လမ်း ၃၀ တိုက်ပြိုကျမှုကြောင့် အန္တရာယ်ရှိ အဆောက်အအုံတွင် နေသူများကို
အမြန်ဆင်းခိုင်း
မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၂၁၊ ၂၀၁၀
အမြန်ဆင်းခိုင်း
မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၂၁၊ ၂၀၁၀
လမ်း ၃၀ တိုက်ပြိုစဉ်က ကယ်ဆယ် ရှင်းလင်းရေး လုပ်နေပုံ မြင်ကွင်း (ဓာတ်ပုံ - မိုးမခ)
ပြီးခဲ့သည့် သီတင်းပတ် တနင်္ဂနွေညနေက လမ်း ၃၀နှင့် ကုန်သည်လမ်းထောင့်မှ ၃ထပ်တိုက် ရုတ်တရက် ပြိုကျခဲ့သည့် အဖြစ်အပျက်ကြောင့် ရန်ကုန်မြို့မှ အန္တရာယ်ရှိ အဆောက်အအုံတချို့တွင် နေထိုင်သူများသည် ယခုရက်ပိုင်း အတွင်း အလျင်အမြန် ဖယ်ရှားပေးနေရသည်ကို တွေ့နေရသည်။
ပုဇွန်တောင် မြို့နယ် လမ်း ၅၀ နှင့် ၄၉လမ်းကြား အနော်ရထာ လမ်းမကြီးပေါ်ရှိ အိုးအိမ်ဦးစီးပိုင် ၄ ထပ်တိုက်တွင် နေထိုင်၊ အလုပ် လုပ်ကိုင်နေသူ အားလုံးသည် ယနေ့ ညနေ ၆နာရီ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရန် ဆင့်ဆိုခံရသဖြင့် အလျင်စလို ပြောင်းရွှေ့နေကြရသည်ဟု ထိုတိုက်တွင် နေထိုင်သူ တဦးက မိုးမခသို့ ပြောကြားသည်။
ပြောင်းရွှေ့ရန် အချိန် ၃ရက် ပေးခဲ့ပြီး ယနေ့ညနေကို နောက်ဆုံးထားကာ ဆင်းပေးရန် သက်ဆိုင်ရာမှ အသိပေးနို့တစ် စာထုတ်ထားခဲ့သဖြင့် ယနေ့ တနင်္ဂနွေနေ့တွင် ပရိဘောဂများ သယ်ယူခြင်း၊ အိမ်အခန်းများ ဖြုတ်ခြင်း၊ ရေပိုက်၊ ရေတင်သည့် မော်တာ အစရှိသည့် ပစ္စည်းများ ဖြုတ်သိမ်း ပြောင်းရွှေ့သူများဖြင့် ရှုပ်ထွေး စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို ၄ထပ်တိုက် အဆောက်အအုံရှိ အခန်း ၁၀ ခန်း တွဲ စုစုပေါင်း အခန်း ၄၀ တွင် နေထိုင်သူများသည် အခန်း ရှာဖွေ ငှားရမ်းရန် အချိန် လုံလောက်စွာ မရကြ ဟုလည်း ပြောဆိုသည်။
“အခန်းတော့ ရှာလို့မရသေးဘူး၊ တောင်ဒဂုံက အမျိုးအိမ်ကို လောလောဆယ် ရွှေ့ရတော့မှာပဲ။ လာရတာ ဝေးသွားတော့ ကားခ ပိုကုန်မယ်၊ အချိန် ပိုကုန်မယ်” မိသားစု တစုက ဟု မိုးမခသို့ ပြောဆိုသည်။ အဆိုပါ ဆယ်ခန်းတွဲတိုက်၏ မြေညီထပ် အခန်းတွင်းရှိ အုတ်တိုင်တွင် ကြီးမားသည့် အက်ကြောင်း ၂ကြောင်း ဒေါင်လိုက် ပေါ်လျက်ရှိသည်ကို တွေ့ရပြီး အပေါ်ထပ် လူနေခန်းများ၏ ၀ရန်တာများတွင်လည်း အက်ကြောင်း အများအပြားကို မြင်နေရသည်။
လွန်ခဲ့သည့် သီတင်းပတ်ကုန်က လမ်း ၃၀ နှင့် ကုန်သည်လမ်း ထောင့်ရှိ သုံးထပ်တိုက် ပြိုကျမှုကြောင့် ၂ဦး သေဆုံးပြီး အနီးအနားမှ ဖြတ်သွားသူနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင် စုစုပေါင်း ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် အန္တရာယ်ရှိ အဆောက်အဦဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ဌာနက သတ်မှတ်ထားသည့် အဆောက်အအုံများတွင် နေထိုင်သူတို့ လျင်မြန်စွာ ပြောင်းရွှေ့ ဖယ်ရှားပေးနေရခြင်း ဖြစ်သည်။
တိုက်များ ဟောင်းအိုကာ ဘိလပ်မြေ ပါဝါကုန်နေသောကြောင့် အနည်းနှင့်အများ အန္တရာယ် ရှိသည်ကို သိကြသော်လည်း ငွေလုံလောက်စွာ မရှိခြင်း၊ အဆောက်အအုံ ပြန်လည် ဆောက်လုပ်သည့် ကာလတွင် ငှားရမ်း နေထိုင်ရမည့် နေရာမှာ စီးပွားရေး လုပ်ငန်းကိုင်ငန်းနှင့် အလှမ်းကွာခြင်း တို့ကြောင့် နေ၍ရသရွေ့ ဆက်လက် နေထိုင်ကြခြင်း ဖြစ်သည်ဟု ထိုတိုက်များတွင် နေထိုင်သူတို့က ပြောပြသည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံဟု သတ်မှတ်ထားသည့် တိုက်ပေါင်း ၅၆ လုံး ရှိပြီး ထိုတိုက်များတွင် မိသားစုပေါင်း ၄ ထောင်ကျော် နေထိုင်လျက်ရှိကြသည်ဟု မြို့တော်စည်ပင် အင်ဂျင်နီယာ ဌာနမှ အရာရှိတဦးက ပြောသည်။
ထိုတိုက်ီများမှာ ရန်ကုန်မြို့လယ် မြို့နယ်များတွင် တည်ရှိပြီး အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်သည့် ကာလ ပထမကမ္ဘာစစ် မဖြစ်မီနှင့် ထိုစစ်ပြီးခေတ် ၀န်းကျင်တွင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း အတိုင်းအတာတခုအထိ ဖြိုဖျက်ကာ အထပ်မြင့် လူနေတိုက်ခန်းများအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။ သို့သော်လည်း တိုက်အရေအတွက် ထောင်နှင့်ချီ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။
ရန်ကုန်မြို့သည် ကိုလိုနီခေတ်လက်ရာ အများဆုံးကျန်ရှိနေသေးသည့် အရှေ့တောင်အာရှ မြို့ကြီးတမြို့ ဖြစ်ပြီး နိုင်ငံခြားသား အလည်အပတ် လာသူများက အဆိုပါ ရှေးလက်ရာ အဆောက်အအုံများကို အထူးအဆန်းသဖွယ် ဓာတ်ပုံရိုက်ယူသွားကြသည်ကိုလည်း မကြာခဏ မြင်တွေ့နေရသည်။

Comments