
၂၀၁၀ သင်္ကြန်အတာ နှစ်ကူးမှာ
မိုးမခချစ်သူများထံ မိုးမခက အမှတ်တရ အလှူခံပါတယ်
မောင်ရစ်
ဧပြီ ၁၅၊ ၂၀၁၀
မိုးမခမှာ လစဉ်၊ နှစ်စဉ် အလှူရှင်တွေ၊ လုပ်အားနဲ့ ဉာဏအား အလှူရှင်တွေ၊ စေတနာရှင်တွေကို သည်နှစ်မှာ လူသိရှင်ကြား ကျေးဇူးတင်ပါကြောင်း၊ အခုဆိုရင် မိုးမခမီဒီယာသက်တမ်းမှာ ၇ နှစ်ထဲ ရောက်လာချိန် ပရိသတ်အတန်အသင့်၊ ချစ်သူ အနည်းငယ် ရရှိနေပြီ ဖြစ်လို့ ၀မ်းသာ ဂုဏ်ယူကြောင်း ပြောပြလိုက်ပါတယ်။
အေးဗျာ … အားနာသော်လည်း ပြောရတော့မှာပဲ။ မနှစ်ကစလို့ တနှစ်တကြိမ်တော့ မိုးမခက ရှေ့မျက်နှာနောက်ထားပြီး မိုးမခချစ်သူများနဲ့ ပရိသတ်ကြီးများထံက တရားဝင် ကြော်ငြာပြီးတော့ အလှူခံလေ့ရှိပါတယ်။ ပုံမှန်အလှူရှင်တွေအပြင် ကာလ၊ ဒေသ၊ အကြောင်းတိုက်ဆိုင်လို့ အလှူလေး တခုခုများ လုပ်မယ်ဆိုရင် သည်အချိန် ဧပြီလလောက်ဆို မိုးမခက အွန်လိုင်းက အလှူခံစာ ပို့ပါတယ်။
အဲသည်က ရတဲ့ ချစ်သူ ခင်သူများရဲ့ အလှူငွေနဲ့ မိုးမခမီဒီယာက ဆက်လက်ရုန်းကန် လှုပ်ရှားရတော့တာပါပဲ။ အဲသည်မှာ ၀ိုင်းတော်သားတွေအတွက် ဘာခံစားခွင့်နဲ့ လစာငွေကြေးတွေ၊ ဆုကြေးတွေ မပါပါဘူး။ မိုးမခရဲ့ အင်တာနက်၊ နည်းပညာ၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး စာရိတ်တွေမှာပဲ သုံးစွဲကြရတာ ဖြစ်ပါတယ်။ ဒီတခါတော့ မိုးမခက ခေါင်းစဉ် ၃ ခု အတွက် လက်ဖြန့်လိုပါတယ်။
နံပါတ် ၁ ကတော့ မိုးမခအတွက် တိုက်ရိုက်ရန်ပုံငွေပါ။ မိုးမခရဲ့ ပြန်ကြားရေး၊ ဆက်သွယ်ရေး၊ နည်းပညာစာရိတ်တွေမှာ သုံးစွဲဖို့ပါ။
နံပါတ် ၂ ကတော့ မိုးမခရဲ့ မြန်မာပြည်ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေပါ။ ပြည်တွင်းက စာနယ်ဇင်းသမား၊ နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေကို လက်လှမ်းမီသလောက် ကူညီ အားပေးရန် သုံးစွဲတဲ့ ငွေပါ။
နံပါတ် ၃ ကတော့ အခုပြည်ပက မြန်မာတွေရဲ့ စုစည်းလှုပ်ရှားမှုဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ရန် အတွက် ရန်ပုံငွေအဖြစ် ၀ိုင်းဝန်းကြဖို့အတွက်ပါ။ သည်လှုပ်ရှားမှုကို မိုးမခမိသားစုနဲ့ ၀ိုင်းတော်သားများက အားပေးကြောင်း၊ ၀မ်းသာဂုဏ်ယူကြောင်း ဆိုတဲ့အနေနဲ့ ၀ိုင်းဝန်းကြတဲ့ သဘောပါ။
ချစ်တဲ့ ခင်တဲ့ ပရိသတ်ကြီးထဲက အဆင်ပြေတဲ့သူ အနည်းငယ်လောက်က ၀ိုင်းဝန်းကြရင် မိုးမခ၀ိုင်းတော်သားတွေကတော့ အင်တွေ အားတွေ ရှိပြီး အားရ ပါးရ ဆက်ပြီး အလုပ်လုပ်ဖို့ အားကောင်းမောင်းသန် ဖြစ်ကုန်ကြရတော့တာပါပဲ။
အလှူခံတာက ဒီလိုပါ။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ဖြစ်ဖြစ်၊ ၆ ဒေါ်လာ၊ ၉ ဒေါ်လာ အဲလိုမျိုး လှူပါဗျာ။ ရတာကို ၃ ပုံ ပုံပြီးတော့ အထက်က တင်ပြထားတဲ့ ခေါင်းစဉ် ၃ ခုကို ညီတူ မျှတူ ခွဲဝေပေးမှာ ဖြစ်ပါတယ်။ အလှူငွေ စုစုပေါင်း ၃၀၀ လောက်ရရင် တစုကို ၁၀၀ စီ ပေးဝေလှူမျှမှာ ဖြစ်ပါတယ်။
မိုးမခကတော့ ဒီနှစ်ဆန်းထဲမှာ ၀ိုင်းဝန်းကြတဲ့ အလှူတွေအထဲက ပြည်ပက စာပေပညာရှင်ကြီးများဖြစ်တဲ့ မောင်စွမ်းရည်၊ မောင်သာရ၊ ဦးဝင်းဖေ၊ ဒေါ်မာမာအေးတို့အတွက် ဂါရ၀ပြုကန်တော့တဲ့ ကမကထအလှူ ဒေါ်လာ ၂၀၀၀ လှူဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၀ မိုးမခချစ်သူများဆု ဆိုပြီး ပြည်တွင်းက လေးစားကြည်ညိုသူများအဖြစ် - အင်န်အယ်ဒီပါတီ၊ လူထုစိန်ဝင်း၊ အတွေးအမြင်မဂ္ဂဇင်း၊ မောင်ဝံသဆိုပြီး သတ်မှတ်ခဲ့ရာမှာ သူတို့ကို ရည်စူးပြီး မြန်မာပြည်ဒီမိုကရေစီရေး ကူညီမှုရန်ပုံငွေအတွက် ဒေါ်လာ ၁၅၀၀ လှူဖြစ်တယ်။ မတ်လကုန်မှာတော့ အင်န်အယ်ဒီပါတီကြီးတခုလုံးရဲ့ ညီညွတ်ရေးအောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ မိုးမခမိတ်ဆွေများ ၀ိုင်းဝန်းကြတဲ့ အလှူတွေစုပြီးတော့ အင်န်အယ်ဒီပါတီကို ရည်စူးပြီးတော့ မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေအတွက် ဒေါ်လာ ၁၀၀၀ လှူဖြစ်ပါတယ်။
အခုလည်း ၂၀၁၀ ဧပြီင်္ မြန်မာသင်္ကြန်အတာနှစ်ကူး အမှတ်တရ အလှူခံပါတယ်။ ကိုယ်စားဖို့ သုံးစွဲဖို့ မဟုတ်ပါဘူးခင်ဗျား။ စုပေါင်းအလှူ ဖြစ်မြောက်စေချင်တာပါ။ မိုးမခ လုပ်ငန်းရန်ပုံငွေ၊ မိုးမခရဲ့ မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ၊ ပြီးတော့ ပြည်ပက မြန်မာတွေ စုစည်းတဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရန် ရန်ပုံငွေ … ဒီ ၃ ပုံအတွက် ၀ိုင်းဝန်းကြဖို့ပါ။
အလှူခံဖြတ်ပိုင်းတွေကို လက်မှတ်ထိုးပြီး ပြန်ပို့ပေးပါ့မယ်။ ဒီနှစ်ထဲ မိုးမခ ၁၀၀ ဆိုတဲ့ ပုံနှိပ်စာအုပ်ကလေး ထွက်ရင်လည်း မေတ္တာလက်ဆောင် ပို့ပေးပါ့မယ်။
ဟောဒီနေရာမှာ ပေးလှူပါ -
PayPal Account သမားများအတွက် -
Google Checkout သမားများအတွက် -
Comments