ရန်ကုန်ရှုခင်း - မေ ဒုတိယပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မေ ၁၃၊ ၂၀၁၀
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၅၀-၁၀၀-၁၅၀-၂၀၀ ကျပ်တန် ဘတ်(စ)ကား အတွင်းမြင်ကွင်း
ရေနွေးအိုးထဲ ကူးခတ်နေတဲ့ ဖားများ
အယ်နီညိုရဲ့ ဒဏ်ခံရတဲ့နွေရာသီက ခါတိုင်းထက်ပိုရှည်လျား နေပြီး မြန်မာပြည်ရဲ့ အခြားသော ဒေသတွေလိုပဲ ရန်ကုန်မှာလည်း ရေရှားတဲ့ဒဏ်ကို ခံစားနေကြရပါပြီ။ ရန်ကုန်ဆိုလိုက်တာနဲ့ ရန်ကုန်မြို့လည်မှာလား ရွှေတောင်ကြားမှာလား၊ အင်းလျားလမ်းမှာလား လို့မေးစရာရှိပါလိမ့်မယ်။ အင်းလျားလမ်း၊ ရွှေတောင်ကြား လိုလူကုံထံတွေ နေတဲ့နေရာမှာ ရေမလာလျင်လည်း စက်ရေတွင်း တူးထားပြီး မီးစက်နဲ့ စုပ်တင်မှာဖြစ်ပေမယ့် လူဦးရေ ထူထပ်တဲ့ ကျောက်မြောင်း၊ စမ်းချောင်းနဲ့ မြို့လည်မြို့နယ်တွေမှာ နေထိုင်သူတွေအတွက် ပျက်လွန်းတဲ့ လျှပ်စစ်မီးနဲ့ ရေရှားပါးမှုကြားမှာ အလူးအလဲ ခံနေကြရတာပါ။ ထို့နည်းတူစွာပဲ ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ၁၀မိနစ် ကူးတို့ကူးတဲ့ ဒလမှာ နေထိုင်သူတွေလည်း ရေရှားပါးမှုဒဏ်ကို အတော်လေး ခံစားနေကြရပါတယ်။
တောင်ဒဂုံ၊ မြောက်ဒဂုံမြို့သစ်တွေမှာနေသူတွေလည်း ပုံမှန်လာနေတဲ့ ပိုက်ရေက မလာတချက်၊ လာတချက်၊ ရေ ရောက်တဲ့နေရာကရောက် မရောက်တဲ့နေရာက မရောက်နဲ့ နွေလယ်ခေါင်မှာ ရေအတွက် ဒုက္ခရောက် နေကြရတာပါ။ မြို့ထဲမြို့နယ်တွေလို အထပ်နဲ့ လူနေအိမ်မှာ နေထိုင်သူတွေခမြာ တနေ့လုံး မလာတဲ့ လျှပ်စစ်မီး ပြတ်တောက် ပြတ်တောက်နဲ့ လာမယ့် ညသန်းကောင်ယံ ၂နာရီ၊ ၃နာရီကို စောင့်ပြီး ရေစုပ်တင်နေကြရတာပါ။ အပူဒဏ်နဲ့ အိပ်ရေးပျက်ဒဏ်ကြားမှာ ရန်ကုန်မြို့နေထိုင်သူတွေလည်း ဒုက္ခပင်လယ်ဝေနေတယ်လို့ ပြောရင်လွန်လွန်ကျူးကျူး ပြောရာမကျပါ။
နေ့စဉ် အလုပ်က တဘက် နေတဲ့အိမ်မှာ ရေရဖို့ အိပ်ရေးပျက်ရတာက တဖုံနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ဟာ ဘာနဲ့တူနေသလဲဆို ရေနွေးအိုးထဲ ထည့်ပြုတ်ခံရတဲ့ ဖားပုံပြင်လိုပါပဲ။ ဖြေးဖြေးချင်း အပူရှိန်မြှင့်ပေးလာနေတဲ့ ရေနွေးအိုးထဲ ရောက်တဲ့ဖားဟာ အသက်မသေပဲ ကူးခတ်နေသေးတဲ့ ပုံပြင်ထဲကလိုပါ။ ဒီပုံပြင်ကို တော်တော်များများ ဖတ်ဖူးကြားဖူး ကြမယ်ထင်ပါတယ်။
မြန်မာပြည်သူတွေကို နအဖ စစ်အစိုးရက ဒုက္ခတွေ တစ်ခုပြီးတစ်ခုတိုးပေး လာနေတော့ လူတွေရဲ့ ဘ၀ဟာ မနေ့ကနဲ့ ယှဉ်ရင်ဒီနေ့နည်းနည်း တော်သွားသလိုခံစားရာကနေ နောက်တနေ့ကျတော့ အရင်ကထက် ပိုဆိုးတဲ့ အခြေအနေရောက်လာပါတယ်။ ဒါပေမယ့်လဲ နကိုဒုက္ခထက် နည်းနည်းပိုတာပဲလေဆိုပြီး ကြိတ်မှိတ်ခံပြီး ရှင်သန်ဖို့ရာ လိုက်ညှိပြီး နေထိုင်တဲ့အတွက် အဲဒါကိုပဲ ပုံမှန်ဘ၀လို့ ထင်လာကြပြန်ပါတယ်။
ပြည်သူတွေကို တနေ့ထည်းနဲ့ ဒုက္ခတွေ တပြုံချည်းစုပြီးပေးတာ မဟုတ်ပဲ တစ်ရစ်ချင်း တစ်ရစ်ချင်းပေးနေလို့ လူတွေရဲ့ ခံနိုင်ရည်က ပိုမိုမြင့်လာတဲ့ အဖြစ်က ရေနွေးထဲမှာ ကူးခတ်နေနိုင်တဲ့ ဖားဘ၀နဲ့ အတူတူပါပဲ။ နအဖ အစိုးရဟာ ပြည်သူတွေကို တခါထည်း ကိစ္စတုန်းအောင် မလုပ်သေးပဲ ရေနွေးထဲမှာ ဖားတွေကူးခတ် နေနိုင်ကြောင်းကို နိုင်ငံတကာကိုလည်း ပြသချင်ပါသေးတယ်။ ဖားဘ၀ ရောက်နေတဲ့ မြန်မာပြည်သူတွေ ရေနွေးအိုးထဲမှာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေတယ် ဆိုတဲ့ ရုပ်ပုံကိုပြပြီး အပြင်ကသူတွေထင်သလို ဒုက္ခရောက်နေတာ မဟုတ်ပါဘူးဆိုတာ နအဖရဲ့ ၀ါဒဖြန့်ချိမှုတွေဖြစ်တဲ့ သတင်းစာတွေမှာ တွေ့မြင်ရမှာပါ။
ဒါပေမယ့် ဒီစာကို ရေးတဲ့သူကတော့ ရေနွေးထဲကူးနေတဲ့ ဖားတွေထဲက တစ်ကောင် ဖြစ်နေတော့ အိုးထဲကရေ ဘယ်လောက်ပူသလဲ ဆိုတာ ကိုယ်တိုင်ပြောပြနိုင်တာပါ။ အခုသတင်းရေးနေတဲ့ ညသန်းကောင် အချိန်မှာပဲ လျှပ်စစ်မီးဟာ အကြိမ်ကြိမ်ပျက်လိုက် လာလိုက် ဖြစ်နေတာပါ။
ရန်ကုန်နေ့လည်ခင်းနေကို ထီးဖြင့်ကာကွယ်လျှောက်လာသူ တစ်ဦးနှင့် ဆိုက်ကားတစ်စီး
အပူဒဏ်ကြောင့် သေဆုံးမှုများပြား
ရန်ကုန်မြို့မှာ အပူဒဏ်နေ့စဉ်ရက်ဆက် ပြင်းထန်တာကြောင့် အပူဒဏ်က သက်သာရာ ရှာပြီး ခေါင်းကို ရေလောင်းမိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ ယခုရက်ပိုင်း သေဆုံးကြရတာ နေ့စဉ်နဲ့ အမျှကြားသိနေရပါတယ်။ သင်္ကြန်ပြီးကတည်းက တောက်လျှောက်ပူလာလိုက်တာ ၃ပတ်ကျော်လာခဲ့ပြီး မိုးတကြိမ်မှ မရွာသေးတာကြောင့် တနေ့တာကို ကုန်ဆုံးဖို့ရာ အပူဒဏ်ကနေ သက်သာရာရှာရင်း အလုပ်လည်း မပျက်ရအောင် ချိန်ညှိပြီးနေထိုင်နေကြရပါတယ်။
ခါတိုင်း ထီးမဆောင်းတဲ့သူတွေလည်း အခုတော့ ထီးကိုဆောင်ရပါတော့တယ်။ နံနက် ၉နာရီကျော်ရင် နေအပူရှိန်ဟာ ထီးမဆောင်းလို့မရလောက်အောင် ဖြစ်နေပါပြီ။ ညနေ ၅နာရီကျော်ထိ ထီးဆောင်ကြရပါတယ်။ ခါတိုင်း ထီးကိုင်လေ့ မရှိတဲ့ အမျိုးသားတွေ၊ လူငယ်တွေတောင် ပြင်းထန်လွန်းတဲ့ နေရောင်နဲ့ အပူဒဏ်ကို မခံနိုင်လို့ထီးကိုယ်စီ ဆောင်နေကြတာတွေ့ရပါတယ်။ တိုက်အရိပ်ကိုလည်း ခိုဖို့မလွယ်တော့။ နေက တောင် နဲ့မြောက်အရပ် ဘယ်ဘက်ကိုမှ မယိမ်းတော့ပဲ အလယ်တည့်တည့် ပူတာကြောင့် ရန်ကုန်မြို့ရဲ့အရှေ့အနောက် တန်းဖောက်ထားတဲ့ လမ်းမကြီးတွေမှာ တိုက်ရိပ် မခိုနိုင်တော့ပါ။
အချို့ကတော့ အနားကျယ်ကျယ် မြက် ဦးထုပ်တွေဆောင်း၊ နေကာမျက်မှန်တပ်၊ ရေသန့်ဗူးကို လက်မှာကိုင်လို့ အပြင်ထွက်ပြီးတော့ နေ့တနေ့ရဲ့ လုပ်စရာကိုင်စရာတွေကို လုပ်ကြရပါတယ်။ ရန်ကုန်မြို့ရဲ့ နေ့လည် မွန်းလွဲပိုင်းတွေမှာ လမ်းတွေပေါ်မှာ အသွားအလာကျဲပြီး ဘတ်စကားတွေပဲ များများစားစား တွေ့ရပါတယ်။ နေ့လည်နေ့ခင်း ဆိုက်ကားနင်းသူတွေခမျာ နေ့တွက်မကိုက်သေးတော့ နားလည်း မနေနိုင်၊ မွန်းလွဲ ၁နာရီ ၂နာရီမှာ ငှားစီးသူလာရင် လိုက်ရတာပါပဲ။ ဒီနေ့ မွန်းလွဲ ၂နာရီကြီးမှာ ဆိုက်ကားငှားတော့ အသက် ၄၀ ကျော်အရွယ် ဆိုက်ကားဆရာမှာ လိုက်ရရှာပါတယ်။ နေပူပြင်းတုန်း နားမနေနိုင်ဘူးလားလို့ မေးတော့ ``မနားနိုင်ပါဘူး။ ငှားတဲ့သူလာတုန်း လိုက်ရတာ။ နေ့လည် ၁၂နာရီကတည်းက စောင့်နေတာ အခုမှ တယောက်ရတာ´´လို့ ပြောပါတယ်။
ဒီရက်အတွင်း ကိုရင်ဝတ်ဖို့ နေပူပူထဲ ရှင်လောင်းလှည့်ပြီး ပြန်အလာ ဆံချကာ ရေလောင်းချိုးပြီးနောက် ကိုရင်လောင်း ၉ပါး အသက်ဆုံးရှုံးသွားရတယ် ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ပြန့်နှံ့နေပါတယ်။ သင်္ဃန်းကျွန်း မြို့နယ်က ကျောင်းထိုင်ဆရာတော် တပါးကတော့ သူ့အနေနဲ့ အဲဒီအဖြစ်ကိုလည်း ကြားတယ်။ သူ့ကျောင်းမှာ ကိုရင်ဝတ်၊ ရဟန်းလာဝတ်သူဆို အေးအေးဆေးဆေး ဖြစ်တဲ့ ညနေ ၅နာရီကျော်မှ ဆံချပေးတဲ့အကြောင်း မိန့်တော်မူပါတယ်။
ဒီရက်ပိုင်းအတွင်း သာကေတ ကားမှတ်တိုင်မှာ လူတယောက် လဲကျနေတာကို အခြားခရီးသည်တွေ တွေ့တော့ ရဲစခန်းအကြောင်းကြားကြပြီး ရဲကလာစစ်ဆေးတော့ အပူရှိန်ဒဏ်ကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး လဲကျနေတာလို့ သိရပါတယ်။ အသက်ရွယ် ကြီးရင့်သူတွေလည်း ပူပြင်းတဲ့ဒဏ်ကြောင့် အသက်ဆုံးရှုံး နေကြတာ ကြားသိနေရပါတယ်။ နာရေး ကြော်ငြာကြည့်လိုက်ရင် ၈၀ကျော်မှ ၉၀ ၀န်းကျင်တွေ အတော်များများတွေ့ နေရပါတယ်။
ယခုလို ပြင်းထန်လွန်းပြီး ရက်ဆက်နေတဲ့ အပူရှိန်ဒဏ်ကို ရက်အတန်ကြာ ထပ်မံခံစားကြရဦးမယ့် အခြေအနေရှိပါတယ်။ မိုးလေ၀သ ခန့်မှန်းချက်တွေ အရမြန်မာပြည် အလယ်ပိုင်းကို မေလရဲ့ တတိယ ၁၀ ရက်ပတ်မှာမှ မုတ်သုန်လေ ၀င်ရောက်မယ်လို့ ဆိုထားလို့ပါပဲ။
အပူဒဏ်သက်သက်မဟုတ်ပဲ မိုးနောက်ကျတာကြောင့် ရေတွင်းရေကန်တွေပါ ခန်းခြောက်ကုန်တဲ့ သတင်းတွေ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး စတဲ့အရပ်ဒေသတွေမှာ ထွက်ပေါ်နေပါတယ်။
စုတ်ပြဲနေသည့် ဘတ်စကား ထိုင်ခုံ၊ ရေသန့်ဗူးဖြင့် ကားအင်ဂျင်အအေးခံစနစ်ကို ရေသွယ်ထားသည့်ဘတ်စကား
ကျောက်မြောင်း-ရန်ကင်း-တောင်ဥက္ကလာ-ဒဂုံ ညနေ ၆နာရီ
ရန်ကုန်မြို့တွင်း ခရီးသွားလာရေး အဓိက ကျောရိုးက ဘတ်စ်ကားတွေပါ။ ရထားစနစ်လည်း မရှိသေးသလို မြန်မာပြည်မှာ ကိုယ်ပိုင်ကားဝယ်စီးနိုင်ဖို့ ဆိုတာလည်း တော်ရုံဝင်ငွေနဲ့ အိပ်မက်မမက်နိုင်ပါ။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ စတင်လိုက်တဲ့ အထူးကား ဆိုတာတွေကတော့ အခြားဘယ်နိုင်ငံနဲ့မှ တူနိုင်မယ် မထင်ပါ။
၂၀၀၀ ခုနှစ်ဝန်းကျင်က အရင် ဟွန်ဒေးဘတ်(စ)ကားတွေ၊ မီနီဘတ်(စ)တွေ၊ ဒိုင်နာတွေ အပြင် ဂျပန်တစ်ပတ်ရစ် လူ၆၀ ၀န်းကျင်ဆန့်တဲ့ ဘတ်(စ)ကားတွေ တင်သွင်းလာပြီး လေအေးပေးစက်ဖွင့်ကာ တခါစီး ၂၀ ကျပ်သတ်မှတ်ကာ အဲကွန်းဘတ်(စ) လို့အမည်တွင်ခဲ့ပါတယ်။ စတင်ပြေးဆွဲပြီး မကြာမီမှာပဲ အဲကွန်းတွေမဖွင့်တော့ မှန်တွေဖွင့်ပြီး ယာဉ်စီးခ ၂၀ သာအဖတ်တင်ကျန်ခဲ့ပါတယ်။
အဲလိုနဲ့ ၁၀ နှစ်နီးပါးအကြာ အဲကွန်း ဘတ်(စ)ဆိုတဲ့ အခေါ်အဝေါ်လည်း ကြာတော့ပျောက်ကွယ်ပြီး ယာဉ်စီးခလည်း အနိမ့်ဆုံး ၅၀ ကျပ်ကနေ အမြင့်ဆုံး ၂၀၀၊ ၂၅၀ ကျပ်အထိမြင့်တက်လာပါတယ်။ အဲကွန်း ဘတ်(စ)ဆိုတာတွေဟာ ထိုင်ခုံတွေ စုတ်ပြတ်၊ ကားကြမ်းခင်းတွေပေါက်ပြဲနဲ့ အရင်တုန်းက အဲကွန်းဖွင့်ပြေးဆွဲခဲ့တယ် ဆိုတာပြောရင် ယုံနိုင်စရာတောင် မရှိပါဘူး။
မနှစ်ကတော့ ထပ်သွင်းလာတဲ့ ဂျပန်တစ်ပတ်ရစ် ဘတ်(စ)ကားတွေကိုပဲ ကားထဲမှာ ၃ယောက်ထိုင်ခုံနဲ့ ၂ယောက်ထိုင်ခုံ နှစ်ခြမ်းခွဲပြီး အထူးကား လို့အမည်ပေးကာ တက်စီးတာနဲ့ ကျပ် ၂၀၀ သတ်မှတ်လိုက်ပြန်ပါတယ်။ ခရီးသည်တွေ အနေနဲ့ ၅၀ ကျပ်တန်ကားလို မှတ်တိုင်မှာ အကြာကြီးမစောင့်ပဲ ထိုင်ခုံအပြင် လူအပိုမတင်ရ ဆိုတဲ့အထူးကားတွေကို သပ်သပ်ရပ်ရပ် စီးချင်ရင်ရွေးစီးလာကြပြန်ပါတယ်။ ပြည်တွင်းမှာ ထိုင်ခုံတွေကို ပြန်လည် တပ်ဆင်ပြီး ကြပ်ညှပ်နေအောင် လုပ်ထားလို့ အရပ်အနည်းငယ်မြင့်သူ၊ ၀သူတွေအတွက် အထူးကားထိုင်ခုံတွေ ထိုင်ရင်ဒူးမလွတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက ထိုင်ခုံတွေအကြား လူတယောက် လျှောက်ရုံသာ လမ်းမှာ လူအပိုမတင်ရလို့ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ထားပေမယ့်လည်း တကယ်တန်း ကျတော့ ဘတ်(စ)ကား စပါယ်ယာတွေက တင်နေတာကို တွေ့မြင်နေရပါတယ်။
ညနေ ၆ နာရီ မော်တင်ကနေ ထွက်လာတဲ့ ၂၃၇ လိုင်း အထူးယာဉ်မှာ ရုံးပြန်ချိန် ဈေးတွေ ကုမ္ပဏီတွေ ဆင်းချိန် ပြန်တဲ့ခရီးသည်တွေနဲ့ ငါးပိငါးချဉ်သိပ်သလို ညှပ်သပ်နေပါတယ်။ စပါယ်ယာ နှစ်ဦးနဲ့တောင် မလုံလောက်လို့ အရံအပိုတယောက်လည်း ပါလာပါသေးတယ်။ စပါယ်ယာ တယောက်က``ရုံးဆင်းချိန်၊ ခရီးသည်များချိန်မို့လို့ ကျေးဇူးပြုပြီး သည်းခံစီးနင်းပေးကြပါ´´လို့ မေတ္တာရပ်ခံနေပါတယ်။
၃၈ လမ်း မှတ်တိုင်ကတည်းက တက်လာတဲ့သူတွေ ခမျာ ထိုင်ခုံနေရာ မရရှာကြတော့ပါ။ အလယ်လျှောက်လမ်းမှာ ဘယ်လှည့် ညှာလှည့်နဲ့ ဟိုဘက်စောင်း ဒီဘက်စောင်းပြီး စီးနင်းလာကြရပါတယ်။ တခါ စိန်ပေါ်လ် မှတ်တိုင်၊ သိမ်ဖြူဈေး ၊ မင်္ဂလာဈေးတို့ကနေ တောင်ဥက္ကလာ မြောက်ဒဂုံ ပြန်မယ့် ခရီးသည်တွေ တိုးဝှေ့တက်လာကြပါတယ်။ ထိုင်ခုံတွေမှာ ထိုင်နေတဲ့ ခရီးသည် ၆၀ ကျော်ဆို အလယ်လမ်းကျဉ်း လေးထဲ ခရီးသည် ၃၀လောက် တိုးဝှေ့နေကြတာပါ။ ဒီကြားထဲ ဆင်းချင်တဲ့ ခရီးသည်ပါလာရင် ခရီးသည်ကို ကိုယ်လုံးကို လှည့်ပြီးတိုးဖို့ စပါယ်ယာက အကြံပေးပါတယ်။ ဆင်းမယ့် ခရီးသည်ခမျာ လျှောက်လမ်းကြားထဲ ကြပ်ညှပ်သပ်နေတဲ့ အခြားခရီးသည်တွေကြားက လက်ကိုင်အိတ်ကို အပေါ်မြှောက်ကာတိုးထွက်ရ ပါတယ်။
ညနေအိမ်စောစော ပြန်ရောက်ချင်တဲ့ ဆန္ဒနဲ့သာ ဒီကားကို တိုးဝှေ့စီးကြရတာပါ။ ခရီးသည်တွေရဲ့ မျက်နှာမှာ ချွေးတလုံးလုံးနဲ့ ပင်ပန်းတဲ့ဟန်နဲ့ မွန်းကြပ်တဲ့ ခံစားမှုက အတိုင်းသားပေါ်လွင်နေပါတယ်။ ပန့်စပင်ပုံစံ ညှပ်ထားတဲ့ လူငယ်တဦးလည်း ဘေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ကာ ကျွန်တော့်ထိုင်တဲ့ နဘေးမှာ ရပ်နေပါတယ်။ သူ့ရဲ့ နဘေးမှာတော့ ကောင်းကောင်းမွန်မွန် ၀တ်စားထားတဲ့ အမျိုးသမီး နှစ်ဦး၊ ခဏကြာတော့ သူ့ရဲ့ လက်ကိုင်ဖုန်းက `တွီတွီတွီ ´ဆို ကျယ်လောင်စွာ မည်လာပါသေးတယ်။ သူက ဖုန်းကိုထုတ်လိုက်ပြီး``အေး သူငယ်ချင်း နင်ငါ့အိမ်ရောက်နေလား၊ ငါကအခု ရန်ကင်းကိုသွားနေတာ၊ ဒီနေ့တော့ ငါအချိန်မှီပြန်မရောက်ဘူးထင်တယ်။ မနက်ဖြန်မှတွေ့မယ် ၃၇၆ ကိစ္စလည်း မနက်ဖြန်တွေ့တော့ပြောကြတာပေါ´´ဆိုပြီးလူကြပ်ညှပ်နေတဲ့ ကားထဲမှာ ကြိုးစားပြီးပြောနေပါတယ်။ ရှေ့နေတွေဖြစ်ပုံရပြီး အမှုကိစ္စနဲ့ ပတ်သက်လို့ နောက်တနေ့ ချိန်းဆိုနေကြပုံပါ။
ထိုင်ခုံနေရာ ရထားသူတွေ ဘ၀လည်း မရပ်ရ တိုးဝှေ့တာ မခံရတာသာ ရှိပေမယ့် ခုံရဲ့ အောက်က ဂက်စ်အိုး တွေကိုထည့်ထားတဲ့ ပုံးကြီးခုနေတာကြောင့် ခြေထောက်ကို အောက်ထိချမရသလို ရှေ့ကိုထွက်နေတဲ့ ဒူးကလည်း ရှေ့ထိုင်ခုံကိုထောက်နေလို့ မကြာခဏ ခြေထောက်ကို ပြင်ပြီးထိုင်နေရပါတယ်။ နေ့လည်နေ့ခင်း ခရီးသည် မများချိန်မှာ မြို့ထဲနဲ့ ဒဂုံမြောက်ကို ၄၀-၄၅ မိနစ်သာမောင်းပေမယ့် အခုလို ညနေခင်း ခရီးသည်ပြည့်ကြပ်နေချိန်မှာတော့ ၁နာရီကျော်ကြာမြင့်ပါတယ်။ ခရီးသည်တွေ တက်တာ ဆင်းတာနဲ့ တိုးဝှေ့ဆင်းနေရတာကြောင့် အချိန်လင့်တာကြောင့်လည်း ဖြစ်ပါတယ်။
မြောက် ဒဂုံကို ၀င်လာချိန်မှာတော့ ကားပေါ်မှာ ခရီးသည် အနည်းငယ် ချောင်သွားပါပြီ။ ညနေခင်း အိမ်ပြန်တဲ့ အလုပ်လုပ်သူတွေလည်း ကိုယ့်အိမ်ကို အမြန်ဆုံး ပြန်ရောက်ချင်နေကြပါပြီ။ ချွေးတွေနဲ့ စိုနေတဲ့ အကျီင်္ကို လှည့်ကိုင်ကြည့်ရင်း မ၀တ ပါလားဆိုတဲ့ ကားစပါယ်ယာ အသံကြောင့် ဆင်းရမယ့် မှတ်တိုင်ရောက်ပြီဆိုတာ သတိရလိုက်ပါတော့တယ်။
Comments