Win Pe Bag 23

ဝင်းဖေ လွယ်အိတ် ၂၃ - ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
ဧပြီ ၁၅၊ ၂၀၁၀
သောတရှင်များ ခင်ဗျား …
ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက အနောက်တိုင်းပန်းချီနည်းနဲ့ အလွန်ထင်ရှားကျော်ကြား ခဲ့ကြတဲ့ ဦးဘဉာဏ်တို့၊ ဦးဘဇော်တို့၊ ဆရာဆောင် စတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျနော် မမီလိုက်ပါ။ ဒါပေမယ့် အဲဒီခေတ်ကတည်းက အောင်မြင် ကျော်ကြားပြီးများဖြစ်ကြတဲ့ ဆရာကြီး ဦးငွေကိုင်တို့၊ ဆရာဦးဘကြည်တို့၊ ဆရာဦးဘရင်ကလေး စတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုတော့ စစ်ပြီးခေတ်မှာ ကျနော် တွေ့ကြုံခွင့်ရခဲ့ပါတယ်။
ဆရာကြီးဦးဘသက်နဲ့ ဘဏ်ဦးခင်မောင်တို့ကတော့ ကျနော့်ဆရာရင်းများတောင် ဖြစ်ကြတဲ့အတွက် ထူးထူးကဲကဲ ဆည်းကပ်လေ့လာသင်ကြားခွင့်ရခဲ့ပါတယ်။ နောက် ဆရာကြီးဦးဘဉာဏ်ရဲ့ လက်ရင်းတပည့် တယောက်ဖြစ်တဲ့ ဦးအောင်ခင်ကိုလည်း နှစ်အတော်များများ မန္တလေးမြို့မှာ အတူနေများဖြစ်ကြတဲ့အတွက် ရင်းနှီးသိကျွမ်းပါတယ်။ ကျနော်နဲ့ တွေ့ကြုံဆည်းကပ်ခွင့်ရခဲ့တဲ့ ပန်းချီဆရာကြီးတွေရဲ့ ထူးခြားတဲ့အဆိုအမိန့်တွေ ကိုလည်း လက်ဆင့်ကမ်းခဲ့ချင်ပါတယ်။
ဥပမာ ဆရာကြီး ဦးငွေကိုင်ဆိုရင် မန္တလေးဘက်လာတိုင်း ကျနော့်ဆရာရင်း ဦးဘသက်နဲ့ အထူး ခင်မင်ရင်းနှီးတဲ့ အတွက် ကျနော်နဲ့ပေါ်ဦးသက်တို့က ပြုစုဧည့်ခံရင်း တရင်းတနှီးဆက်ဆံခွင့်ရခဲ့ကြပါတယ်။ ဆရာကြီး ဦးငွေကိုင်နဲ့ ကြုံကြိုက်နေတုန်း ဆရာကြီးက ကျနော်တို့ကို တတ်နိုင်သမျှသင်ကြားပေးခဲ့ဖို့ တောင်းခံကြည့်မိကြပါတယ်။ ဒါပေမယ့် ဆရာကြီးဦးငွေကိုင်က …
“မင်းတို့ဟာ ကိုဘသက် တပည့်တွေဖြစ်နေကြမှတော့ ငါက ဘာမှ ထပ်သင်ပေးနေစရာ မလိုတော့ပါဘူးကွာ” လို့ ပြောပါတယ်။ “မင်းတို့ဆရာ ကိုဘသက်က ပန်းချီရေးတဲ့နေရာမှာ တယောထိုးသလို ရေးတာကွ” လို့ ပြောသွားပါတယ်။ ကျနော်တို့ဆရာ ဦးဘသက် ကျနော်တို့အခေါ် ဘကြီးသက်က တယောထိုးအလွန်ကောင်းသူ ဂီတ ဝိဇ္ဇာတဆူဖြစ်တဲ့ မြို့မငြိမ်းတောင် မျက်စေ့မှိတ်ရင်း မှိန်းပြီးနားထောင်ရတဲ့ တယောသမားကြီးတယောက် ဖြစ်ပါတယ်။
ဂီတနဲ့ပတ်သက်လို့ မြို့မငြိမ်းရဲ့ ဆရာတဆူလည်း ဖြစ်ပါတယ်။ ဆရာကြီးဦးငွေကိုင်ပြောတဲ့ မင်းတို့ဆရာ ကိုဘသက်က ပန်းချီကို တယောထိုးသလို ရေးတာကွလို့ ဆိုတဲ့စကားကို ကျနော်နဲ့ ပေါ်ဦးသက်တို့ဟာ ချက်ချင်း နားမလည်ကြပါဘူး။ ဆရာကြီး ဘဏ်ဦးခင်မောင်ကရှင်းပြတော့မှ ဘာကိုဆိုလိုတယ်ဆိုတာ ပိုပြီးရှင်းသွားပါ တယ်။ ဘကြီးသက်ဟာ သူ စိတ်လိုလက်ရ တယောထိုးပြီဆိုရင် မြန်မာသီချင်းလည်းမဟုတ်၊ တိုင်းတပါးသံ အနောက်တိုင်းသံမျိုးတွေလည်းမဟုတ် တယောသံ အနိမ့်အမြင့်၊ အတိုးအကျယ်၊ အနှေးအမြန် အနည်းအများ တွေကို အမျိုးမျိုးပြောင်းလဲ စမ်းသပ်ထိုးတာဖြစ်တဲ့ အကြောင်း၊ ကြိုတင်ပြင်ဆင်ထားတာတွေလည်း မဟုတ်ကြောင်း စသဖြင့် ဆရာဦးခင်မောင်က ရှင်းပြပါတယ်။
ဒါ့ကြောင့် ဦးဘသက် ပန်းချီရေးတဲ့အခါမှာလည်း ပုံသေနည်းတွေ မရှိပါဘူး။ ဆေးစက်ကျရာ အရုပ်ဆိုတာလို အလွန်သွက် လက်ဖြတ်လတ်ပြီး လွတ်လပ်တယ်လို့ ဆရာဦးခင်မောင်က ရှင်းပြပါတယ်။ ဆရာကြီး ဦးခင်မောင်ဟာ ပန်းချီသီအိုရီတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပေမယ့် လက်တွေ့ရေးဆွဲကြရာမှာတော့ ဆရာကြီး ဦးဘသက်ကို ဆရာတင်ထားသူဖြစ်ပါတယ်။
ဆရာကြီးဦးငွေကိုင်ဟာ အလွန်မာနတရား နည်းပါးသူဖြစ်ပါတယ်။ ဘကြီးသက်နဲ့ ဆရာကြီးဦးငွေကိုင်တို့ အောက်ဒိုးပန်းချီ ဆွဲထွက်ကြတဲ့အခါ ကျနော်နဲ့ ပေါ်ဦးသက်တို့က လိုက်ပြီးကူညီပြုစုကြရပါတယ်။ သူကိုယ်တိုင် ဆရာကြီးတဆူ ဖြစ်နေပါလျက် တခါတရံမှာ ဆရာကြီးဦးငွေကိုင်က ဘကြီးသက် ပန်းချီရေးတာကို ဘေးကနေ ထိုင်ကြည့်ပြီး လေ့လာသင် ယူတာတွေကို တွေ့ရပါတယ်။ ကျနော်တို့လို လူငယ်တွေရှေ့မှာ သိက္ခာ ထိန်းထားတာမျိုး လုံးဝ မရှိပါဘူး။
“ငါက မင်းတို့ဆရာဆီကသင်ယူဖို့မပြောနဲ့ ပုသိမ်ရောက်တုန်းက ထီးပန်းရေးတဲ့ ငနဲလေးတွေဆီကတောင် လက်ထပ် သင်ခဲ့တာကွ”လို့ ပြောပါတယ်။ “မင်းတို့လည်း ပညာရဖို့ဆိုရင် မရှက်မကြောက် သင်ကြကွ” လို့ ရိုးရိုးရှင်းရှင်းကြီး ဆုံးမ သွန်သင်ပေးပါတယ်။
ဆရာကြီးဦးဘကြည်နဲ့ကတော့ ရန်ကုန်မြို့မှာ ၁၉၅ဝ ခု စောစောပိုင်းက တွေ့ပါတယ်။ ကျနော်က အတော်ကလေးငယ်သေးတော့ ဆရာကြီးကို တော်တော်ကလေး ကြောက်ရွံ့ရိုသေနေပါတယ်။ ဘာမှ မမေးမမြန်းဝံ့ပါ။ ဆရာကြီးက ကျနော် နေသာထိုင်သာရှိအောင် အညာ ဘုရားတန်ဆောင်းတွေမှာရှိတဲ့ နိပါတ်တော် ပန်းချီကားတွေအကြောင်း ပြောပါတယ်။ ဒီတော့မှ ကျနော်လည်း ပြောရဲဆိုရဲဖြစ်လာပါတယ်။ နိပါတ်တော်ပန်းချီကားတွေကို ကျနော် အလွန် ကြိုက်တဲ့အတွက်ဖြစ်ပါတယ်။
ဆရာကြီး ဦးဘကြည်က သူ့အနေနဲ့ နိပါတ်တော် ပန်းချီကားတွေ ရေးခွင့်ကြုံမယ်ဆိုရင် သမားရိုးကျမဟုတ်ဘဲ ပြောင်းလဲ ရေးဆွဲလိုကြောင်း ပြောပါတယ်။ ကျနော်က ကလေးသာသာအရွယ်မို့ ကျနော်ကြိုက်ရင်းစွဲ နိပါတ်ပန်းချီဟန်တွေကို ပြောင်းလဲပစ်မယ်ဆိုတဲ့ ဆရာကြီးရဲ့စကားကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ဘာမှတော့ ပြန်မဝေဖန်ရဲပါဘူး။
နောက် သုံးလေးနှစ်လောက်နေတော့ နိပါတ်တော် ပန်းချီစာအုပ်တအုပ် ဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီ လက်ရာတွေနဲ့ ထုတ်ဝေလိုက်တာကို တွေ့ရပါတယ်။ ဆရာကြီးဦးဘကြည်ဟာ သူ့စကားအတိုင်း နိပါတ်ပန်းချီ ဟန်သစ် သူ့ကိုယ်ပိုင်ဟန်နဲ့ ရေးဆွဲပါတယ်။ တနိုင်ငံလုံးက အလွန်ကြိုက်ကြပါတယ်။ ခေတ်ပေါ် ပန်းချီဟန်တွေလည်း အများကြီး ပါဝင်ပါတယ်။ ကျနော်လည်း ဘဝင်ကျပြီး ကြိုက်နှစ်သက်တာတွေ အများကြီး တွေ့ရပါတယ်။ ဆရာကြီး ဦးဘကြည်ဟာ သမားရိုးကျ ပန်းချီဝါဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။
ဒါပေမယ့် ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ သရုပ်ဖော်ရေးဆွဲလိုတဲ့ဆန္ဒ အတော်ကြီးမားတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် သူရေးဆွဲသရုပ်ဖော်တဲ့ ရုပ်ပြကာတွန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ် တွေးခေါ်ဖန်တီးစေချင်တဲ့စေတနာတွေ အများကြီးပါနေတာကို တွေ့ကြရပါတယ်။
“ငါကလည်း သိပ်ပြီး သမားရိုးကျကြီးလုပ်နေရမှာကို မကြိုက်ဖူးကွ၊ ဥပမာကွာ Hollywood က အမေရိကန် ကာတွန်းဝိဇ္ဇာကြီး Walt Disney ဆိုရင် ဘယ်မှာ သမားရိုးကျဟုတ်လို့လဲ၊ ငါက အဲဒါမျိုးတော့ ကြိုက်သကွာ” လို့  ပြောဖူးပါတယ်။ ဆရာကြီး ဦးဘကြည်ဟာ လွတ်လပ်ခွင့်ကို လွန်လွန်ကဲကဲ မကျင့်သုံးလိုသူဖြစ်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ဝင်းဖေပါ။
(ဘီဘီစီ မြန်မာပိုင်းအစီအစဉ် မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Comments