Ko Kyaw - The Friendly Things I don't know really


ကျနော်မသိတဲ့ အရင်းနှီးဆုံးများ
ကိုကျော်
ဧပြီ ၂၁ ရက်၊ ၂၀၁၀

လူတိုင်းစပ်စုချင်ကြတယ်လို့ ကျနော်ယူဆတယ်။ ဘယ်လိုအကြောင်းအရာမျိုးကို စပ်စုချင်ကြမယ်ဆိုတာပဲ ကွဲပြားမယ်ထင်တယ်။ ပြန်စဉ်းစားကြည့်ရင် မြန်မာပြည်မှာတုန်းက ကျနော်တို့ နေ့စဉ်သုံးစွဲခဲ့ အမြဲကြားဖူးတဲ့ ပစ္စည်းအကြောင်းအရာတွေ အများကြီးပဲ။ အဲဒီ အကြောင်းအရာပစ္စည်းတွေရဲ့ မူလပင်ရင်းက ဘယ်လိုစခဲ့တယ် ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အတိအကျသိသူ နည်းမယ်လို့ထင်ပါတယ်။

လွန်ခဲ့တဲ့ ၂၅-၃၀ နှစ်လောက်ကထင်တယ်၊ မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ခတ်ချိုရွာမှာ လူတယောက်မြေမျိုခံရတဲ့သတင်းက ဟိုးလေးတကျော်ဖြစ်ခဲ့တယ်။ မော်တော်နဲ့ကူးပြီး ခတ်ချိုမှာသွားကြည့်ကြဖို့ လူအုပ်တွေ နေ့တိုင်းအိမ်ရှေ့ကဖြတ်သွားကြတာ မှတ်မိသေးတယ်။ ကြည့်ပြီးပြန်လာကြတဲ့လူတွေကို မေးရင်းလည်း တကယ်ဟုတ်တယ်လို့ ပြောရုံတင်မက အခုဆို ခါးလောက်အထိ မြုပ်နေပြီ ဆိုဒါမျိုး၊ သူ့အနားသောက်ဖို့ ရေသွားထားရင်တောင် ရေကခမ်းသွားတယ်လို့ ပြောတာကတဖုံ သတင်းအမျိုးမျိုး ကြားနေရတယ်။

ကျနော်ကလည်း အလွန်သိချင် စပ်စုချင်ပေမဲ့ အရွယ်ငယ်သေးတော့ အိမ်ကမသွားခိုင်းဘူး။ အဲဒီတုန်းက ကင်မရာလဲမသုံး၊ ဗွီဒီယိုဖုန်းလဲမရှိ ဆိုတော့ ဓာတ်ပုံအထောက်အထားလဲ မမြင်ရ ကြားသာကြားရ ဖြစ်နေတယ်။ ကျနော့်ကို ပိုပြီးစပ်စုချင်အောင် နိုှးဆွပေးတာက တချို့ကြတော့ အဲဒီသတင်းက တကယ်မဟုတ်ဘူးတဲ့၊ သူတို့လည်း ကိုယ်တိုင်သွားကြည့်ခဲ့တာပဲလို့ ပြောပြန်တယ်။ ဘယ်ဟာက အမှန်လဲမသိတော့ ပိုသိချင်ခဲ့တယ်။ ဒါပေမဲ့ ယနေ့အထိ အဖြစ်အပျက်အမှန်ကို မသိနိုင်ခဲ့ပါဘူး။

နောက်ဥပမာတစ်ခုက ကျနော်တို့နဲ့ အမြဲရင်းနှီးခဲ့ဖူးတဲ့ ရက်လေးစက်ဘီး(Raleigh Bicycle)ပါ။ အရင်က မော်တော်ကားမပြောနဲ့ မော်တော်ဆိုင်ကယ်တောင်သိပ်မတွေ့ရတဲ့ မြစ်ကြီးနားမြို့မှာ စက်ဘီးနဲ့ဆိုရင် အဆင်ပြေပြီ မြို့ပတ်လို့ရပြီ။ စက်ဘီးလေးတစ်စီးကတော့ အိမ်တိုင်းမှာရှိကြလိမ့်မယ်။ ဆိုတော့ စက်ဘီးတွေပြိုင်တဲ့ခေတ်ပေါ့။ စက်ဘီးထဲမှာမှ ရက်လေးစက်ဘီးက အကောင်းဆုံးလို့ သတ်မှတ်ကြတယ်။ ရက်လေးက အင်္ဂလန်ကလာတာတော့ အများသိကြပါတယ်။ ဒါပေမဲ့ ရက်လေးစက်ဘီးကို ဘယ်သူစတင်ထုတ်လုပ်ခဲ့သလဲ၊ ဘယ်ခုနှစ်ကစပြီး မြန်မာပြည်ကိုရောက်လာတာလဲ လို့မေးရင်တော့ ဖြေနိုင်တဲ့လူနည်းပါလိမ့်မယ်။

ထို့အတူပါပဲ မြစ်ကြီးနားက လီဒိုလမ်းမကြီးပေါ်မှာ ခေါက်တုန့်ခေါက်ပြန် သွားလာကြဖူးမှာပါ။

လီဒိုလမ်းက ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တာဆိုတာ အကြမ်းဖျဉ်းတော့ သိထားကြတယ်။ ဒါပေမဲ့ လီဒိုလမ်းကို ဘယ်သူကဦးဆောင်ပြီး ဖောက်ခဲ့သလဲ၊ ဘာအတွက်ဖောက်ခဲ့တာလဲ၊ ဘယ်ကစပြီးဘယ်မှာဆုံးသလဲ၊ မိုင်ပေါင်းဘယ်လောက်ရှည်သလဲ စတာတွေကိုတော့ သိပ်မသိပြန်တော့ဘူး။

ကျနော်ကိုယ်တိုင်လဲ အဲဒီလိုမေးခွန်းတွေ အများကြီး စပ်စုချင်တာတွေ တပုံကြီးရှိနေပါတယ်။

တစ်နေ့က အိမ်အနားက အိမ်တွင်းလက်မှုပစ္စည်းနဲ့ ဈေးရောင်းပွဲလေးရှိလို့ သွားလည်ခဲ့ပါတယ်။ အဲဒီဈေးရောင်းပွဲက တစ်လမှာတစ်ကြိမ် တစ်လရဲ့ပထမဆုံးစနေနေ့မှာ ပြုလုပ်လေ့ရှိပါတယ်။ ဈေးရောင်းပွဲလေးက ငယ်ငယ်လေးပါ၊ လူလည်းမများလှပါဘူး။ ဆိုင်တန်းလေးတွေကို လည်ပတ်ကြည့်နေရင်း အမေရိကန် တံဆိပ်ခေါင်းတွေပါတဲ့ ပိုစ်ကဒ်လေးတချို့ကို အမှတ်မထင်တွေ့မိတယ်။ စိတ်ဝင်စားစရာကောင်းတာက ပို့စ်ကဒ်တွေပေါ်မှာ ကျတော်တို့နဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ကုမ္ပဏီအမှတ်တံဆိပ်လေးတွေပါပြီး ကျောဖက်မှာ ကုမ္ပဏီရဲ့သမိုင်းအကျဉ်းကို ဖော်ပြထားပါတယ်။ ဒါနဲ့ပဲ ကြိုက်တဲ့ကဒ်လေး ဆယ်ခုလောက်ရွေးပြီး ၀ယ်ခဲ့ပါတယ်။

ပက်စီကိုလာ (Pepsi-Cola)

ကျနော် ရန်ကုန်မှာနေစဉ်က တရုတ်တန်း ၁၉ လမ်းထိပ် စားသောက်ဆိုင်တန်းမှာ ထမင်းသွားစားရင် ပက်စီကိုလာတစ်ပုလင်း မှာနေကျ။ မြစ်ကြီးနားကနေ ရန်ကုန်ကိုပြောင်းလာစဆိုတော့ အပူဒဏ်ကိုမခံနိုင်ဘူး၊ ရေခဲစိမ်ပက်စီသောက်နေတာတောင် တကိုယ်လုံးချွေးတွေ စီးကျနေတုန်းပဲ။ ထားလိုက်ပါတော့ ဆိုင်တာတွေပဲပြောမယ်။

ပက်စီကိုလာအချိုရည်ကို အမေရိကန်နိုင်ငံ မြောက်ကယ်လိုလိုင်းနား (North Carolina)က အသက် ၃၁ နှစ်အရွယ် Caleb Bradham က ၁၈၉၁ ခုနှစ်မှာ ဖော်စပ်ထုတ်လုပ်ခဲ့ပါတယ်။ သူကိုယ်ပိုင်ဖွင့်ထားတဲ့ ဆေးဝါးဖော်စပ်တဲ့ဆိုင်ထဲမှာ ထုတ်လုပ်ရောင်းချခဲ့ပြီး အစပိုင်းမှာ အဲဒီအချိုရည်ကို “Brad’s Drink” လို့ခေါ်ကြပါတယ်။ ၁၉၀၃ ခုနှစ် ဇွန် ၁၆ ရက်နေ့မှာ ပက်စီကိုလာဆိုတဲ့ ကုန်အမှတ်တံဆိပ်အဖြစ် ပြောင်းလဲခဲ့ပြီး ကမ္ဘာပေါ်မှာ လူသိအများဆုံးသော ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် အောင်မြင်ခဲ့ပါတယ်။ ပက်စီကိုလာရဲ့ ပထမဦးဆုံးသော ကြော်ငြာဆောင်ပုဒ်ကတော့ “Drink Pepsi-Cola, Delicious, Healthfuk, 5 Cents,” ဖြစ်ပါတယ်။

ပတ်ကားဖောင်တိန် (Parker Fountain Pen)

ကျနော်ငယ်တုန်းက အဖေရဲ့စာသင်တပည့်တယောက် နိုင်ငံခြားသင်္ဘောလိုက်ပြီး ပြန်လာတော့ ငွေရောင်ပတ်ကားဖောင်တိန်နဲ့ ဘောပင်တစ်စုံ လက်ဆောင်ပေးခဲ့တာကို မှတ်မိသေးတယ်။ အဲဒီနောက် ပတ်ကားဖောင်တိန်လေးက အဖေရဲ့အိတ်ကပ်ထဲမှာ အမြဲတမ်းပါသွားလေ့ရှိတယ်။ အဖေ့ဆီကခွင့်တောင်းပြီး ပတ်ကားဘောပင်လေးနဲ့ တစ်ခါနှစ်ခါစာရေးဖူးတယ်၊ သုံးလို့သိပ်ကောင်းတာပဲ။ ယနေ့မှာတော့ ဖောင်တိန်က ရှေးဟောင်းပစ္စည်းသဖွယ် ဖြစ်နေပါပြီ။

ဂျော့ပတ်ကား (George S. Parker) ဆိုသူက Janesville, Wisconsin မှာ ကြေးနန်းရိုက်ပညာသင်ကြားပေးတဲ့ ဆရာတယောက်ဖြစ်တယ်။ သူ့ဝါသနာအလျှောက် အားလပ်တဲ့အခါမှာ ကျောင်းသားတွေရဲ့ ဖောင်တိန်တွေကို ပြင်ပေးလေ့ရှိတယ်။ နောက်တော့ အရည်အသွေးပိုကောင်းတဲ့ ဖောင်တိန်ကို သူကိုယ်တိုင်ထုတ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး William Palmer ဆိုသူ အဖော်တယောက်နဲ့အတူ Parker Pen Company ကို ၁၈၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ပတ်ကားကုမ္ပဏီဟာ မတ်လ ၈ ရက် ၁၈၉၂ ခုနှစ်မှာ ကော်ပိုရေးရှင်းအဖြစ်ပြောင်းလဲခဲ့ပြီး ၁၈၉၄ နှစ်မှာ Lucky Curve ဖောင်တိန်ဒီဇိုင်းနဲ့ လူသိများလာပါတယ်။ ၁၉၂၁ ခုနှစ်မှာ Duofold ခေါ်တဲ့ ဖောင်တိန်ဒီဇိုင်းကို ထုတ်လုပ်ခဲ့ပြီး အလွန်အောင်မြင်ခဲ့ပါတယ်။ Duofold မှာသုံးတဲ့ကိုယ်ထည်ဟာ မကျိုးပဲ့နိုင်တဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ထားပြီး အလွန်ခိုင်ခန့်ကြောင်းကို လေယာဉ်ပျံပေါ်က ပစ်ချပြခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ Parker 51 ဖောင်တိန်ဒီဇိုင်းကို ထုတ်လုပ်ခဲ့ပြီး “The world’s most wanted pen” လို့ ကြော်ငြာခဲ့တဲ့အတိုင်း အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဒီဇိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပတ်ကားဘောပင်ကိုတော့ ၁၉၅၀ နှစ်နောက်ပိုင်းမှာမှ စတင်ထုတ်လုပ်ခဲ့ပါတယ်။

ကွေကာအုတ် (Quaker Oats)

အင်္ဂလိပ်ရုပ် မျက်နှာဖောင်းဖောင်း ရီပြုံးပြုံး၊ ဆံပင်ရှည်ရှည်ကောက်ကောက် နဲ့ ဦးထုတ်ကြီးဆောင်းထားတဲ့ ပုံကိုမြင်လိုက်ရင် ကွေကာအုတ်ဆိုတာ သိကြမှာပါ။ အရင်တုန်းကဆို အဖိုးရဲ့အကြိုက် အစာတစ်ခုဖြစ်ရုံမက မြေးဖြစ်တဲ့ကျနော့်ရဲ့ အကြိုက်ပါဖြစ်နေလို့ အဖိုးက ဘီဒိုရဲ့အမြင့်ဆုံးမှာ ဖွက်ထားတယ်။ ကျနော်ကလည်း အိမ်မှာပစ္စည်းရှာအကျွမ်းဆုံး ငတက်ပြားဆိုတော့ ကုလားထိုင်ပေါ် ထိုင်ခုံမြင့်တစ်လုံးထပ်တင် အဲဒီကနေအပေါ်တက်ပြီး ဘီဒိုပေါ်က ကွေကာအုတ်ပုံးကို ရအောင်ယူတာပဲ။ ဖန်ခွက်ထဲမှာ ကွေကာအုတ်နှစ်ဇွန်းပြည့်ပြည့်ထည့်၊ သကြားနို့ဆီထည့်၊ နွားနို့ပူပူလေးထပ်ဖြည့်လိုက်ရင် သောက်လို့အလွန်ကောင်း ဟိုက်ရှာလပတ်ရည် ဖြစ်သွားတယ်။

၁၉ရာစုအလယ်လောက်အထိ အမေရိကန်တွေရဲ့ မနက်စာက အစားအသောက်မျိုးစုံနဲ့ဆိုတော့ မနက်စာစားရင် အချိန်တစ်နာရီကျော်အထိ ကြာတတ်တယ်။ ၁၈၆၀ နှစ်လောက်မှာ အမေရိကန်ရောက်လာတဲ့ ဂျာမဏီနိုင်ငံသား ဖာဒီနန် (Ferdinand Schumacher) က ကြိတ်ခွဲထားတဲ့ အုတ်ဂျုံ(Oats)တွေကို သုံးစွဲရာကနေ အမေရိကန်လူမျိုးတွေရဲ့ နံနက်စာစားတဲ့ပုံစံက ပြောင်းလဲသွားခဲ့ပါတယ်။ နောက်တော့ ၁၉၀၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှာ Cedar Rapids, Iowa မှာ ကွေကာအုတ်ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်း အုတ်ဂျုံဈေးကွက်မှာ အပြိုင်အဆိုင်တွေ အလွန်များခဲ့ပေမဲ့လည်း ကွေကာအုတ်တံဆိပ်က ထိပ်ဆုံးမှာပဲ ရှိနေခဲ့ပြီး ၁၉၆၀ ခုနှစ်များမှာ ကွေကာအုတ်တံဆိပ်ဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံး နံနက်စာအဖြစ် အောင်မြင်ခဲ့ပါတယ်။

ဂျီလက် မုတ်ဆိတ်ရိတ်ဓား (Gillette)

ငယ်တုန်းက အဖေက ဘလိတ်ဓားတချပ်ကို သံပြားနှစ်ချပ်ကြားမှာညှပ်ပြီး အလယ်ကနေ လက်ကိုင်အတံနဲ့ မုတ်ဆိတ်ရိတ်တာကို မြင်ဖူးလို့အားကျပြီး ခိုးသုံးခဲ့ရာက ဘလိတ်ဓားရှပြီး နှုတ်ခမ်းထိပ်မှာ ပလပ်စတာနဲ့ ဟစ်တလာပုံစံဖြစ်ခဲ့တာကို မှတ်မိသေးတယ်။

အမေရိကန်ရောက်တော့ ဂျီလက်တံဆိပ်(Gillette) မုတ်ဆိပ်ရိတ်ဓားကို ပုံစံမျိုးစုံနဲ့ တီဗွီမှာလည်းအမြဲကြော်ငြာနေတာကို မတွေ့ချင်အဆုံးပါပဲ။ ဓားသွားနှစ်ထပ်(Trac II, Trac II Plus) ကနေ သုံးထပ် (March 3, March 3 Turbo, March 3 Power)၊ တဖန် ငါးထပ် (Gillette Fusion, Gillette Fusion Phantom)၊ နောက်ထပ် ဓားသွားဘယ်နှစ်ထပ်ရောက်မှ ရပ်တော့မှာလည်းမသိ။ အသစ်တစ်ခုထုတ်တိုင်း ပိုကောင်းတယ်လို့ ဆိုတယ်။ ဘလတ်ဓားတစ်ချပ်တည်းနဲ့ သုံးခဲ့တုန်းကလည်း ပါးပြင်ပေါ်က အမွေးတွေပြောင်နေတာပဲ မဟုတ်လား။

ဂျီလက်စတင်ဖြစ်ပေါ်လာပုံက ဒီလို။ ၁၈၉၅ ခုနှစ် နွေရာသီနံနက်ခင်းတခုမှာ King C. Gillette ဆိုသူက သူသုံးနေတဲ့ တဖက်အသွားမုတ်ဆိတ်ရိတ်ဓားက သုံးမကောင်းတော့ပဲ ဓားသွားတုံးနေတာကို တွေ့ရသတဲ့။ အဲဒီအချိန်မှာပဲ သူက ပိုပြီးပါးတဲ့ နှစ်ဖက်အသွားပါ ဘလိတ်ဓားကို ဓားရှတာကိုလည်းကာကွယ်နိုင်အောင် အလယ်ကနေတခုခုနဲ့ ညှပ်ပြီး လက်ကိုင်နဲ့ အသုံးပြုနိုင်အောင်ဖန်တီးဖို့ စိတ်ကူးအကြံဖြစ်ခဲ့တယ်။ အစပိုင်းမှာ ငွေကြေးအခက်အခဲမျိုးစုံနဲ့ ကြုံခဲ့ရပြီး ဘော်စတွန် (Boston)၊ မက်ဆာချူးဆက်မှာ American Safety Razor Company တည်ထောင်ခဲ့ပါတယ်။

၁၉၀၂ ခုနှစ် ဇူလိုင် ၁ ရက်မှာ ဂျီလက် (Gillette Safety Razor Company) နာမည်ကို ပြောင်းခဲ့ပါတယ်။ ဘာမဆိုအစပိုင်းမှာ ခက်ခဲတတ်ပါတယ်။ ၁၉၀၃ တစ်နှစ်လုံးမှာ ဂျီလက်ဘလိတ်ဓား ၅၁ စုံပဲ ရောင်းထွက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ရောင်းအားတဟုန်ထိုးမြင့်တက်ခဲ့ပါတယ်။ အထူးသဖြင့် ပထမကမ္ဘာစစ်အတွင်းက စစ်သားတွေအတွက် ဂျီလက်ဘလိတ်ဓား ၃၆ သန်းလောက်ကို အမေရိကန်အစိုးရက မှာယူခဲ့ပါတယ်။ စစ်ပြီးနောက်ပိုင်း ယောက်ျားအများစုဟာ ဆံသဆိုင်မှာထက် အိမ်မှာကိုယ်တိုင် မုတ်ဆိတ်ရိတ်လာကြတော့ ဂျီလက်ဘလတ်ဓားက အိမ်တိုင်းမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကာနေရှင်းနို့ဆီ (Carnation Milk)

ကာနေရှင်းတံဆိပ်နို့ဆီ မြန်မာပြည်မှာရှိသလားတော့ ကျနော်လည်းမသိပါ။ ဒါပေမဲ့ နို့ဆီကတော့ ကျနော်တို့ အစဉ်သုံးနေကျဆိုတာ သေချာတယ်။ အရင်မြစ်ကြီးနားအိမ်က ကြောင်အိမ်ထဲမှာ နို့ဆီဗူးဖောက်ပြီးရင် ရေနဲနဲဖြည့်ထားတဲ့ခွက်လေးတခုထဲမှာ အဲဒီနို့ဆီဗူးကို ထားလေ့ရှိတယ်။ ပုရွက်ဆိတ်တက်မှာဆိုးလို့တဲ့။ ကြည့်ပေတော့ ပုရွက်ဆိတ်တောင်ကြိုက်တယ်။ နို့ဆီကို လက်ဖက်ရည် ကော်ဖီ ကွေကာအုတ်တွေဖျော်ရင် ထည့်တယ်၊ ပေါင်မုန့်နှစ်ချပ်ကြားမှာညှပ်ပြီး စားတယ်၊ နောက်ဆုံး လက်ချောင်းနဲ့တောင်နိုက်ပြီး လျှက်စားကြတယ်။

ကာနေရှင်းနို့ဆီကို စတင်ထုတ်လုပ်ခဲ့သူ Elbridge Stuart ဟာ စီးပွားရေးအမျိုးအမျိုးလုပ်ခဲ့ပြီး နို့ဆီကိုဗူးနဲ့ထုတ်ရောင်းမယ်ဆိုတော့ အောင်မြင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ Stuart ဟာ Pacific Coast Condensed Milk ကုမ္ပဏီကို ၁၈၉၉ ခုနှစ် စက်တင်ဘာ ၆ ရက် ၀ါရှင်တန်ပြည်နယ်၊ ကင့်မြို့ (Kent) မှာ တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့နို့ဆီကို ကာနေရှင်း(Carnation) ဆိုတဲ့ ပန်းတမျိုးရဲ့အမည်ကိုသုံးပြီး ရောင်းချခဲ့တာ တဖြည်းဖြည်း အမေရိကန်တနိုင်ငံလုံး ပျံ့နှံ့သွားခဲ့ပါတယ်။

ကာနေရှင်းတံဆိပ်ဖြစ်ပေါ်လာခဲ့တာလည်း ထူးဆန်းပါတယ်။ Stuart ဟာ တနေ့တော့ ဆေးပြင်းလိပ်ရောင်းတဲ့ဆိုင်ကို ဖြတ်သွားရင်း ဆေးလိပ်ထည့်ထားတဲ့ဗူးတခုပေါ်မှာ Carnation လို့ရေးထားတာတွေ့လို့ ယူသုံးလိုက်ပါသတဲ့။ သူရဲ့ခေါင်းဆောင်မှုကြောင့် အဖြူနဲ့အနီရောင်ပါတဲ့ ကာနေရှင်းတံဆိပ်နို့ဆီကို ကုန်စုံဆိုင်တိုင်း အိမ်တိုင်းမှာ တွေ့နိုင်ပြီး အမေရိကန်စားသောက်ဆိုင်တွေမှာလည်း စားဖိုမှုးတွေရဲ့ အရေးပါတဲ့ ကုန်ကြမ်းတစ်ခုဖြစ်နေပါတယ်။

မော်တွန်ဆား (Morton Salt)

ဆားအရေးပါပုံကတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဆားအကြောင်းပဲ ရေးထားတဲ့ လုံးချင်းစာအုပ်တောင်ရှိတယ်။ တခုခုမပြည့်စုံ လိုအပ်နေရင် “ဆားမပါတဲ့ ဟင်းခွက်လို..” လို့ဆိုပြီး ပြောကြသေးတယ်။ အစားအသောက်မှာ ဆားမပါရင်မပြီးသလို သွေးတိုးသမားတွေတောင် ဆားလျှော့ပြီးသာ စားနေရတာ ဆားကိုတော့ကြိုက်ပါသေးတယ်။ ဆားဆိုတာ “မရှိမကောင်း၊ များမကောင်း” ပေါ့။

အမေရိကန်မှာ ဆားလိုလို့ဈေးဝယ်ထွက်ရင် ဘယ်ဆိုင်ပဲသွားသွား အပြာရောင်ဗူးနဲ့ Morton Salt (မိုးထဲမှာ ထီးဆောင်းထားတဲ့ ကလေးမရဲ့ ပိုက်ထားတဲ့ဆားဗူးကနေ ဆားထွက်ကျနေတဲ့ပုံ) ကို တွေ့နိုင်ပါတယ်။ အဲဒီ ထီးဆောင်းတဲ့ကလေးမ ကုန်အမှတ်တံဆိပ်ဟာ ၁၉၁၁ ခုနှစ်မှာ ထွက်ပေါ်လာပါတယ်။ မော်တွန်ဆားကုမ္ပဏီက သူတို့ရဲ့ဆားဟာ မခဲနိုင်ပဲအလွယ်တကူသွန်ကျနိုင်တာကို အများသိအောင်ဆိုပြီး နာမည်ကျော် N. W. Ayer & Co. ကြော်ငြာကုမ္ပဏီကို ဌားပြီး ကြော်ငြာတွေထုတ်စေခဲ့ပါတယ်။ ကြော်ငြာတွေထဲက ထီးဆောင်းတဲ့ကလေးမ ဒီဇိုင်းဟာ အလွန်လူကြိုက်များခဲ့ပြီး အမေရိကန်မှာ အကောင်းဆုံးအမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကြော်ငြာရဲ့အဓိပ္ပာယ်က မိုးရွာနေတာတောင် ဆားကမခဲပဲ လွယ်ကူစွာ သွန်ကျနိုင်တယ်ဆိုတာကို ဖော်ပြပါတယ်။ နောက်ပိုင်းမှာမှ ကုမ္ပဏီရဲ့ဆောင်ပုဒ် “When it rains it pour” ကို ထပ်ဖြည့်စွက်ခဲ့ပါတယ်။

ဟာလေဒေဗစ်စင် (Harley-Davidson)

မြစ်ကြီးနားမှာ ဆိုင်ကယ်နဲ့ပတ်သက်ပြီး မှတ်မိသလောက်ဆိုရင် ဟွန်ဒါတံဆိပ် (Honda) ဆူပါကပ်ဆိုင်ကယ် သနပ်ခါးရောင်၊ ကြက်သွေးရောင် တွေကို မှတ်မိသေးတယ်။ နောက်တော့ ဇီးရောင်တို့ ဘဲခေါင်းစိမ်းတို့ စတဲ့အရောင်ဒီဇိုင်းတွေ ပေါ်လာတယ်။ ဆီစားအလွန်သက်သာ၊ မောင်းရတာလဲလွယ်ကူတာကြောင့် အသုံးများလာကြတယ်။ ယနေ့မှာတော့ ဟွန်ဒါဆူပါကပ်ဟာ ရှားပါးကုန်ဖြစ်နေပြီး တရုတ်ပြည်ထုတ်ဆိုင်ကယ်တွေ ဈေးပေါပေါနဲ့ ဗုံးပေါလအော မြစ်ကြီးနားမှာရောက်နေပြီလို့ သိရတယ်။

ဟာလေ (Harley) လို့ အခေါ်များတဲ့ ဟာလေဒေဗစ်ဆင်ဆိုင်ကယ် (Harley Davidson) ကို မြန်မာပြည်မှာကတည်းက ကြားဖူးတယ်၊ ဟောလီးဝုဒ်ရုပ်ရှင်မှာလဲ မြင်ဖူးတယ်၊ အပြင်မှာတော့ တစ်ခါနှစ်ခါလားမသိ တွေ့ဖူးတယ်။ အမေရိကန်မှာတော့ အလုပ်ပိတ်ရက်တွေမှာဆိုရင် ဟိုင်းဝေးလမ်းမပေါ်မှာ ဟာလေမောင်းသူတွေအုပ်စုလိုက် အနက်ရောင် သားရေဘောင်းဘီအင်္ကျီနဲ့ မောင်းနေတာကို မကြာခဏတွေ့ရတယ်။

ဟာလေဆိုင်ကယ် စတင်ခဲ့ပုံကတော့ Arthur Davidson, Walter Davidson ညီအစ်ကိုနှစ်ယောက်နဲ့ William Harley တို့ဟာ အသက်နှစ်ဆယ်ကျော် သူငယ်ချင်းများဖြစ်ကြပြီး ၁၉၀၃ ခုနှစ်မှာ စက်တပ်စက်ဘီးတစ်စီးကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၀ရ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ နောက်ထပ်အဖော်တစ်ဦး William Davidson ပါဝင်လာပြီး ဟာလေဒေဗစ်ဆင်မော်တော်ကုမ္ပဏီကို ဖွဲ့စည်းခဲ့ပါတယ်။ ကုမ္ပဏီရဲ့အဓိက အင်ဂျင်နီယာကတော့ Harley ဖြစ်ပြီး နောက်ပိုင်းမှာ အင်ဂျင်နှစ်လုံးတပ်ဆိုင်ကယ်ကို ထုတ်လုပ်ခဲ့ပြီး ၁၉၂၀ နှစ်မှာ အစီးပေါင်း ၂၈၁၈၉ ရောင်းခဲ့ရပါတယ်။ အမေရိကန်စီးပွားပျက်ကပ်ဆိုက်တဲ့ ၁၉၂၉ နဲ့ ၁၉၃၀ နှစ်များမှာ ဟာလေရဲ့စီးပွားရေးလည်း ကျဆင်းခဲ့ပေမဲ့ အင်ဂျင်ပါဝါပိုကြီးပြီး ပိုသက်တောင့်သက်သာဖြစ်စေမဲ့ ဆိုင်ကယ်တွေကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး ၁၉၃၀ နှစ်များနောက်ပိုင်းနဲ့ ဒုတိယကမ္ဘာစစ်ပြီးနောက် ဟာလေဒေဗစ်ဆင်ရဲ့စီးပွားရေး ပြန်လည်ဦးမော့ခဲ့ပြီး ကမ္ဘာကျော်လူသိများလာခဲ့ပါတယ်။

အဲဒါတွေကတော့ ကျနော်ဝယ်ခဲ့တဲ့ ပို့စ်ကဒ်ပေါ်က လူသိများနာမည်ကျော်ကြားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တချို့ရဲ့ သမိုင်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ အသေးစိတ်ကိုထပ်ပြီး စူးစမ်းစပ်စုလိုသူတွေ အင်တာနက်ပေါ်မှာ ဂူဂယ်လ်(google) ကြပေတော့လို့။ အားလုံးကျန်းမာရွှင်လန်းကြပါစေ။



Comments

zin said…
လူလိမ်တွေကို မုန်းတတ်တယ်