ဂီတအနုပညာသည်များနဲ့ နာရေးအနုပညာ
ကျော်သူ
မေ ၈၊ ၂၀၁၀
(မိုးမခက ပြန်လည် တင်ဆက်သည်)
သား - မောင်ကျော်သူ သို့ အမေ့လက်ဆောင် (၉ - ၉ - ၂၀၀၄) ဟူသော အမေ လူထုဒေါ်အမာ ရေးသားထားသည့် “မြန်မာ့မဟာဂီတ” စာအုပ်ကို ကျွန်တော်ပြန်လည် ဖတ်ရှုမိသောအခါ ကျွန်တော်၏ စိတ်အာရုံထဲတွင် အတွေးတစ်ချက်ရသွားသည်။ အမေကတော့ မြန်မာလူမျိုးတို့၏ ဂီတ .. မဟာဂီတ .. ရှေးသီချင်းကြီး သီချင်းခံတို့၏ ပေါ်ပေါက်လာမှု၊ ရပ်တည်မှု၊ ဖြစ်တည်မှု ဂုဏ်ယူဖွယ်ရာတို့ကို စေတနာ အရင်းခံ၍ ဂီတအကြောင်း ထဲထဲဝင်ဝင် ရေးသားထားသည်။
ကျွန်တော်သည် ဂီတနှင့် ကျွမ်းကျင်မှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မရှိခဲ့ရိုးအမှန်။ ဂီတကို နားဆင်ရန်၊ ခံစားရန်သာ ၀င်ဆံ့ခဲ့သည်။ သို့သော် အမေ့ရဲ့စာကို ဖတ်ပြီးသည့်နောက် ကျွန်တော်၏ အတွေးတစ်ချက်သည် နောက်ကြောင်းရာဇ၀င် တို့ကို ပြန်လည်ရောက်ရှိသွားသည်။ ဤတွင် ယခု စာစုတို့ ပေါ်ပေါက်လာခဲ့တော့သည်။
နာရေးကူညီမှုကို (၁၀) နှစ်တာ ကာလအချိန်အထိ ရင်းနှီးထိတွေ့မှုတို့ကြောင့် နာရေးနှင့် ပတ်သက်သော အတွေးဟု ဆိုလျှင် မမှားပေ။
အမေ့၏ စာထဲတွင် .. လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ရှိတဲ့ထဲမှ ကိုယ်ပိုင်ဂီတဆိုင်ရာ ယဉ်ကျေးမှုများလည်း အသီးသီးရှိကြသည်။ ဒါကိုပဲ ကိုယ့်အစဉ်အလာ၊ ကိုယ့်အမွေအနှစ်၊ ကိုယ်ပိုင်ပစ္စည်းပေမို့ ဒါကို အခြေခံပြီး ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲ၍ ကောင်းနိုးရာရာများကို ထပ်လောင်း ဖန်တီးကြရသည်။ ဒါဟာ လူ့အစဉ်အလာ လူ့ဓမ္မတာပါ။ ဂီတဆိုတာ လူတို့ရဲ့ နားသောတ အကြားအာရုံနဲ့ ပတ်သက်ပြီး လူတို့ခံစားနိုင်အောင် လူက တီထွင်ကြံဆ ဖန်တီးထားတဲ့ လူ့ယဉ်ကျေးမှုတစ်ရပ်ပင်။ ဒီ လူ့ယဉ်ကျေးမှုကို လူက လူပေါ်စကတည်းက လုပ်ဆောင်ခဲ့ခြင်းပင် … ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် ရှေးဦး ရှေးခေတ်လူသားများသည် သစ်တုံးအချင်းချင်း တီးခေါက်တဲ့အသံ၊ သစ်ရွက်နှစ်ခုကို ညှပ်ပြီး မှုတ်တဲ့အသံမှ အစပြု၍ ခရုသင်းကို မှုတ်ကြည့်ရာမှ ထွက်လာသောအသံ။ ပျော်၍ဖြစ်စေ၊ ကျောက်ဂူဝမှာ လသာနေလို့ဖြစ်စေ စိတ်ကူးပေါက်ရာ အသံထည့်ပြီး ရေရွတ်သီဆိုခဲ့ရာမှ တစ်ဆင့်ပြီး တစ်ဆင့် ဂီတသံစဉ်တို့ တိုးတက်လာခြင်း ဖြစ်သည်ဟု ပါရှိသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အတိတ်ကာလမှ ယနေ့တိုင် ပြောင်းလဲလာသော ဂီတများကို လေ့လာကြည့်ပါက ရှေးသီချင်းကြီး သီချင်းခံ (ခေါ်) မဟာဂီတမှ အစပြု၍ ခေတ်ဟောင်းကာလပေါ်၊ ခေတ်ပေါ်စတီဒီယို စသဖြင့် ဂီတသံစဉ်တို့ ပြောင်းလဲလာသကဲ့သို့ အဆိုပိုင်းတွင်လည်း နတ်သျှင်နောင်၊ ဘုန်းကြီးပေ၊ ဦးပေါ်ဦး၊ ဦးဖူးခေါင်၊ ဦးမှန်း၊ ဒေါ်အောင်ကြည်မှ စ၍ ဦးမြကြီး၊ ပြည်လှဖေ၊ ဦးမင်းနောင်၊ ဦးတင်လှိုင်၊ တွံတေးသိန်းတန်၊ တိုင်းကျိုးပြည်ကျိုးပြု သီချင်းများ ဘာသာရေး သီချင်းများ ဗုဒ္ဓ၀င် သီချင်းများကို သီဆိုပူဇော်ခဲ့သော ဒေါ်မာမာအေး၊ ဒေါ်ချိုပြုံး၊ ဒေါ်ရီရီသန့်၊ ဒေါ်တင်တင်မြတို့ အပြင် မင်းမင်းလတ်၊ ဘိုဘိုဟန်၊ မြန်မာပြည်သိန်းတန်၊ သန်းနိုင်၊ စိုးပိုင်၊ ထူးအိမ်သင်၊ မန္တလေးသိန်းဇော်၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ မေခလာ၊ ကော်နီ၊ နီနီဝင်းရွှေ၊ မီမီဝင်းဖေ၊ စိုင်းထီးဆိုင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ ဂျေမီတို့အဆုံး ဂီတသမိုင်းကြောင်း ဂီတရာဇ၀င် မှတ်တိုင်အသစ်များ စိုက်ထူပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ခေတ်စနစ်အရ ပြောင်းလဲမှုပင် ဖြစ်တော့သည်။
မည်ကဲ့သို့ မြန်မာ သံစဉ်ပဲဖြစ်ဖြစ်၊ ခေတ်ဟောင်း သီချင်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် သံစဉ်ပဲဖြစ်ဖြစ်၊ Rock ဂီတပဲဖြစ်ဖြစ်၊ Hip Hop ပဲဖြစ်ဖြစ် … အားလုံးတို့သည် ဂီတပင်ဖြစ်တော့သည်။ ဂီတဟု သတ်မှတ်နိုင်သည်။
ဤတွင် ကျွန်တော်၏အတွေး … နာရေးအတွေးကို တင်ပြပါတော့မည်။ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေရန်သူမရွေး အားလုံးတို့သည် သေခြင်းတရားကို မလွန်ဆန်နိုင်ပေ။
ထိုကြောင့် စာပေသမားလည်း … သေမှာပဲ။
ရုပ်ရှင်သမားလည်း … သေမှာပဲ။
သဘင်သမားလည်း … သေမှာပဲ။
ပန်းချီသမားလည်း … သေမှာပဲ။
ဂီတသမားလည်း … သေမှာပဲ ဖြစ်တော့သည်။
ဒါ့ကြောင့် … မသေခင် ဘာလုပ်ကြမှာလဲ။
သေသွားရင်တော့ နောက်ဆုံးတော့ … မီးခိုးနဲ့ပြာ။
ပါသွားမှာက … သရဏဂုံနဲ့ သီလ၊ ကုသိုလ် အကုသိုလ်တို့ပင် ဖြစ်တော့သည်။
သီလဟုဆိုရာတွင် ဒါနနှင့် ဘာဝနာတို့သည် အကျုံးဝင်သည်ဖြစ်၏။ ဒါနသည် လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းမည်၏။ မိမိ၏ ငွေကြေးနှင့် လှူဒါန်းခြင်း၊ မိမိ၏ အသံနှင့် ပူဇော်ဒါနပြုခြင်း၊ မိမိ၏ ရုပ်နှင့် ဒါနပြု ကုသိုလ်ယူခြင်း၊ မိမိ၏ ရေးသားမှုဖြင့် ပူဇော်ကန်တော့ခြင်း၊ မိမိ၏ ရေးချက်ဖြင့် လှူဒါန်းပူဇော်ခြင်း၊ မိမိ၏ ခန္ဓာအား လှူဒါန်းခြင်း စသဖြင့် ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ပန်းချီ ပန်းပု ပညာရှင်တို့များစွာ ရှိခဲ့ပေသည်။ မိမိတို့၏ ဂီတပညာဖြင့် ရှာဖွေထားသော သမာအာဇီဝဖြင့် ရရှိသော ငွေကြေးတို့ကို လှူဒါန်းကြကုန်သော ဒေါ်တင်တင်မြ၊ ကွယ်လွန်သွားပြီဖြစ်သော အဆိုတော် စိုင်းထီးဆိုင်အား ရည်စူး၍ ကျန်ရစ်သော မိသားစုအလှူ၊ ကွယ်လွန်သူ ဖခင်ကြီး ဦးခင်မောင်ညွှန့်အား ရည်စူး၍ လှူဒါန်းကြသော ဒေါ်မြင့်မြင့်ခင်နှင့် မေဆွိတို့ မိသားစု၊ အဆိုတော် Lလွန်းဝါတို့ ဇနီးမောင်နှံ၊ အဆိုတော် အီတိုးတို့ ဇနီးမောင်နှံ၊ အဆိုတော် ဖြိုးမောင်မောင်(Example)၊ ကီးဘုတ် ဗညားနိုင်(Icon Cross)၊ အဆိုတော် ဂျေညီညီနှင့် ဇနီး၊ အဆိုတော် ဂျေညီမလေး၊ သရုပ်ဆောင်အဆိုတော် ထွန်းအိန္ဒြာဗိုလ်တို့ မိသားစု အဆိုတော် မေခလာ … စသဖြင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမှုများ ရှိခဲ့ပါသည်။
ထို့ပြင် မိမိ၏ အသံ၊ အရုပ်တို့ဖြင့် ပူဇော်လှူဒါန်းမှု ပြုလုပ်ခဲ့သည်သာမက မိမိ၏ ခန္ဓာအား လှူဒါန်းခြင်းဖြစ်သော မျက်ကြည်လွှာ လှူဒါန်းထားသော အဆိုတော် ဒေါ်ချိုပြုံး (အန်တီချို)နှင့် ဂီတသံစဉ်သီချင်းဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကျူးရင့်ခဲ့သော အဆိုတော်များစွာ ရှိခဲ့ပါသည်။ အထက်ပါ လှူဒါန်းမှုအစုစုတို့သည် ကျွန်တော် လက်လှမ်းမီသလောက်၊ ကြုံတွေ့ခဲ့ရသလောက် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ထို့ပြင် လွန်ခဲ့သော ၃ နှစ်ခန့်က အဆိုတော် မေရွက်ဝါနှင့် အဆိုတော် စိုးပိုင်တို့သည်လည်း One Men Show ဂီတပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပ၍ ရရှိသော ၀င်ငွေများကို ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုများ ကျင်းပပေးခဲ့ဖူးပါသည်။
လေးစားဦးညွှတ်လျှက်ပါ … ကိုစိုးပိုင်နှင့် မမေရွက်ဝါ
ဂီတစွမ်းအားသည် . . . လူထုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။
လူထုအပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။
လူထုအပေါ် အမြင်မှန်များ ရရှိစေသည်။
အဆုံးစွန်ပြောရသော် … လူထု၏ အယူသည်းမှုများကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတော့သည်။
ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်မှစ၍ ကူညီပံ့ပိုးမှုများ လုပ်ကိုင်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သို့ရာတွင် အယူသည်းမှုများ၊ ဒိဌိအယူစွဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် မိမိ၏ ရုပ်ရှင်အနုပညာလောကမှ အချို့သော သူတို့၏ အယူသည်းမှုတို့ကြောင့် ရုပ်ရှင်မရိုက်ချင် မတွဲချင်သော ထုတ်လုပ်သူ မင်းသား မင်းသမီးများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က ကျွန်တော် ဘဘဦးသုခအား ဤသို့သော အကြောင်းအရာကို သွားရောက်ရင်ဖွင့်ဖူးခဲ့ပါသည်။
ဘဘသည် အပြုံးကလေးနှင့်သာ တုံ့ပြန်ခဲ့သည်။ ထိုစဉ်က ကျွန်တော် သဘောမပေါက်မိခဲ့ပါ။ ယခုအချိန်တွင် ဘဘ၏ အပြုံးကို ကျွန်တော် ကောင်းကောင်းကြီး သိခဲ့သည် ဖြစ်တော့သည်။ ကျွန်တော်တို့ ရုပ်ရှင်လောကမှ ဤသို့သော အယူစွဲများရှိသော်လည်း ဂီတလောကမှ ရဲရဲတောက် ပံ့ပိုးမှု၊ ဒါနပြုမှု၊ ပေးဆပ်မှုတို့ကို ကြုံတွေ့ခဲ့ရပြန်သည်။ အချို့သော မိမိတို့၏ ရုပ်ရှင်လောကသားများအစား အရှက်ရခဲ့ ရသည်။
ဂီတဖြင့် ပေးဆပ်ခဲ့ရပုံကို ပြောပြခဲ့ရသော် … ၂၀၀၆ ခုနှစ်ခန့်က ကျွန်တော်တို့၏ အသင်းဆောင်ပုဒ် ဖြစ်သော “မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ” ဟူသော ဆောင်ပုဒ်ကို တေးရေး/တေးဆို စိုးသိင်္ခသည် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သော ညီဂျော်ထံမှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လက်ကမ်းစာစောင်ကို တွေ့ရှိရာမှ စတင်ခဲ့ပါသည်။
စိုးသိင်္ခသည် အသင်းမှ ထုတ်ဝေသော ပေးဆပ်ကြသူများနှင့်၊ ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွားကြသူများ စာအုပ်ကို ဖတ်ရှုကြည့်ရာမှ သီချင်းရေးလိုစိတ် ဖြစ်ပေါ်လာ၍ ကျွန်တော်နှင့် ဆက်သွယ်မိတော့သည်။ သူ သီချင်းရေးမည်။ အဆိုရှင်ကို မေတ္တာရပ်ခံ၍ ဆိုခိုင်းမည်။ ကျွန်တော်တို့ အသင်းလုပ်ဆောင်ချက် CD ချပ်များတွင် နောက်ခံသီချင်းအဖြစ် ထည့်မည်စသဖြင့် အတွေးစများ ကျွန်တော် ပေါ်ပေါက် လာတော့သည်။ ကျွန်တော်၏ အတွေးစများကို လက်တွေ့အကောင်အထည် ဖော်ကြရာတွင် အဆိုတော် မငယ် (မေခလာ) မှ အားတက်သရော တက်ကြွစွာ ပါဝင်ခဲ့သည်။ ဒုတိယ သီချင်းကို ကွယ်လွန်သွားပြီဖြစ်သော အဆိုတော် နှင်းဧကရီမှ စိုးသိင်္ခနှင့် တွဲဖက်သီဆိုပေးခဲ့သည်။ ဒါတွေဟာ Pop, Rock သမားတို့၏ ဒါန ကုသိုလ်အပိုင်းပင် ဖြစ်တော့သည်။
လေးစားဦးညွှတ်လျှက်ပါ … မငယ် (မေခလာ)၊ နှင်းဧကရီနှင့် စိုးသိင်္ခ။
ထို စိုးသိင်္ခနှင့် မေခလာသီချင်း၊ စိုးသိင်္ခနှင့် နှင်းဧကရီသီချင်းတို့ ပါဝင်သော (အလှူရှင်များကို အခမဲ့ ပေးဝေငှသည့်) CD ချပ်မှာ အလွန်အောင်မြင်မှု ရရှိကာ ခိုးကူးခွေအဖြစ် ရောင်းချမှုများပါ ကြုံတွေ့ခဲ့ရသည်။
ဤ အောင်မြင်မှုကား ကျွန်တော်တို့၏ အယူသည်းမှု တိုက်ဖျက်ရေး အောင်မြင်မှုပင် ဖြစ်တော့သည်။
ထိုစဉ်က ဤ VCD ချပ်ကို ကျွန်တော်၏ ရုပ်ရှင်လောကထဲမှ သွေးသောက်လက်တွဲဖော် “အဓိပတိဘွား” မှ (Edit) ကားဆက်ပေးခဲ့ပါသည်။ ကျေးဇူးတင်ပါသည် … သူငယ်ချင်း သွေးသောက် “အဓိပတိဘွား”။
(ဆက်လက်ဖော်ပြပါမည်)
Comments