Zay Hmine - Remembering No Body Mother

အညတရ အမေသို့
ဇေမှိုင်း
မေ ၄၊ ၂၀၁၀
ထုံးစံအတိုင်း တော်လှန်ရေးလုပ်သော ကျောင်းသားများ ထမင်းငတ်ကြသည်ပေါ့၊ ပိုဆိုးသည်က ၉ဝ နှောင်းပိုင်းကာလများတွင် ဗကသ ပြိုကွဲသည်၊၊ ရန်သူ့ဖိနှိပ်မှုဒဏ်ကို အသေအလဲခံနေကြရသည်၊၊ ကျနော်အမေ ဈာပနတောင်ခဏတဖြုတ်လောက်ပဲသွားနိုင်ခဲ့ သည်၊၊ ပြီးတော့ ဝရမ်းပြေးဘဝ ၉၃ တွင် ကျနော် ငုတ်နေရာက ပြန်ပေါ်လာသည်၊၊ အလုပ်ဆက်လုပ်သည်၊၊
ထမင်းစားဖို့အတွက် … မိဘမဲ့ ညီမလေးအတွက် … အဖိုး ဂူဗ္မိာန်စောင့်ရှောက်ရေးအတွက် ပိုက်ဆံရှာရသည်၊၊ လုပ်တတ်သည်က စာပြင်ဆရာ၊ အယ်ဒီတာအလုပ်။ ဆရာဦးနန္ဒ ကျနော့်ကို လာခေါ်သည်၊၊ သူနှင့် တိုင်ပင်၍ ကျနော်စာပြင်ဆရာ ပြန်ဖြစ်သွားပြန် သွားပြန်သည်၊၊ ၃၃ လမ်း ၊ လေထန်ကုန်း၊ ကိုသင်းခိုင်၊ ကိုညွန့်သစ်၊ ကိုအောင်နီတို့နှင့် ပြန်တွဲမိကြပြီး လေထန်ကုန်း ညနေခင်းများ၊ ပုဇွန်ညနေခင်းများ … ရွှေတိဂုံတောင်ဘက်မုခ်ရှေ့မှာ ပန်းရောင်းနေတဲ့ ကဗျာဆရာတယောက်၊ ထမင်းငတ်နေတဲ့ ကဗျာချစ်သူ တယောက်၊၊
စဥ့်အိုးတန်း ဆိပ်ကမ်းမှာ အမေစိန့်ထမင်းဆိုင်ဆိုတာ ဇင်ပြာဝတ်တွေ လူတိုင်းသိသည်
ကျနော်တို့ အမေဆိုင်ရှေ့မှာ မတ်တတ်ရပ်လိုက်သည်၊ ပြီးတော့ လက်ဝါး နှစ်ဖက်ခါပြသည်၊၊ အမေက ချက်ခြင်း “ ငါ့ သားတွေလာ … နင်တို့ထမင်းမစားရသေးဘူး မဟုတ်လား။ လာဒီမှာထိုင် … အမေ ရေနွေးလေးတောင် တိုက်လိုက်ဦးမယ်။ မောင်မြရေ … ထမင်းပွဲ ယူခဲ့ပါကွယ်”
ကျနော်တို့ ထမင်းကို တဝတပြဲစားကြသည်။ အမေက ငါးနှစ်အရွယ် ကလေးတွေကို ကြည့်သလို ထိုင်ကြည့်ပြီးတော့ ရေနွေးလေးမှုတ်တိုက်သည်။ စားသောက်ပြီးသွားတော့ …
 “အမေ ကျနော်တို့မှာ လက်ဖဝါးပဲ ပါတယ်။ အမေ့ထမင်းဖိုး အကြွေး … နောက်မှ ယူနော်”
 အမေက “ဟဲ့ … ကလေးတွေ … နင်တို့ ငတ်နေတာ ငါ သိတာပ။ဲ ရှိမှလာပေး။ မရှိရင်နေ့တိုင်း အလကားလာစား။ ငါ ထမင်းရောင်းနေတာ။ နင်တို့နဲ့ ဇင်ပြာတွေအတွက် ရောင်းနေတာ”
ကျနော်တို့ ထမင်းစားပြီးတော့ မိုးတိုးမတ်တတ် စကားပြောပြီးတော့ လမ်းခွဲ …။
အဲဒါ တရက်မဟုတ် နှစ်ရက်မဟုတ်၊ ကျနော်တို့စာမူခတွေရလာရင် အမေ့ကို အကုန် အပ်သည်။ အမေက တပြားမှ လက်မခံ၊ သူမ အမြဲပြောလေ့ပြောထ ရှိတာ တခွန်းတည်သောစကား …
“နင်တို့ နဲ့ ဇင်ပြာတွေအတွက် ငါ ထမင်းရောင်းနေတာ”
ဒါပဲ သူမ အမြဲပြောသည်၊၊
၉၆ ခုနှစ် သြဂုတ်လ … ရန်ကုန်ကို ခဏပြန်တက်သွားသည်။
အမေ့ပုတီးလေးရယ်၊ အမေ့ကတ္တီပါ ပုံတော်ဖိနပ်ကလေးရယ်၊ ယောဂီအကျီင်္ကလေးရယ်၊ ပဒုံမာရှန်အင်္ကျီ အဖြူလေးရယ် အမေ့သေတ္တာထဲက ယူခဲ့သည်။ အမေက အမြဲပြောခဲ့ဖူးသည်။
“အနစ်နာခံတဲ့ အဖွားကြီးတွေ တွေ့ရင် နင်ကန်တော့လိုက်ပါ”
ပြီးတော့ငွေစ အချို့ …
စဥ့်အိုးတန်း ဆိပ်ကမ်းကို ကျနော်ရောက်သွားတော့ အမေစိန့်ထမင်းဗန်းကလေး မတွေ့ရ။ ဇင်ပြာရဲဘော်တွေလည်း ပျောက်နေသည်။ ကောက်ညှင်းပေါင်းရောင်းသည့် အမကြီးကိုမေးတော့မှ …
“ငါ အခုသွားမလို့ အမေစိန့် မသာ … ဒီနေ့ချမှာ။ နင်လိုက်မလား”
 “ဟုတ်ကဲ့အမ။ ကျနော် လိုက်ခဲ့မယ် …”
ကမ်းနားက လက်ခတ်သမ္ဗာန်ကလေးများ၊ စက်တပ်သမ္ဗာန်ကလေးများ လေးငါးခြောက်စီး တွေ့ရသည်၊၊ သမ္ဗာန်ဆရာကြီးတယောက်က …
“ကဲ လာကြ။ အမေ့ကို ဒီနေ့နောက်ဆုံး မြင်ရမယ် …”
ကျနော် သမ္ဗာန်ပေါ်ကို ဆင်းထိုင်လိုက်သည်။ တလမ်းလုံး သမ္ဗာန်ဆရာကြီးနှင့် သမ္ဗာန်ပေါ်က ဇင်ပြာရဲဘော်များ အမေစိန့်အကြောင်း တဖွဖွ ပြောလာကြသည်။ တဖက်ကမ်းရောက်တော့ လမ်းခပ်ဝေးဝေးကို လျှောက်ရသေးသည်။
မြင်ရပါပြီ …
ဇင်ပြာရဲဘော်တွေ အစီလိုက် အတန်းလိုက် တဖြည်းဖြည်းရွေ့လျားလျက် အမေ့အခေါင်းကို ရှေ့ဆုံးကထမ်းသူတွေက ထမ်းလို့။ ကျနော်မနေနိုင်တော့ … ရှေ့ကရဲဘော်ကြီးတယောက်ကို ပြောမိသည်။
“နောင်ကြီး အဲဒီပစ္စည်းလေးတွေ အမေ့အခေါင်းဆီကို ရောက်အောင် ထည့်ပေးချင်တယ်၊ ကျနော် အမေစိန့်ကို နောက်ဆုံးလာကန်တော့တာပါ။”
ထိုရဲဘော်ကြီး၏အနားမှ ကလေးတယောက်က ဖြတ်ကနဲ ကျနော့် ကျွတ်ကျွတ်အိတ်ကလေးကို ယူသွားသည်၊၊ ပြီးတော့ ဟိုးရှေ့ဆုံးအထိ သူ ပြေးလေ သည်။ ပါးစပ်ကလည်း တစုံတရာ အော်ဟစ်သွားသည်။ ဒီလိုနဲ့ပဲ အမေ့အလောင်းကိုမြေချတဲ့အထိ ကျနော် ကန်တော့ခွင့်ရခဲ့သည်။
ဇင်ပြာရဲဘော်များ မငိုကြ။ သို့သော်မေးကြောများထောင် နေသည်၊၊ ဇင်ပြာအဖိုးအို တဦး ကျနော့်ပုခုံးကို လာပုတ်သည်။
“လူလေး မင်းရပ်နေတာကြာပြီ။ ဟိုဘက်ကမ်း ပြန်မယ်ဆို လှေကြုံရှိတယ်။ မစိန်အလောင်းကို မင်း ကန်တော့လိုက်၊ ပြီးရင်ပြန်ကြစို့ကွာ …”
           ကျနော် အမေစိန့်ကို နောက်ဆုံး ကန်တော့လိုက်သည်။ ဇင်ပြာအဖိုးအို ကျနော့်လက်ကို ဆွဲ၍ ထူသည်၊၊
                                             (အမေစိန်နှင့် ဇင်ပြာရဲဘော်ကြီးများသို့)

Comments