Kyaw Thu - Artists and the art of funeral service - 2

ဂီတအနုပညာရှင်များနဲ့ နာရေးအနုပညာ - ၂ -
ကျော်သူ
မေ ၉၊ ၂၀၁၀
 Photobucket
နာရေးကူညီမှု၊ လူမှုရေးလုပ်ငန်းဟု ဆိုရာတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ထမ်းဆောင်ပေးဆပ်မှုတို့ကို လိုအပ်သည်။
 လူမှုရေးလုပ်ငန်းကို မျိုးဆက်သစ်များ ပါဝင်လှုပ်ရှားလုပ်ကိုင်ခြင်းသည် တိုင်းပြည်အတွက် မင်္ဂလာရှိသော၊ အလားအလာကောင်းသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။ 
ထို့ကြောင့် ဒုတိယအကြိမ်မြောက် ကျွန်တော်ထပ်မံ၍ စဉ်းစားမိသည်။ 
ယနေ့ ခေတ်လူငယ်များကို စိုးမိုးလှုပ်ကိုင်နေကြသော Rapper များ၊ Hip Hop ဂီတသံစဉ်များနှင့် လွှမ်းခြုံကာ အယူသည်းမှုတိုက်ပွဲ ထပ်မံဆင်နွှဲရန် ဖြစ်တော့သည်။
ပထမဦးစွာ … ကျွန်တော်တို့၏ အသင်းသား ကိုကိုဦးမှ တစ်ဆင့် ကိုကိုဦး၏ ညီတော်စပ်သူ ချစ်စိုးနှင့် အဆက်သွယ်ရကာ Hip Hop ဂီတဖန်တီးမှုကို အကောင်အထည် ဖော်မိတော့သည်။ 
သူတို့၏ သံစဉ်၊ သူတို့၏ စာသားများသည် ကျွန်တော်တို့၏ နှလုံးသားထဲသို့ တည့်မတ်စွာ ပစ်သွင်းလိုက်သည့် ထက်မြက်စူးရှသော မြှားတစ်စင်းပင် ဖြစ်တော့သည်။ 
ပထမ သီချင်းတွင် Hip Hop၊ Rapper သမား (၁၀) ဦး သီဆိုပေးခဲ့သည်။ ကိုယ်ဆိုမည့် သီချင်းအပိုဒ်ကို ကိုယ်တိုင် ရေးသား၍ ဆိုခဲ့ကြသည်။ ထို Hip Hop ဂီတဖြင့် ပေးဆပ်ခဲ့ကြသော လူမှုရေးစိတ်ဓါတ်ရှိသော လူဆန်သော လူပီသသော မျိုးဆက်သစ် သူရဲကောင်း များမှာ
အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ အာ- တီ၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို  ဖြစ်ပါသည်။ 
မျိုးဆက်သစ် Hip Hop သူရဲကောင်းတို့၏ အတွေးအမြင်များ
 
Hip Hop အဆိုတော် အနဂ္ဃရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်
ကျွန်တော်တို့ရဲ့ နာရေးကူညီမှုအသင်းမှာ လုပ်နေကြတဲ့ ညီငယ် ညီမငယ်တွေ လူကြီးတွေ ဒီထက် ဒီထက် အသက်ကြီးတဲ့ လူတွေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ထမ်းဆောင်တဲ့ လူတွေအများကြီးရှိတာ တွေ့ရတယ်။ ကျွန်တော်လည်း သူများတွေရဲ့ ဈာပနတွေမှာ တွေ့မိတယ်။
သြော် .. ကိုယ်ကျတော့ ဘာမှ မကူညီဘူးလား ဆိုတဲ့အတွေးမျိုး ကိုယ်ကိုယ်တိုင်လည်း ပြန်မေးမိတဲ့ မေးခွန်းရှိတယ်။
ဒီလို သီချင်းမျိုလေး ဆိုလိုက်ရတော့ ကျွန်တော် သီချင်းစာသားကလည်း အရမ်းဆိုးသွမ်းတဲ့ လူတစ်ယောက်တောင် နောက်ဆုံး သေသွားခဲ့မယ် ဆိုရင်တောင်မှ ဒီ အသင်းကြီးက ကူညီပေးတယ်ဆိုတဲ့ အဲလို ပုံစံမျိုးလေး ကျွန်တော် ဆိုထားတာပါ။ ကျွန်တော်က အသင်းဝင်တစ်ယောက် မဟုတ်ပေမယ့် အသင်းရဲ့တာဝန်တွေကို ကိုယ်တိုင် မထမ်းဆောင်နိုင်ပေမယ့် လက်ဆင့်ကမ်းအနေနဲ့ ဒီလောက်လေး ထမ်းဆောင်ပေးရတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။
ဒီလိုမျိုးအသင်းတွေ ရန်ကုန်မှာ ရှိလာတယ်ဆိုတော့ ဒါဟာ ၀မ်းသာစရာပါ။ လူတစ်ယောက်ရဲ့ စိတ်သောက ရောက်နေချိန်မှာ ကူညီပေးတယ်။ လုပ်ပေးတယ်။ လိုလေးသေးမရှိ လှည့်ကြည့်စရာ မလိုအောင် အဲလိုလုပ်ပေးကြတယ် ဆိုတော့ ကိုယ့်အတွက် သွားရမယ့် လမ်းကြောင်းလည်း စိတ်အေးရတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက ဒါမျိုးလုပ်တဲ့အတွက်လည်း တရားရစရာ တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။
ကျွန်တော်က သီချင်းကို အဓိကထားပြီးတော့ ပထမဦးစားပေး စဉ်းစားတာပေါ့။ သူများတွေကတော့ သွားမယ် လာမယ် ငိုမယ် ရယ်မယ် ဒါပဲ။ ကျွန်တော်ကတော့ ဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ ကူညီမှုတွေ တွေ့တဲ့အခါ လူဆန်မှု ရှိကြတယ်ဆိုတာကို ကျွန်တော် မြင်ရတယ်။ လူဆန်မှု ရှိတယ်ဆိုတာကလည်း ကျွန်တော် တစ်ယောက်တည်း ရှိနေလို့ မရပါဘူး။ အားလုံး ရှိမှရမှာပါ။ အပြင်လောကကို ဒီ Message လေးပေးတော့ ပိုပြီး ၀မ်းသာစရာပါ။
ပြီးတော့ ဒီသီချင်းဆိုမယ် ဆိုကတည်းက ဒီ Message လေးအပြင်ကို ရောက်သွားခဲ့မယ်ဆိုရင် “သြော် … အေး … ဒီကောင်လည်း ပါတာပဲ။ ဒီကောင်ကို ကြည့်ရတာ ဒီပုံစံတော့ မဟုတ်ဘူး။ ဒါမျိုးလေးလည်း လုပ်ပေးတာပဲ။ မဆိုးလောက်ပါဘူး။” အဲလောက်လေး ကိုယ့်အပေါ်ကို ဘာမှ မရဘူးဆိုရင်တောင်မှ ကဲ့ရဲ့ ချီးမွမ်းခြင်း တစ်ခုလောက် အဖတ်တင်သွားရင်ဘဲ ကိုယ်က ၀မ်းသာပီတိ ဖြစ်ရတာပေါ့။
အကျိုးရှိတဲ့အဖွဲ့အစည်း၊ လူ့အကျိုးကို သယ်ပိုးမယ့်အဖွဲ့အစည်း၊ လူကို မနှိပ်စက်မယ့် အဖွဲ့အစည်းဆိုရင်တော့ ဒီအဖွဲ့ တစ်ဖွဲ့တည်းတင် မဟုတ်ပါဘူး။ နောက်ထပ်အဖွဲ့တွေ သန်းနဲ့ချီ လိုအပ်ပါတယ်။ 
လူကို နှိပ်စက်နေမယ့် အဖွဲ့အစည်းကိုလည်း ကျွန်တော်တို့အဖွဲ့အစည်းတွေက တိုက်ဖျက်နိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာလို့လဲ ဆိုတော့ လူကို နှိပ်စက်မယ့် အဖွဲ့အစည်း ကမ္ဘာမှာ ပထမ၊ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး ကတည်းက ဒီလို အကြမ်းဖက်မှုမျိုးတွေ မလိုချင်တော့တာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေပြီ။ လူ့အကျိုးကို သယ်ပိုးတဲ့ အဖွဲ့အစည်း အကုန်လုံးကို ကျွန်တော်တို့က Welcome ပါ။ ကြိုဆိုပါတယ်။ ကိုယ်ကူညီခွင့် ရတယ်ဆိုရင်လည်း ကူညီသွားဦးမှာပါ။ 

 
Hip Hop အဆိုတော် ဂျေမီရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်
ဒီသီချင်းထဲမှာ အများကြီးတော့ မဟုတ်ဘူးပေါ့လေ တစ်ယောက်ကို တစ်ကြောင်းနှစ်ကြောင်းနဲ့ (၄)ဘား (၅)ဘား စာလောက်ပဲရှိတာပါ ဒီထဲမှာ ဘယ်လိုခံစားမှုမျိုး ရှိလည်းဆိုတော့ အမှန်ဆုံးဟာပေါ့ ဘယ်သူမှမလုပ်လည်း ငါလုပ်မယ်ဆိုတာပေါ့ အဲဒီလိုမျိုး ရည်ရွယ်ပြီး Point Of View ကနေရေးထားတာပါ
ဒီအလုပ်က ဂုဏ်ယူစရာပါ မတတ်နိုင်တဲ့လူတွေ မြေပဲမြှုပ်မြှုပ်၊ မီးပဲရှို့ရှို့ အဲ့လိုမတတ်နိုင်တဲ့လူတွေအတွက် ကူညီပေးနေတယ်ဆိုတော့ ဒီလို အသင်းမျိုး များများရှိသင့်ပါတယ် ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ တတ်နိုင်သလောက် လူတွေအတွက် တစ်ခုခုလုပ်ပေးရမဲ့တာဝန် အကုန်လုံးမှာ ရှိတယ်လို့တော့ ကျွန်တော်ထင်ပါတယ်
ဒီလိုအသင်းအဖွဲ့မျိုး များများရှိဖို့လည်း ကျွန်တော်ဆုတောင်းပေးနေပါတယ်။ အခုဒီနာရေးကူညီမှုအသင်း(ရန်ကုန်)က အခမဲ့ဖြန့်ဝေတဲ့ DVD အခွေလေးမှာ ကိုယ်ပိုင်အနုပညာနဲ့ ပါဝင်ကူညီခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်တော်အများကြီး ၀မ်းသာပါတယ်၊ ကျွန်တော့်အနေနဲ့ အချိန်လည်းရှိခဲ့မယ် သီချင်းကောင်းတစ်ပုဒ်ဖြစ်လာအောင် မကြိုက်မချင်းပြုလုပ်နိုင်မဲ့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် နောက်ထပ်ကူညီဖို့ ကျွန်တော်ဝန်မလေးပါဘူး။ 
လူငယ်တစ်ယောက်အနေနဲ့ ဒီနာရေးကူညီမှု လုပ်ငန်းပေါ်မှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ကူညီခွင့်ရခဲ့လို့ရှိရင် အစွမ်းကုန် ကူညီပေးမှာပါ။ 
ကျွန်တော်ကိုယ်တိုင် ဘယ်လိုသေမလည်း ဆိုတာမသိဘူး၊ လူငယ်တွေကို ကျွန်တော် ပြောချင်တာကတော့ ပရဟိတလုပ်ငန်း တွေမှာပေါ့နော် များများဝင်ရောက် ကူညီ လုပ်ကိုင် ပေးသင့်တယ်ပေါ့၊ အတင်းကြီးတော့ မလုပ်ခိုင်းပါဘူး။ လုပ်ပေးနိုင်ရင် ပိုကောင်းတယ် လို့ ပြောချင်ပါတယ်။


နာရေး Hip Hop သီချင်းဖြစ်ပေါ်လာအောင် Rapper (၁၀) ဦးအား စုစည်းအကောင်အထည်ဖော်ပေးသူ Hip Hop အဆိုတော် ချစ်စိုးရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပေါ် အမြင်
ကျွန်တော့်ကို နာရေးကူညီမှုအသင်းသား ကိုကိုဦးက ဦးမောင်နဲ့ မိတ်ဆက်ပေးတာပါ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတို့ နာရေးကူညီမှုအသင်း တို့ကို လေ့လာဖို့ခေါ်သွားပါတယ် ကျွန်တော့်ကိုဦးမောင်က အေးအေးဆေးဆေးရှင်းပြတယ်။
 သေတယ်ရှင်တယ်ဆိုတာ ကြီးတာငယ်တာနဲ့ မဆိုင်ဘူး၊ ဆင်းရဲ၊ချမ်းသာတာနဲ့လည်း မဆိုင်ဘူး နာမည်ကြီးတာ နာမည်မကြီးတာနဲ့လည်း မဆိုင်ဘူး အချိန်မရွေးလူတိုင်း သေနိုင်တယ် သေတဲ့ကိစ္စမှာ အခက်အခဲတွေ အများကြီးရှိတယ် ဒီလိုအခက်အခဲတွေကို ကူညီပေးနေတဲ့ ဒီအသင်းကြီးကို ကျွန်တော်တို့လူငယ်တွေ အနေနဲ့ ဘယ်လိုကူညီနိုင်မလည်းပေါ့။
ဒီလိုကူညီဖို့အတွက်ကျွန်တော်တို့မှာ အခက်အခဲတွေရော၊ အတွေးအခေါ်တွေရော အများကြီးရှိတယ်၊ ဒီနာရေး Hip Hop သီချင်းဖြစ်ဖို့အတွက် ကျွန်တော်တစ်ယောက်တည်း လုပ်ဖို့ စဉ်းစားတယ်၊ ဒါပေမဲ့တစ်ယောက်တည်း ဆိုရင် Personal အရမ်းဆန်သွားလိမ့်မယ် အများနဲ့လုပ်မှ လူငယ်ဆိုတဲ့ပုံ ပိုပေါက်သွားမယ် ကျွန်တော်တို့ လူငယ်တွေကလည်း နာရေးကူညီမှုအသင်းကို စိတ်ဝင်စားကြပါတယ်၊
လူငယ်ဆိုတဲ့သဘောက ပျော်မယ်ပါးမယ် ဆိုတာထက် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာ ပြချင်လို့ သူငယ်ချင်းတွေကို လိုက်မေးကြည့်တယ် တချို့ပြောပြီး မပါဖြစ်တဲ့ လူတွေလည်းရှိတယ်။ အသံသွင်းတဲ့နေ့ကျမှ ရောက်လာပြီး ဆိုဖြစ်သွားတဲ့ လူတွေလည်းရှိတယ် အဓိကကတော့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ စလုပ်ဖြစ်တယ်၊ 
လူငယ်တွေ အကုန်လုံးပါဝင်ပြီး ကောင်းတဲ့အလုပ်ကို ကူညီတာ ဒါကျွန်တော်တို့ အားလုံးရဲ့ အဓိကရည်ရွယ်ချက်ပါ။ 
ဒီ Hip Hop သီချင်းကို မရေးခင် တီးတဲ့အပိုင်းအရင်ဆုံး စဉ်းစားလိုက်တာက ကျွန်တော်နဲ့ Professional လုပ်ဖူးတဲ့ ကိုကြီးကျော်ဆီကိုသွားတယ် သူကလည်း အားတက်သရောနဲ့ ရတယ် ကူညီမယ် ဆိုပြီးတော့ လိုက်ဖက်တဲ့ Beat ကို သူရှာပေးတယ် သူ့မှာလည်းသီချင်းနှစ်ပုဒ်ရှိတယ်ပေါ့။
တစ်ပုဒ်က ပုံမှန်၊ တစ်ပုဒ်က Tambling ဖြတ်ထားတယ် Psycho ဆန်တဲ့ Tune တစ်ခုကိုပြန်တီထားတာ သီချင်းလေးနဲ့လိုက်တယ်ပေါ့ Rap စာသားလည်း ကောင်းကောင်းရေးလို့ရတဲ့ ပုံစံမျိုးလည်း သူကရွေးပေးလိုက်တယ် Cho: အပိုဒ်ကျတော့ ဘိုလေးနဲ့ ကျွန်တော် နှစ်ယောက် ရေးတယ် ဒီသီချင်းမှာပါတဲ့ လူတွေ နာမည်ကျွန်တော်ပြောပြမယ်၊
ကျွန်တော်(ချစ်စိုး)ပါတယ်၊ J Me ၊ ချမ်းအေးဝင်း၊ ဘိုလေး၊ ချိုချို၊ - အနဂ္ဃ၊ အားတီ၊ Cyclone က သုတ၊ G Tone၊ ပြည်သာ၊ အားလုံး (၁၀)ယောက် ပါတယ်။ ကိုယ်ဆိုမဲ့ အပိုဒ်ကို ကိုယ့်ဟာကို ရေးကြတယ်။ အားလုံးတစ်ရက်တည်း စတူဒီယိုမှာ စုလိုက်တယ်။ ချက်ချင်းရေးပြီးတော့ ချက်ချင်းသွင်းကြတယ်၊
အိမ်တစ်အိမ်မှာ နာရေး ကြုံလာပြီဆိုရင် ဆုံးသွားတဲ့ လူအတွက် ပထမ ၀မ်းနည်းတယ်။ ဝေယျာဝစ္စတွေလုပ်ရတယ်။ အမျိုးတွေကို သတင်းပေးရတယ်၊ အခက်အခဲတွေ အများကြီးရှိတယ်။ နာရေးကူညီမှုအသင်းရှိတဲ့အတွက်၊ အခက်အခဲတွေ အများကြီးအဆင်ပြေသွားတယ်၊
ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဖိုးတို့၊ ဘာတို့ဆုံးတုန်းကလည်း ဒီ နာရေးကူညီမှု အသင်းကြီးကပဲ အကူအညီ ပေးခဲ့တာပါ။ သူတို့ကိုယ်တိုင်လည်း ပြောပြတယ်။ ဒီအသင်းကြီးရှိလို့ တော်တော် အဆင်ပြေသွားတယ်ပေါ့ ဒီလိုမျိုး စကားသံတွေ ကြားနေရတယ်။ မြင်ရတယ်။ ဒီအသင်းက လူတွေ လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ပေးတာပါ။
ကျွန်တော်က ဆရာဝန်လောင်း တစ်ယောက်ပါ။ ကျွန်တော် နက်နက်နဲနဲ တွေးဖူးတာ တစ်ခုရှိပါတယ်။ ဒီအတိုင်း ကြည့်ရင်တော့ မျက်စိရှေ့မှာ မြင်နေရတာဘဲ သေသေချာချာသိတော့မှ ပိုပြီး မြင်တတ် လာတာပါ၊
အသင်းရဲ့ လုပ်ဆောင်ချက် DVDကို ဦးမောင်က ကျွန်တော့်ကို အရင်ပြတယ်။ အဲ့ဒီ အခွေထဲမှာလည်း တကယ်ကူညီ ထားတဲ့ ဟာတွေကို Documentary ရိုက်ထားတာကို ကျွန်တော်ကြည့်ရတယ် အခွေကို ကြည့်ပြီးတဲ့အခါ ကျွန်တော် ပိုပြီးတော့ တွေးခေါ်တတ်လာတယ်။







လေးစားဦးညွှတ်လျှက်ပါ … Hip Hop သူရဲကောင်းများ။
ဤတစ်ကြိမ်တွင် DVD အချပ်ကို ကျွန်တော်၏ ရဲဘော်တစ်ဦးဖြစ်သော ကိုဖြိုးမှ (Edit) ကားဆက်ပေးခဲ့ပါသည်။ ကျေးဇူးကမ္ဘာပါ ကိုဖြိုး … ။
ဒါတွေဟာ … သူတို့ရဲ့ နှလုံးသား … ခံယူချက်
သူတို့ရဲ့ နှလုံးသား … ပေးဆပ်မှု
သူတို့ရဲ့ နှလုံးသား … ဒါနတရားတို့ပင် ဖြစ်တော့သည်။
ဤကဲ့သို့ မျိုးဆက်သစ်များ၏ ရဲရဲတောက် ပေးဆပ်မှု၊ နားလည်မှု၊ စည်းရုံးမှုတို့သည် အနာဂတ်ပန်းတိုင်အတွက် အဖိုးမဖြတ်နိုင်သော အတိတ် နိမိတ်ပင် ဖြစ်သည်။
ဤတွင် ကျွန်တော်တို့၏ လူ့သက်တမ်းကို ပျမ်းမျှ (၇၅) နှစ် ခန့်မှန်းခြေထားရှိသော် -


ထို့ကြောင့် ကျွန်တော်သည် လူ့ဘ၀တွင် နေထိုင်ရန် ရက်ပေါင်း (၈၀၀၀) ကျော်ကျော်သာ လိုတော့သည်။
ဤသည်မှာ ပျမ်းမျှချိန်ဆ တွက်ချက်မှုပင် ဖြစ်သည်။ ဤရက် ဤအချိန် မတိုင်မီ ရောဂါဝေဒနာကြောင့်၎င်း၊ ထိခိုက်မှုကြောင့်၎င်း၊ မိမိတို့၏ လူ့သက်တမ်းကုန်ခဲ့သော် သင့်တို့အတွက် ဘာများကုသိုလ် လုပ်ရပ်များ လုပ်ဆောင်ပေးခဲ့ ပြီးပြီနည်း … ? ဟု မေးစရာ ပေါ်လာတော့သည်။
နောက်ဆုံးတော့ … မီးခိုးနဲ့ ပြာ ပါသွားမှာက … သရဏဂုံသီလ၊ ကုသိုလ်၊ အကုသိုလ်တို့ပင် ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်ရသော် …

Classic သမားလည်း . . . သေမှာပဲ။
Pop သမားလည်း . . . သေမှာပဲ။
Rocker ကြီးလည်း . . . သေမှာပဲ။
R & B ကြီးလည်း . . . သေမှာပဲ။
Hip Hop တွေလည်း . . . သေမှာပဲ။
ကျော်သူ ကြီးလည်း . . . သေမှာပဲ။

ဒါကြောင့် ကမ္ဘာမြေပြင်ပေါ် ရောက်တုန်းရောက်ခိုက် မိမိတို့ တတ်စွမ်းသော အနုပညာဖြင့် ပေးဆပ်လိုကြသော ပရဟိတ သူရဲကောင်း အနုပညာသမားများကို ကြိုဆိုလျှက် . . . .
(ကျွန်တော့်အား မျိုးချစ်စိတ်ဓါတ်၊ ဘာသာရေးနှင့် လူမှုရေး အသိစိတ်ဓါတ်များကို လမ်းပြပို့ဆောင်မှုများ ပေးခဲ့သော ကွယ်လွန်သွားပြီ ဖြစ်ကြသော အမေ လူထုဒေါ်အမာ နှင့် ဘဘ ဦးသုခတို့အား ဦးထိပ်ပန်ဆင်လျှက် )

တစ်ချိန်က .. သရုပ်ဆောင် ဒါရိုက်တာ
 
ကျော်သူ
( 1959 - 20?? )

Comments

Unknown said…
This comment has been removed by the author.