Tavoy Deep Sea Post construction begins

ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး စတင်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၇၊ ၂၀၁၀
ထားဝယ်မြို့ အထက်ဘက်နားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်း တခု တည်ဆောက်ပြီး  ကုန်စည်များကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့သို့ သယ်ယူနိုင်မည့် လမ်းနှင့် ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းများ မကြာမီသီတင်းပတ်က စတင်လျက်ရှိသည်ဟု အဆိုပါ ဆောက်လုပ်သည့်နေရာသို့ ရောက်ရှိခဲ့သူတဦးက မိုးမခသို့ပြောကြားသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့သူအဆိုပါ ပုဂ္ဂိုလ်က 
“မောင်းမကန် ကမ်းခြေ အထက်ဘက် နဘူးလည် ကျေးရွာအုပ်စုမှာ ၇မိုင်ပတ်လည် ကျေးရွာတွေ ရွှေ့ပြောင်းခိုင်းနေပြီ၊ ထိုင်းဘက်က ဆောက်လုပ်ရေး ယန္တရားတွေလည်း ရောက်နေပြီ၊ ထိုင်းဘက်က ၀န်ထမ်းတွေလည်းပါလာတယ်။ နောက် ထားဝယ်မြို့နဲ့ အနီးက ရွာသားတွေပါ လုပ်သားအဖြစ် ခေါ်တယ်လို့ ပြောတယ်။ အလုပ်သမားတယောက်ကို တရက် ဘတ် ၁၀၀ (ကျပ်၂၉၀၀ ခန့်) ပေးတယ်လို့ပြောတယ်။ အဲဒီကနေ ထိုင်းဘက်ဆီ ဖေါက်မယ့် လမ်း ကြောင်းအမှတ် အသားတွေ၊ တံတားဆောက်မယ့် နေရာအမှတ်အသား ဆိုင်းဘုတ်တွေတွေ့ခဲ့တယ်” ဟု မိုးမခသို့ပြောသည်။
ထိုသို့ ဆောက်လုပ်ရေး ဆိပ်ကမ်းဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရာနှင့် မလွတ်ကင်းသည့်  ကျေးရွာများအား  ပြောင်းရွှေ့ခိုင်းရာတွင် ကုန်ကျစရိတ်နှင့် အသက်မွေးဝမ်းကျောင်းမှု နေရာဆုံးရှုံးသည့် အတွက်လျော်ကြေးပေးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။
ထားဝယ် ရေနက်ဆိပ်ကမ်း ဖောက်လုပ်ရန် စီမံကိန်းကို ၂၀၀၅ခုနှစ်များကတည်းက စတင် လေ့လာခဲ့ပြီး ၂၀၀၈ခုနှစ် မေလ မြန်မာနိုင်ငံနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Noppadon Pattama တို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ထိုကာလမှာ မြန်မာနိုင်ငံတွင် လူသိန်းနှင့် ချီသေဆုံးစေခဲ့သည့် ဆိုင်ကလုန်း နာဂစ် တိုက်ခတ်ပြီး သီတင်း ပတ် အနည်းငယ်အကြာဖြစ်သည်။ ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်ပြီးစီးသွားပါက ထိုင်းနိုင်ငံသာမက တရုတ်၊ ဗီယက်နမ်နှင့် လောနိုင်ငံတို့ပါ ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ထားဝယ်ရေနက်ဆိပ်ကမ်းမှ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ အချိန်တိုတို၊ ကုန်ကျစရိတ် သက်သာစွာ သယ်ဆောင်နိုင်မည် ဖြစ်သည်။
ထားဝယ် မြို့အနီး မှ ထိုင်းနိုင်ငံကန်ချနဘူရီ မြို့သို့ ကီလိုမီတာ ၁၃၉ ရှည်သည့် လမ်းဖောက်လုပ်ရန် တိုင်းတာချက်များအရ လျာထားပြီး ဘတ်ငွေ ၂ဘီလျံသုံးစွဲမည်ဟု ၂၀၀၈ ခုနှစ် မေလထုတ် သတင်းစာများတွင် ဖေါ်ပြထားချက်အရ သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် ကားလမ်းသာမက နှစ်လမ်းသွား ရထားလမ်းပါ ဖောက်လုပ်ရန် စိတ်ဝင်စားလျက် ရှိပြီးအရှေ့အလယ်ပိုင်းနှင့် ဥရောပမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား ထားဝယ်ရေနက်ဆိပ်ကမ်းမှ တဆင့်တရုတ်ပြည်သို့ သယ်ဆောင်ဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံကို ဖြတ်သန်းသယ်ဆောင်ခြင်းဖြင့် မလက္ကာကျွန်းဆွယ်ကို ပတ်ရမည့် အချိန် အနည်းဆုံး ၇ရက်ခန့် သက်သာမည် ဖြစ်ပြီး သယ်ပို့စရိတ် ၂၀% ခန့်သက်သာလိမ့်မည်ဟု ထိုင်းနိုင်ငံ၏ ပဏာမ တိုင်းတာမှု များအရ သိရှိရသည်။ ယခုဖောက်လုပ်မည့် လမ်း၏ မြောက်ဘက် တွင်တိုတယ်ရေနံ ကုမ္ပဏီမှ တနင်္သာရီ ကမ်းခြေနှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်ဖောက်လုပ် ထားသည့် လုပ်ငန်းသုံးကားလမ်း တည်ရှိပြီး ထိုကားလမ်းဖြင့် တနင်္သာရီ ကမ်းရိုးတန်းမှ နယ်စပ်သို့ ၄၅မိနစ်မျှသာ မောင်းရသည်ဟု အဆိုပါလမ်းအတိုင်း သွားဖူးသူ နယ်ခံတဦးက ပြောသည်။
(ဓာတ်ပုံ - ဂူးဂဲမြေပုံတွင် တွေ့ရသည့် မြန်မာ့ရေနက်ဆိပ်ကမ်းသစ်နေရာ)

Comments