မေတ္တာနဲ့လင်းမယ့် ပြတင်းတံခါးတွေကို ဖွင့်လိုက်ကြ
ဆောင်းယွန်းလ
ဆောင်းယွန်းလ
မေ ၁၉၊ ၂၀၁၀
တိမ်တွေလျှောက်တဲ့ လမ်းမပေါ်က
သဘာဝရဲ့ဂီတသံဟာ စည်းဝါးမမှန်နိုင်တော့ဘူး ...
၂၁ရာစုရဲ့ ပထမဆယ်မျက်နှာဟာ
အိုင်းအနာဝတ်ရုံကို ခြုံပြီး
ကမ္ဘာကြီးကိုကိုင်လှုပ်ပစ်ခဲ့တာ ဘာမှတောင်မကြာလိုက်သေးဘူး..
အခု…အိုင်းအနာဝတ်ရုံကို ခြုံပြီး
ကမ္ဘာကြီးကိုကိုင်လှုပ်ပစ်ခဲ့တာ ဘာမှတောင်မကြာလိုက်သေးဘူး..
စစ်သွေးကြွနေတဲ့ ကမ္ဘာကြီးထဲက
စီးပွားပျက်ကပ်ဟာလည်း
သူ့ရဲ့မျက်ရည်သီချင်းကို Fade Out မလုပ်နိုင်ခဲ့သေးဘူး...
မဂ္ဂဇင်းစာမျက်နှာတွေကို လှန်ဖတ်ကြည့်ရင်
ငိုနေတဲ့ ကဗျာတွေနဲ့
မပြုံးနိုင်တဲ့ကာတွန်းတွေကို မဖတ်ဘဲတွေ့နေရတယ်...
အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း..
သွေးထွက်နေတဲ့ ဖြစ်ရပ်မှန်တွေရယ်
ရာသီအမှောက်အမှားမှာ ဖောက်ပြားနေသူ လူတစုအကြောင်း
သတင်းဆောင်းပါးတွေကို မဖတ်ပဲတွေ့နေရတယ်...
ကောင်းကင်ကြီးပြာဖုံးတဲ့ အကြောင်းကစလို့
ရေပြတ်လပ် မေတ္တာငတ်မွတ်တဲ့ အကြောင်းအဆုံး
အစစနဲ့အရာရာကို ခေါင်းအုံးအောက်ထားရင်း
အိပ်မပျော်ခြင်းတွေနဲ့ စစ်မက်ခင်းနေရတော့တာပဲ....
ကဗျာသီချင်းတွေနားထောင်လို့ သတင်းဆောင်းပါးတွေဖတ်ပြီး
အိမ်ပြတင်းပေါက်ကြီးတွေကို ဖွင့်ကြည့်ရုံလောက်နဲ့တော့
ရှုခင်းစိမ်းတွေရဲ့ ဂီတကို
သူတို့ရောငါတို့ပါ နားဆင်ခွင့်ရနိုင်ကြမှာမဟုတ်သေးဘူး...
အားလုံးရဲ့ မေတ္တာတံခါးကို
စိတ်ထားမှန်မှန်နဲ့ ဖွင့်နိုင်မယ့်အချိန်ကျမှပဲ
သဘာဝရဲ့ဂီတဟာ စည်းချက်ဝါးချက်မှန်ပြီး
ငါတို့လည်း အလင်းမှန်တဲ့မနက်ဖြန်ရဲ့ကဗျာတွေကို ရေးနိုင်ကြလိမ့်မယ်...။ ။
Comments