ပဲခူး၊ သာမနေကျော်ကျောင်း၊ ကြခတ်ဝင်းက သံဃာတော်များ မြို့ထဲထွက်ပြီး ငါးရံ့မင်းပရိတ်ရွတ်
ပဲခူး၊ စိန်ပန်းကျောင်း၊ ရွှေအောင်ရိုးဘုရားအနီး၊ ရေကန်အနီးတွင် ဒေသခံတို့ ရိုးရာလွန်ဆွဲ
သတင်းရင်းမြစ် - ဦးအေးမြင့်၊ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၁၇၊ ၂၀၁၀
ယမန်နေ့က ပဲခူး၊ စိန်ပန်းကျောင်းရှေ့၊ ရွှေအောင်ရိုး ဘုရားအနီးမှာ ဒေသခံတို့ စုဝေးကြပြီးတော့ မြန်မာရိုးရာ လွန်ဆွဲပွဲကို ကျင်းပကြတယ်လို့ သိရပါတယ်။ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်ကို မေးကြည့်တဲ့အခါ - ဆရာက မြန်မာရိုးရာ ထုံးတမ်းအစဉ်အလာအဖြစ် မိုးခေါင်တဲ့အခါ မိုးရွာအောင် ဆိုင်ရာ၊ ပိုင်ရာများကို (ရိုးရာ နတ်များ) တိုင်တည်ပြီး မိုးရွာအောင် လွန်ဆွဲကြတယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ယနေ့ကလည်း ပဲခူး၊ သာမနေကျော်ကျောင်း၊ ကြခတ်ဝင်းက သံဃာတော်များကို ပင့်ဆောင်ပြီးတော့ မြို့ထဲကို လှည့်လည်ပြီး မိုးရွာစေတဲ့ ငါးရံ့မင်းပရိတ်ရွတ်တဲ့ ဘာသာရေးဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ကြတယ်လို့ ဦးအေးမြင့် (လမ်းပြကြယ်) က ပြောကြားခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေးက ဒေသခံအချို့ကတော့ အဓိဋ္ဌာန်ဆရာတော်မိန့်ကြားတဲ့ ကန်စွန်း ၇ ညွန့် ကို ရေဖန်ခွက်ထဲ ထည့်ပြီး အိမ်ရှေ့မှာ ထုတ်ထားတာ၊ မဟာမုနိဓာတ်ပုံကို ရေ၊ မီး၊ ဆွမ်း၊ ထီး ၃ ခု ဆီ ကပ်ပြီး မနက် ၇ နာရီမှာ ၇ ရက် တိုင်တိုင် “မကြာခင်မိုးရွာပါစေ” လို့ ဘုရားရှိခိုးပြီး ဆုတောင်းကြဖို့ ကိုလည်း ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံအချို့ကို တင်ဆက်လိုက်ပါတယ်။
မိုးမခရဲ့ ယူကျု ချယ်နယ်ထဲမှာ ပဲခူးက လွန်ဆွဲပွဲ ရုပ်သံကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်က သံဃာတော်တွေ ရေအလှူကားတွေ ဖြတ်နိုင်ဖို့ ရွာတွေကြားမှာ ကိုယ်ထူကိုယ်ထ လမ်းခင်းနေတာကိုလည်း တွေ့နိုင်ပါတယ်။
Comments