုင်းဝိဇ္ဇာဘွဲ့ကို ၁၉၅၁ ခုနှစ်မှာ ရရှိခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ နဲ့ ပါရဂူ ဒေါက်တာဘွဲ့တို့ကို ၁၉၅၂ ခုနှစ် နဲ့ ၁၉၅၈ ခုနှစ်တို့မှာ ကိုလံဘီယာ တက္ကသိုလ် (Columbia University) တို့မှ ရရှိခဲ့တယ်။ ဘွဲ့ရပြီးနောက် ဂျော်ဂျီယာ (Georgia) ပြည်နယ် အက်လန်တာ (Atlanta) မြို့ ရှိ ပထမဦးဆုံး လူမဲအမျိုးသမီး ကောလိပ် ဆပယ်မန် (Spelman College) မှာ (၇) နှစ် နဲ့ ဘောစတွန်းတက္ကသိုလ် (Boston University) တို့မှာ သမိုင်း နဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့တယ်။
၁၉၆၀ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ခေါ် ပြည်သူများရပိုင်ခွင့် (Civil Rights) လှုပ်ရှားမှုများ၊ ဗီယမ်နမ်စစ် ဆန့်ကျင်ရေး၊ အလုပ်သမားအခွင့်အရေးတိုက်ပွဲများ နဲ့ အာဏာဖိဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှုများမှာ ရှေ့ တန်းမှ ပါဝင်လှုပ်ရှားခဲ့တယ်။ အမေရိကန်တောင်ပိုင်းဒေသ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အကြမ်းမဖက် လှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ရေး ကျောင်းသားများကော်မတီ (Student Nonviolent Coordinating Committee) အကြံပေးအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ကျောင်းသားလူငယ်များကို အကြမ်းမဖက် ငြိမ်းချမ်းစွာ အာဏာဖိဆန်ရေး လှုပ်ရှားမှုများဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချခဲ့တယ်။ ဒီလို ကျောင်းသား လူငယ်များဘက်က ရပ်တည်ပြီး အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဆပယ်မန်ကောလိပ် အာဏာပိုင်များက သူကို ကျောင်းမှထုတ်ပယ်လိုက်တယ်။ စစ်ရဲများရဲ့  ရိုက်နှက်မှု၊ အကျဉ်းကျ ထောင်ချခြင်းများလည်း ခံခဲ့ရတယ်။ နောက်ပိုင်း ဘောစတွန်းတက္ကသိုလ်မှာ ပြည်သူများ လွတ်လပ်မှု နဲ့ ရပိုင်ခွင့် ဘာသာရပ်ကို သင်ကြားစဉ် ကျောင်းသားပေါင်း လေးငါးရာ သူ့အတန်းကို တက်ရောက်သင်ကြားခဲ့တယ်။
ဘောစတွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှာ (၂၆) နှစ်ကြာ နိုင်ငံရေးသမိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အငြိမ်းစားယူခဲ့တယ်။ သူရဲ့  နိုင်ငံရေးသမိုင်း သင်ကြားမှုနဲ့ ပတ်သက်ပြီး သူပြောဆိုခဲ့တာက “ကျောင်းသားတွေက ဆရာပြောသမျှ၊ စာအုပ်ထဲက အကြောင်းအရာ အချက်အလက်တွေကို သဘောတူ ရေငုံနှုတ်ပိတ် မနေဘဲ ဒီမိုကရေစီရဲ့  အဓိကအနှစ်သာရဖြစ်တဲ့ မိမိယုံကြည်ချက်ကို ပြောဆိုနိုင်ဖို့၊ ဖွင့်ပြောရဲဖို့၊ မတရားတာကို ဆန့်ကျင်လုပ်ကိုင်ဖို့တွေကို အဓိက သင်ကြားပေးကြောင်း” ဆိုတယ် (မြန်မာနိုင်ငံ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကလည်း ‘မအအောင် သမိုင်းသင်တာ’ လို့ ပြောခဲ့ဘူးတယ်)။
ဘောစတွန်းတက္ကသိုလ်မှာ စာသင်နေချိန်မှာ အမေရိကန်အစိုးရ ၀င်ရောက်စွက်ဖက်ခဲ့တဲ့ ဗီယက်နမ်စစ်ကို ရှေ့ တန်းပါဝင် ဆန်ကျင်ရှုတ်ချခဲ့ပြီး အမေရိကန်တပ်များ ချက်ချင်းပြန်ရုတ်သိမ်းရန် တိုက်တွန်းထားတဲ့ စာအုပ်တအုပ် (Vietnam: The Logic of Withdrawal) ရေးသားထုတ်ဝေခဲ့တယ်။ ၁၉၆၈ ခုနှစ်မှာ အစိုးရကိုယ်စားလှယ်တဦးနဲ့အတူ ဗီယက်နမ်ကို သွားရောက်ခဲ့ပြီး အကျဉ်းကျခံနေရတဲ့ အမေရိကန်စစ်သား (၃) ယောက် လွတ်မြောက်ရေးကို လုပ်ဆောင်နိုင်ခဲ့တယ်။ ဗီယက်နမ် စစ်ဆန့်ကျင်ရေးမှ နောက်ဆုံးအချိန်အထိ အမေရိကန်အစိုးရ ပါဝင်စွက်ဖက်ခဲ့တဲ့ အီရတ်၊ အာဖဂန် စစ်ရေးတိုက်ခိုက်မှုများကို ဆန့်ကျင်ရေးသား ပြောဆိုခဲ့တယ်။ အခြေခံလူတန်းစားများအရေး၊ အလုပ်သမားအရေး၊ စစ်ဆန့်ကျင်ရေး နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံရေးသမိုင်းစာအုပ်ပေါင်း (၂၀) ကျော် နဲ့ စာတမ်းပေါင်း ထောင်ကျော် ကို ရေးသားထုတ်ဝေခဲ့ပြီး အစိုးရအာဏာပိုင်များရဲ့  မတရားတဲ့အမိန့် ဖီဆန်ကြဖို့၊ ဖိနှိပ်ခံ လူတန်းစားများဘက်က ရပ်တည်ကြဖို့ နောက်ဆုံးရက်အထိ နယ်လည်ဟောပြော လုပ်ကိုင်ခဲ့တယ်။
ဒီလို ရေးသားဟောပြောနေရင် ကယ်လီဖိုးနီးယား (California) ပြည်နယ်၊ ဆန်တာ မော်နီကာ (Santa Monica) မြို့  မှာ စာပေဟောပြောပွဲ ခရီးသွားလာနေတုန်း ရုတ်တရက် နှလုံးရောဂါနဲ့ ဇန်န၀ါရီလ (၂၇)၊ ၂၀၁၀ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကို လေးစားချစ်ခင်ကြသူတွေက အမေရိကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့ ပြောကြတယ်။ မလွန်ဆန်နိုင်တဲ့ တရားကြောင့် သမိုင်းကို အမှန်တရားရှေ့ တန်းတင် ပြည်သူလူထုအတွက် ရေးသူ၊ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးသမား၊ ကျောင်းဆရာ၊ စာရေးဆရာကြီး ဟာဝက်ဇင် ငြိမ်းချမ်းနယ်မြေသို့ ထွက်ခွါသွားလေပြီ။
နောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံရေးသမိုင်း လေ့လာချင်သူများ သူရေးသားခဲ့တဲ့ စာအုပ်များထဲမှ A People’s History of the United States ကို ဖတ်မှတ်လေ့လာကြည့်ရန် တိုက်တွန်းလိုက်ပါတယ်။
ဇန်န၀ါရီ ၂၈၊ ၂၀၁၀

Comments