၈ ကြိမ်မြောက် ကိုလိုရာဒို မြန်မာသင်္ကြန် ဧပြီ ၁၇ က စည်ကားစွာကျင်းပ
ကိုဦး
ဧပြီ ၁၉၊ ၂၀၁၀
၈ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများစုပေါင်းပြီး ဧပြီလ ၁၇ ရက် စနေနေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။
နေ့လည် ၁၁း၀၀ နာရီကနေ စတင်ကျင်းပတဲ့ အဲဒီပွဲမှာ ဧည့်ပရိတ်သတ် ၄၀၀ နီးပါး လာရောက်အားပေးခဲ့ကြပြီး တိုင်းရင်းသားရိုးရာ အဆို အကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေကြသလို Utah ပြည်နယ်၊ Salt Lake city က ခေတ်ပေါ်တေးဂီတအဖွဲ့ကလည်း လာရောက်အားဖြည့်သွားတာ တွေ့ရပါတယ်။
အဲဒီနောက် ‘ကော်လိုရာဒို သားစိုး’ တို့အဖွဲ့ကလည်း ရောသမမွှေသွားပြီး သင်္ကြန် အက၊ မောင်ရွှေရိုးအက၊ တပင်တိုင်အကတွေနဲ့ ဖျော်ဖြေသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် ကံစမ်းမဲဖောက်တဲ့ အစီအစဉ်တွေလည်းပါသလို ဆုချီးမြှင့်ဖို့ ပန်းကုံးတွေ ရောင်းချနေတာလည်း တွေ့မြင်ရခဲ့ရပြီး ညနေ ၆ နာရီခွဲလောက်မှာတော့ ကော်လိုရာဒို ပြည်နယ်ရဲ့သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးသွားတာကို တွေ့ခဲ့ရပါတယ်။
Comments