၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် ဘားမားဗီဂျေ ပါဝင်
ကိုးကား - အေပီသတင်း
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
၂၀၀၉ ခုနှစ်အတွက် ကျင်းပမည့် ၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် နောက်ဆုံးဇကာတင်သူများ (ဆုစာရင်းတင်သွင်းခံရသူများ၊ ဇာတ်ကားများ) တွင် မြန်မာပြည် ၂၀၀၇ သံဃာ့အရေးတော်ပုံအကြောင်း မှတ်တမ်းတင်ရုပ်ရှင် “ဘားမားဗီဂျေ” က မှတ်တမ်းတင်ရုပ်ရှင်ကား အမျိုးအစား အော်စကာဇကာတင် ၅ ငါးတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်း ခံထားရသည်။
အခြားဇကာတင် ၄ကားမှာ - The Cove - ဂျပန်နိုင်ငံအခြေပြု တိရစ္ဆာန်ညှင်းပန်းမှုများ မှတ်တမ်းတင်ကား၊ Food Inc - အမေရိကန်အခြေပြု စားသောက်ကုန်ကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ်မှု မှတ်တမ်းတင်ကား၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers - အမေရိကန်အခြေပြု၊ သမ္မတနစ်ဆင်လက်ထက် ပင်တဂွန်စစ်ဌာချုပ်နှင့် ဗီယက်နမ်စစ်ပွဲ အရှုပ်တော်ပုံ မှတ်တမ်းတင်ကား၊ နှင့် Which Way Home - မက္ကစီကိုနှင့် အမေရိကန်အခြေပြု မက္ကစီကန်ကလေးငယ်တို့ အမေရိကန်ပြည်တွင်းသို့ ပြောင်းရွှေ့အခြေချရန် ကြိုးစားကြပုံ မှတ်တမ်းတင်ကား တို့ ဖြစ်ကြသည်။
မိုးမခစာဖတ်သူတဦးအဆိုအရ - ၂၁ ရာစုရဲ့ အထူးခြားဆုံး၊ လူမဆန်ဆုံး၊ အာဏာရှင်နိုင်ငံတခုရဲ့ ဖိနှိပ်ညှင်းပန်းမှုကို ဖွဲ့ဆိုမှတ်တမ်းတင်တဲ့ ဘားမားဗီဂျေ ဇာတ်ကားသာလျင် ယခုနှစ် အော်စကာဆု ရသင့်ပါတယ် လို့ ပြောသွားပါတယ်။ ကျန်တဲ့ကားတွေကတော့ အားလုံးသိကြတဲ့ ၂၀ ရာစုနှစ်ကတည်းက မှတ်တမ်းတွေ ဖြစ်လို့ပါ။ ဘားမားဗီဂျေကတော့ ၂၁ ရာစုနှစ်အတွက် မြန်မာပြည်စစ်အစိုးရအတွက် ထင်ရှားတဲ့ သမိုင်းအမည်းစက်ကြီး ဖြစ်ပါတယ် လို့ ဆိုလိုက်ပါတယ်။
Comments