ဖြတ်သန်းမှု - ၂ ။ အဖွားမေ
ဇေမှိုင်း
ကျနော်မှတ်မိသလောက် ၈ဝ ခုနှစ်ဝန်းကျင်မှာ လူတွေ ပြန်ဆုံကြသည်။ ကျနော့်မှာ တအံ့တမော မော့မော့ ကြည့်ရသည်မှာ အမေမာ၊ အဖွားမေ (တော်တော်၏ ဇနီး)၊ အန်တီ စန်းလေး၊ ဦးထွန်းတင်၊ အဘ သခင် ခင်အောင်၊ အဘဦးအုန်းမြင့် မော့မော့ကြည့်ရသည်မှာ တမော။ ထိုစဉ်ကထဲက နတ်ကရာ ကျီးမော မဟုတ်ဘဲ ကြည့်မောဖြစ်ခဲ့ရသည်၊၊ အဲဒီလို ဘဝကလေး ပြန်လိုချင်စမ်းပါဘိ။
အဲဒီအချိန်တုန်းက ကျနော်က လူပျိုပေါက်လေ။ ၅ ည ပေါက်စ၊ ခဏခဏ ကျောင်းနံရံကပ်စာစောင်မှာ စာတွေ ခဏခဏ ရေးလို့ မကြာခဏ ကျောင်းထုတ်ခံခဲ့ရသည်။ ဘကြီးယောကလည်း မကြာခဏ ကျောင်းကိုလိုက်၍ ကျနော့် ပြသနာများကို ဖြေရှင်းပေးရသည်။ မဆလ က သူပုန်တကောင်တော့ မွေးပြီဆိုပြီး ၁၃ နှစ်သားကတည်းက စစ်ကြောရေး ရောက်ခဲ့ရတဲ့ ကောင် “မင်းကို ဘယ်သူတွေ ခိုင်းသလဲ၊ ဘယ်သူမှ မခိုင်းပါ၊ လူတန်းစားအသိက ခိုင်းပါသည်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ တော်လှန်စိတ်က ခိုင်းပါသည်။”
အဲဒီအချိန်ကာလမှာ အဖွားမေကို တွေ့ခွင့် ချစ်ခွင့်ရခဲ့သည်။ တော်လှန်ရေးသမားတဦး၏ ဇနီးကောင်းတဦး။ တော်တော်ကတော့ ပြောစရာမလို၊ လစဉ်လတိုင်း ပထမပတ်ရဲ့ တနင်္ဂနွေနေ့တိုင်း ဘကြီးမှိုင်းကော်မတီအိမ်မှာ ဆုံကြသည်။ ကျနော်က ကုလားထိုင်ဘေးမှာ ငုတ်တုတ်ထိုင် မော့ကြည့် သူတို့ရင်ဘတ်ထဲက အသံတွေ ကျနော် ရင်ဘတ်ထဲ ရောက်သည်အထိ နာယူခဲ့ရသည်။
အဘဦးစောလွင်( ဗမာ အမျိုးသမီး ပုံနှိပ်တိုက်)၊ အဘဦးစိုးမင်း(ဗလစ)၊ အဘဦးလှကျော် (ဝတ်လုံတော်ရကြီး)၊ သူတို့လည်း အပါအဝင်ပေါ့၊ ကျနော်က ရေနွေးကြမ်းယူပေး၊ ဖက်ထုပ်ကြော်ကြွေး၊ အဲဒီလိုဘဝ ကျနော် ပျော်ပါသည်။ လူကြီးများထံမှ တသက်စာ သုံးမကုန်အောင် ပညာတွေရလိုက်သည်။ လူကြီးများက စာအုပ်တွေ ပေးဖတ်သည်။ နောင်တချိန် မှိုင်း ငြိမ်းချမ်းရေး စာကြည့်တိုက်ကလေးတခု၊ ပြတိုက်ကလေးတခု ထူထောင်ရန် စိတ်ကူးရခဲ့ကြသည်။
ဒီလိုနဲ့ ၈၈ ခုနှစ်ကို ဖြတ်ခဲ့သည်။ ၉ဝ ကို ဖြတ်ခဲ့သည်။ ၉၄ ခုနှစ် အဖိုးဂူအောက်မှာ ကျနော်သွားအိပ်တော့ တော်တော်နှင့် ဖွားလေးမေတို့နှင့် ပြန်ဆုံရသည်။ အဲဒီအချိန်က ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကျားကန်ရှေ့မှာ ဇီဇဝါ ပန်းရောင်းသော၊ တနေ့ခင်း စာပြင်ဆရာလုပ်နေသော၊ ညနေခင်း သင်္ဘောဆိပ်မှာ လက်ပွေ့စာစောင် ရောင်းသူဖြစ်နေသော ကျနော်။ သို့သော် တော်တော်တို့ ဖွားလေးမေတို့နှင့် အဆက်အသွယ် မပြတ်၊၊
ညနေ ၅ နာရီခွဲ၊ ၆ နာရီ ညီမလေးကို မုန့်ဖိုးသွားပေးပြီးအပြန် အကိုကြီး ကိုသင်းခိုင်၊ ကိုညွန့်သစ်၊ ကိုအောင်နီ၊ ကိုမင်းဟန် တို့နှင့် ညစဉ် ဆုံဖြစ်ကြသည်။ ကိုညွန့်သစ်က စာပြင်ရန် စာဖောင်များ ညစဉ် ယူလာပေးသည်။ မနက် သူ့ကို ပြင်ပြီးသား စာဖောင်များသွားပေးရန် စာဖောင်တွေက ပါဠိစာဖောင်တွေ။ အဘိဓာန် စာအုပ်ကြီးတအုပ်ဘေးချ၍ တညလုံး တကုပ်ကုပ် လုပ်နေရုံသာ။ ၉၅ တွင် ကျနော် မြစ်ဝကျွန်းပေါ် ရောက်သွားသည်။ နောက်တော့ … သိင်္ဂါနဒီ ရွှေရည်ညများ၊ မကြာလိုက်ပါ။ အမှောင်တိုက်ထဲ ရောက်သွားသည်။ နောက် သာယာဝတီ တောင်ယာခင်း စိမ်းစိမ်းကလေးများ၊၊
၂ဝဝ၄ ခုနှစ် မတ်လ ကျနော်အပြင်သို့ ရောက်လာသည်။ ထုံးစံအတိုင်း အဖိုးအုတ်ဂူအောက်က မြေတိုက်ခန်းကလေးမှာ ယာယီ ခိုခဲ့ရသည်။ ချမ်းသာလမ်းအိမ်သို့ တနေ့တခါ ထမင်းသွားစားရသည်။ ထိုစဉ်ကာလများထဲမှာ တော်တော် လမ်းလျှောက်ထွက်တိုင်း ကျနော် တွေ့ခွင့်ရသည်။ ဖွားလေးမေကို မကြာခဏ နှုတ်ဆက် ကန်တော့ခွင့်ရသည်။
နောက်ဆုံးတနေ့မှာ ကျနော် သွားကန်တော့ခဲ့သည်။ အရှင်နှစ်ပါးအားလည်းကောင်း၊ တော်တော်နှင့် ဖွားလေးမေအား လည်းကောင်း နောက်ဆုံး ဂါရဝပြုခဲ့သည်။ သိမှတ်ထဲတွင် စွဲထင်နေသည်က တော်တော်တို့ မျက်ရည်ကျကြသည်။ ပျားရည်ကလေး တပုလင်း စွန့်သည်။ နောက် ကျနော် တဖက်ကမ်းသို့ ရောက်လာသည်။ ကျနော့် ကဗျာတပုဒ် အောက်ဆုံး ပါဒမှာ “တို့ ကမ်းမှာ ပန်းမပွင့်ဘူး ကလေးရေ”။
အခုအထိ ရာဇဝင် ပန်းပွင့်ဖြူဖြူ ကျနော် မနမ်းကြူရသေးပါ။
အဖွားလေးမေ အား ကန်တော့လျက် … …
(ဓာတ်ပုံ မိုးမခ - ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်၊ ရန်ကုန်မြို့၊ တော်ဘုရာလေး စာပေဆုပေးပွဲတွင် တွေ့ရသော ဒေါ်ခင်မေ)
Comments