၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၂)
ဘီဘီစီ
ဇွန် ၁၂၊ ၂၀၁၀
ဘီဘီစီ
ဇွန် ၁၂၊ ၂၀၁၀
မြန်မာနိုင်ငံရေးမှာ အဓိက အငြင်းပွားစရာ ပြဿနာတခုဖြစ်နေတဲ့ ၂၀၀၈ ခု အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ BBC က အထူးသုံးသပ်ချက် အစီအစဉ်တွေကို အပိုင်း ၅ ပိုင်းခွဲပြီးတော့ တင်ဆက်ပေးနေပါတယ်။ ဒီတပတ် ဒုတိယပိုင်းမှာတော့ အခြေခံဥပဒေမှာ ပါဝင်တဲ့ သမ္မတ နဲ့ ဒုတိယ သမ္မတ တို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လေ့လာသုံးသပ်ထားပါတယ်။ ဦးနေမျိုးသူရိန်စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါ။
“ပထမဦးဆုံး ကျနော်တို့ နိုင်ငံတော် အကြီးအကဲပေါ့နော်၊ ဘယ်လိုသွားမလဲလို့ စပြီးအခြေမူ စချပါတယ်၊ အဲ့တော့ နိုင်ငံတော်အကြီးအကဲကို သွားတဲ့အခါကျတော့ သမ္မတနဲ့ သွားကြတယ်။ အကြီးအကဲတယောက်မှာ အဆောင်အယောင် အကြီးအကဲ မဟုတ်ဘူးပေါ့နော်၊ သက်ဝင်တဲ့ နိုင်ငံတော်တခုလုံးကိုလည်း ကိုယ်စားပြုမယ်၊ နိုင်ငံသားအားလုံးရဲ့ အထွဋ်အမြတ်ဖြစ်မယ်၊ အကြီးအကဲအနေနဲ့ သမ္မတတာဝန်လည်း သူ ယူမယ်။ ဒီအပေါ်မှာ ကျနော်တို့ အခြေပြုလိုက်ကြတယ်”
အနာဂတ်မြန်မာနိုင်ငံရဲ့ အထွဋ်အထိပ်နေရာမှာ သမ္မတကိုထားဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း အမျိုးသားညီလာခံကို အဆုံးအထိတက်ခဲ့တဲ့ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ ရွေးကောက်ခံခဲ့ရတဲ့ ဦးသိန်းကြည်က ပြောသွားတာပါ။ မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မယ့် အခြေခံဥပဒေမူကြမ်း ပုဒ်မ ၂ မှာ ပြောထားတာက နိုင်ငံတော်ကို ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဟု ခေါ်တွင်စေရမည်ဟု ပြောထားသလို ပုဒ်မ ၁၆ မှာတော့ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်လို့ ဆိုထားပါတယ်။ ဒီအချက်တွေဟာ အရင်က မြန်မာနိုင်ငံမှာရှိခဲ့တဲ့ သမ္မတတွေနဲ့ ဘယ်လို ကွာခြားပါသလဲ။ ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ရှင်းပြတာကတော့ …
“မြန်မာနိုင်ငံမှာ ၁၉၄၈ ကနေပြီတော့ ၁၉၆၂ အထိ သမ္မတ ၃ ဦး ပေါ်ထွန်းခဲ့ပါတယ်။ ဒီ ၃ ဦးစလုံးဟာ တကယ်တော့ အဆောင်အယောင်မျှသာဖြစ်တဲ့ သမ္မတတွေဖြစ်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မှာကျတော့ သမ္မတ စနစ်ကို ပြောင်းသွားတယ်။ သမ္မတကို လွှတ်တော်တရပ်ထဲရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က မဲအများစုနဲ့ ရွေးကောက် တင်မြှောက်တယ်”
၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းထဲမှာရော အနာဂတ်နိုင်ငံတော်ရဲ့သမ္မတကို ဘယ်လိုရွေးချယ်တင်မြှောက် မလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ သမ္မတဖြစ်လာနိုင်မလဲ၊ သမ္မတ တာဝန်တွေဆောင်ရွက်ရာမှာ အလွဲအမှား အလွန်အကျူးတွေ မဖြစ်အောင် တခြားမဏ္ဍိုင်တွေကနေ သမ္မတကို ဘယ်လိုထိန်းကျောင်းထားပါသလဲ စတာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်ရှင်။
ပထမဆုံး သမ္မတ ရွေးချယ်မယ့်အကြောင်းကြည့်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်း ပုဒ်မ ၆၀ မှာ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ်တင်မြှောက်မယ် လို့ ပြောထားပါတယ်။ သမ္မတ ရွေးချယ် တင်မြှောက်ရေးအဖွဲ့ဆိုတာ ဘယ်သူတွေပါလဲ။ ဦးသိန်းကြည်က …
“အဖွဲ့ဆိုတာလည်း တခြားတော့ မဟုတ်ပါဘူး၊ ပြည်သူ့လွှတ်တော်မှာ အရပ်ဘက်က ၃၃၀၊ ပြည်သူတွေကလည်း ဒါရိုက် ရွေးပေးမယ်၊ အမျိုးသားလွှတ်တော်မှာ ၁၆၀ ရွေးပေးမယ်။ အဲတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေ ရွေးလိုက်တဲ့အခါမှာ ၁၆၆ ဦး ရှိမယ်ပေါ့နော်၊ အဲဒီ ၁၆၆ ဦးက ဒု သမ္မတ တဦး၊ အမျိုးသားလွှတ်တော်ကနေ ဒု သမ္မတ တဦးပေါ့၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ တဦးပေါ့၊ အဲဒီ ၃ ဦးကို ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ သမ္မတ တဦး ရွေးမယ်ပေါ့၊ အရပ်ဘက်ကလည်း ရရင် ရမယ်၊ တပ်ဘက်ကလည်း ရရင်ရမယ်။ ဒါကတော့ ပြောလို့မရဘူး။ အဲတော့ ဘယ်သူရရပေါ့လေ၊ ကျန်တဲ့ ၂ ဦးကတော့ ဒု သမ္မတ ၂ ဦးဖြစ်မယ်လေ၊ ပြန်ကြည့်မယ်ဆိုရင် တိုက်ရိုက်မဟုတ်သော်လည်း ပြည်သူ့လွှတ်တော်ကတဆင့် ကိုယ်စားလှယ်တွေကနေပြီးတော့ သမ္မတကို ရွေးချယ်မှာ ဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ် ပေါင်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ဟာ အများဆန္ဒကိုအခြေပြုပြီး ရွေးတဲ့အတွက်ကြောင့်မို့လို့ ဒီဟာ ဒီမိုကရေစီ နည်းကျတယ်လို့ ကျနော့်အနေနဲ့ လက်ခံပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အထူးပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့်က ဒီလို အဖွဲ့ ၃ ဖွဲ့နဲ့ ရွေးချယ်တင်မြှောက်တာဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောပါတယ်။
“ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်သားများဆိုတဲ့ အစုအဖွဲ့အစား တိုင်းနဲ့ပြည်နယ်ပေါ့ဗျာ၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်တာမျိုး ကျနော်တို့ လိုချင်တယ်။ အဲဒီအစုအဖွဲ့က တင်လိုက်တယ် ဆိုရင် ဒီ သမ္မတ က လူထုအားလုံးတင်လိုက်တဲ့ လူထုကိုယ်စားလှယ်တွေတင်တဲ့ သမ္မတဖြစ်မှာပေါ့။ အခုဟာကတော့ ၂ စုက လူထု ကိုယ်စားလှယ်၊ တစုက ခန့်အပ်ခံရတဲ့ သမ္မတ၊ အဲဒီကတည်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ် လူထုဆန္ဒကို ကိုယ်စားမပြုနိုင်ဘူးလို့ ကျနော်တို့က အဲဒီကတည်းက တင်ပြခဲ့တာရှိပါတယ်”
ဒုတိယ သမ္မတတွေထဲကနေ သမ္မတတဦးကို ပြည်ထောင်စုလွှတ်တော်က ဘယ်လိုရွေးချယ်မယ်ဆိုတာတော့ သိခဲ့ရပါပြီ။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်နိုင်ပါသလဲဆိုတာ ဆက်လက်လေ့လာကြည့်ကြရအောင်ပါရှင်။ သမ္မတ အထိဖြစ်လာနိုင် တဲ့ ဒုတိယ သမ္မတတွေကို ရွေးချယ်ရာမှာ ပုဒ်မ ၆၀ ပုဒ်မခွဲ (ဂ) မှာ လွှတ်တော် ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူကိုဖြစ်စေ ရွေးချယ်နိုင်တယ်လို့ ဆိုထားပါ တယ်။ ပြည်ပရောက် မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒီအချက်ဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောပါတယ်။
“တကမ္ဘာလုံးမှာ ကြိုက်တဲ့နိုင်ငံကို ကြည့်ပါ၊ Presidential System နဲ့ ကျင့်သုံးတဲ့ သမ္မတဦးဆောင်တဲ့စနစ်ကို လူထုက နေပြီးတော့ သူ့ရဲ့ အသဲကြားက မဲတပြားနဲ့ ဘယ်သူ သမတ၊ ငဖြူ ငနီ ငကြောင် ငကျား ဆိုတာကို သိပြီးတော့မှ သူ့ဟာသူ ရွေးချယ်ပြီးတော့ မဲပေးရတဲ့စနစ်ကို ကျင့်သုံးရတာဖြစ်တယ်။ သမ္မတစနစ်ကို ကျင့်သုံးတယ်ဆိုရင်တော့ ဒီလို လူထု ကိုယ်တိုင်က သမ္မတကိုသိပြီး ရွေးချယ်ခွင့်ရှိတော့မှ ဒါဟာ လူထုက ရွေးချယ်တယ်လို့ ကျနော်တို့က အတိအလင်း ပြောချင်တယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ လူထုနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားတယ်။ လူထုက ရွေးချယ်တင်မြှောက်ခွင့်လည်း မရှိ၊ သိခွင့်လည်း မရှိ၊ လူထုနဲ့ လုံးဝ အဆက်အသွယ်ပြတ်တဲ့ သမ္မတ ပဲလို့ ကျနော်က ပြောချင်တယ်”
ဦးသိန်းကြည်ကတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတွေရွေးမယ့် ဒုတိယ သမ္မတတွေဟာ လွှတ်တော်ထဲ ကပဲဖြစ်နိုင်ချေရှိပြီး တပ်မတော်သားကိုယ်စားလှယ်က ရွေးမယ့်ပုဂ္ဂိုလ်ကသာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူဖြစ်နိုင်တဲ့အကြောင်း သူ့အယူအဆကို အခုလိုပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဆိုတာကိုတော့ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်က တင်ပြတယ်၊ တပ်မတော် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ပေါ့နော်၊ သူတို့ကို ရွေးရမှာဖြစ်မယ်၊ သူတို့က ဒီတပ်မတော် အရာရှိတွေက ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော ပါလာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အကယ်၍ သူတို့ထဲကို ရွေးမယ်ဆိုလို့ရှိရင်လည်း သူတို့က သမ္မတ ဖြစ်ခွင့်ရှိတယ်။ (တပ်မတော်အရာရှိ တွေက။) အဲဒီလိုဖြစ်လာလို့ရှိရင်လည်း တပ်မတော်ကနေ အငြိမ်းစားယူပြီးသားဖြစ်တယ်လို့လည်း သတ်မှတ်ထားပါတယ်၊ ဒါပေမယ့် အပြင်ကတယောက်ကို ခေါ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူကို ထည့်ပေးဖို့ကတော့ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်လေ”
တပ်မတော်သားဖြစ်စေ၊ အရပ်ဘက်ကဖြစ်စေ၊ ဒီအထဲမှာမှ လွှတ်တော်ကိုယ်စားလှယ်တွေထဲကဖြစ်စေ၊ ရွေးကောက်ခံ ပုဂ္ဂိုလ်မဟုတ်သူဖြစ်စေ သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အလမ်းရှိနေတာတော့ သိခဲ့ရပါပြီ။ ဒါပေမယ့် သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း ကန့်သတ်ချက်တွေကြောင့် မမျှတတဲ့ ပိတ်ပင်မှုတွေရှိနေတယ်လို့ ဦးသိန်းညွန့် က ထောက်ပြပါတယ်။
“အရေးကြီးတဲ့အချက်က ဘာလဲဆိုတော့ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ပါ။ စစ်ရေးအမြင်ဆိုတာက သာမန် အရပ်သားတွေအဖို့မှာ စစ်ရေးအမြင် ရှိနိုင်တယ်၊ မရှိနိုင်ဘူးဆိုတာ နောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမှာ အင်မတန် အငြင်းပွားဖွယ်ကိစ္စ ရှိတယ်။ အနိမ့်ဆုံး စစ်ရေးအမြင်ရှိတယ်ဆိုတာ စစ်သားဟောင်းပဲ ဖြစ်ရတော့မှာကိုး။
နောက်တခု ကျနော်ပြောချင်တာက သမ္မတ အရည်အချင်းကို သတ်မှတ်တဲ့အခါမှာ ဒီ သမ္မတ က မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိဘ တပါးပါးကသော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်းက သော်လည်းကောင်း၊ မိမိရဲ့တရားဝင် သားသမီးတဦးကသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးရဲ့ဇနီး (သို့မဟုတ်) ခင်ပွန်းဟာ နိုင်ငံခြား အစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး နိုင်ငံသား မဖြစ်စေရ၊ ထိုသူရဲ့လက်အောက်ခံဖြစ်ရင်၊ တိုင်းတပါး နိုင်ငံသားရဲ့ အခွင့်အရေးကိုခံစားခွင့်ရှိရင် အဲဒီပုဂ္ဂိုလ်တွေဟာ ရွေးကောက်တင်မြှောက်ခံခွင့် မရှိဘူးလို့ သတ်မှတ်ထားတာကိုး။
အဲဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ပေါ့ဗျာ၊ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရခါစ ကိုလိုနီစနစ်က ရုန်းထွက်နေတဲ့အချိန်မှာ သူ့ခေတ် သူ့အခါအရ သဘာဝကျပါတယ်။ အဲဒီလိုအချက်မျိုးနဲ့ သမ္မတ ရွေးချယ်ခွင့်ကို ကန့်သတ်ထားတာ ဘာကြောင့်လဲ။ ဒါက အားလုံးသိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးမှာ ဦးမဆောင်နိုင်အောင် ကြံရွယ်ချက်နဲ့လုပ်တာပါ”
ဦးသိန်းကြည်ကတော့ သမ္မတ အရည်အချင်းပြည့်စုံသူဖြစ်ရင် ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘူးလို့ ငြင်းချက် ထုတ်ပါတယ်။
ဒါတွေကတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးကို သမ္မတရွေးမလဲဆိုတဲ့အထဲက အရေးကြီးတဲ့အချက်တွေပါ။ တခါ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အပြန်အလှန် ထိန်းကျောင်းပုံတွေထဲက အဓိကကျတာတွေကို လေ့လာကြည့်ကြရအောင်ပါ။
၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်း ပြဋ္ဌာန်းချက်တွေမှာ သမ္မတဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး အဖွဲ့ဝင်တွေနဲ့တကွ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်စတဲ့ တခြားမဏ္ဍိုင်အကြီးအကဲတွေအပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဆေးဖြုတ်ချနိုင်တဲ့အာဏာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကိုပါ ရွေးချယ်ခန့်အပ်ပိုင်ခွင့်တွေ ရှိနေပါတယ်။ ဦးသိန်းကြည်က ဒီအခွင့်အာဏာတွေဟာ အလွန်အကျူးမဖြစ်ပါဘူးလို့ ဆိုပါတယ်။
“သူ တင်ပြမယ့်သူအားလုံးဟာ ပြည်ထောင်စုလွှတ်တော်က သဘောမတူလို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး။ တရားစီရင်ရေးကော၊ အုပ်ချုပ်ရေးကော ဥပဒေအရ အားလုံးကလှမ်းပြီးတော့ ထိန်းထားတာ။ ဘယ်နေရာက ထိန်းလဲဆိုတော့ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ အကုန်လုံးပဲ လှမ်းပြီးတော့ ထိန်းထားတာပဲ”
ဦးသိန်းကြည်က ဒီလိုပြောပေမယ့် သမ္မတရဲ့ဆောင်ရွက်ချက်တွေကို ပြည်ထောင်စုလွှတ်တော်က ကြီးကြပ်နိုင်စွမ်းမရှိဘူး လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။
“လွှတ်တော်ကနေပြီးတော့ သမ္မတရဲ့လုပ်ဆောင်ပိုင်ခွင့်တွေအပေါ်မှာ ကြီးကြပ်ပိုင်ခွင့်အာဏာ ဘာတခုမှ ရှိမနေဘူး။ နောက် အဆိုးဆုံးအချက်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိနေတယ်။ အဲဒီ ကောင်စီမှာ အဓိကပါနေတာက သမ္မတလည်း ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဗိုလ်ချုပ် တော်တော် များများလည်း ပါနေကြတယ်။ အဲတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အာဏာ ၃ ရပ်ကို ကျင့်သုံးမယ့် အာဏာသိမ်းစစ်ကောင်စီ သဘောဆောင်တယ်။ သမ္မတက အဲဒီကောင်စီရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပြီးတော့ အဲ့ဒီကောင်စီကတဆင့် အာဏာကိုဆက်ခံပြီးတော့ ကျင့်သုံးတဲ့သဘော ဖြစ်သွားတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့်ကတော့ သူတို့စိုးရိမ်တာက ပါတီတခုအနေနဲ့ လွှတ်တော် နေရာအတော်များများ အနိုင်ရရင်တောင်မှ အဲဒီပါတီရဲ့အခန်းကဏ္ဍ မှေးမှိန်သွားနိုင်တဲ့ပုံစံ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ပါတီက ရွေးချယ်လိုက်တဲ့ သမ္မတ (သို့မဟုတ်) ဒုသမ္မတ (သို့မဟုတ်) ဝန်ကြီး၊ ဒုဝန်ကြီးအားလုံးက အရွေးခံရပြီးတာနဲ့ တပြိုင်တည်း နိုင်ငံရေးပါတီက နှုတ်ထွက်ပေးရမှာ၊ အဲတော့ ပါတီရဲ့လိုင်းကို ကိုယ်စားပြုပြီး ပြောပိုင်ခွင့်ရှိဖို့ဆိုရင် အမြင့်မား ဆုံးရာထူးတွေကို လွှတ်တော်မှာ လက်ခံတာနဲ့ နိဂုံးချုပ်သွားပြီ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရင်လည်း လွှတ်တော်က နှုတ်ထွက်ရတော့မယ်၊ အဲတော့ ပါတီခေါင်းဆောင်တွေက လွှတ်တော်မှာ နေရာတော့ ရမယ်၊ ပါတီရဲ့လမ်းစဉ်ကို ဖော်နိုင်တဲ့ နိုင်ငံခေါင်းဆောင်ဖြစ်ကြမှာ မဟုတ်ပါဘူး။ အနာဂတ်ပါတီရဲ့လမ်းစဉ်ကိုပဲဖြစ်ဖြစ် အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်းအားလုံး နိဂုံးချုပ်ပြီးတော့ အပြီးသတ် ပိတ်ပင်ထားတဲ့ အခြေခံဥပဒေမူကြမ်းပါ”
၂၀၀၈ အခြေခံဥပဒေမူကြမ်းအရ ပါတီတွေအနေနဲ့ လုပ်စရာတွေရှိသေးတဲ့အကြောင်း၊ ဒါပေမယ့် အတိုက်အခံ ဆိုတာကတော့ မရှိနိုင်တဲ့အကြောင်း ဦးသိန်းကြည်က ဆိုပါတယ်။
“ပါတီတွေရဲ့အခန်းကဏ္ဍက မှေးမှိန်မသွားပါဘူး၊ ပိုပြီးတော့ ရှေ့ကိုရောက်လာကြမှာပဲ။ ပထမဦးဆုံး ကာလမှာတော့ အလေ့အကျင့် နည်းသေးတဲ့ကာလမှာတော့ ရှိကောင်းရှိမှာပေါ့နော်၊ ဆိုတော့ အတိုက်အခံ အနေနဲ့ကတော့ သီးသီးခြားခြား မရှိဘူးလို့တော့ ကျနော့်အနေနဲ့ မြင်တယ်။ လွှတ်တော်ထဲရောက်သွားပြီ ဆိုလို့ရှိရင် အားလုံး လွှတ်တော်ကိုယ်စားလှယ်တွေချည်းပဲ။ ဟိုက အတိုက်အခံပါတီ၊ ဒီကတော့ အစိုးရဆိုတာမျိုး မရှိဘူးလို့ ကျနော်တော့ ထင်တယ်လေ။ သမ္မတကို ရွေးချယ်ပြီးရင် သူ့အဖွဲ့နဲ့သူ အုပ်ချုပ်မယ်၊ ဒီထဲမှာပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါချင်ပါမယ်၊ ပါချင်မှလည်း ပါမယ်။ ဒါပေမယ့် ထိန်းဖို့ သိမ်းဖို့ ကိစ္စရပ်မှာတော့ ပါတီတွေရဲ့ Member တွေရော၊ ပါတီဝင်တွေကရော၊ ထုကရော အကုန်လုံးကတော့ ထိန်းဖို့ သိမ်းဖို့ထဲမှာ ရှိနေမှာ၊ ဒါကြောင့် ဒီမိုကရေစီ အပြည့်အဝရှိတယ်လို့ ကျနော်က ယုံကြည်ပါတယ်”
ဒီတော့ အတိုက်အခံမရှိနိုင်တဲ့ လွှတ်တော်ကနေ သမ္မတကို ဘယ်လိုများ အရေးယူနိုင်မှာပါလဲ။ ၂၀၀၈ ခုနှစ် မူကြမ်း ပုဒ်မ ၂၁၅ မှာ နိုင်ငံတော်သမ္မတက ဥပဒေအရ ဆောင်ရွက်ချက်တွေနဲ့စပ်လျဉ်းပြီး မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးမှာမှ ဖြေရှင်းရန် တာဝန်မရှိစေရ၊ အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ခြင်းသာ လုပ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒီလို စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်လို့တော့ ဦးသိန်းကြည်က …
“အနည်းဆုံး ၄ ပုံ ၁ ပုံ လွှတ်တော်ကနေပြီးတော့ သူ့ကို စွပ်စွဲပြစ်တင်တဲ့ဟာကို ပထမဦးဆုံး အဆိုတင်သွင်းရမယ် ပေါ့နော်၊ အဲဒါ ပြည်သူ့လွှတ်တော်ကလည်း ဖြစ်ရင်ဖြစ်မယ်၊ အမျိုးသားလွှတ်တော်ကလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ အဲဒီ လေးပုံတပုံကနေပြီးတော့ တင်ပြလာတယ်၊ လက်မှတ်ထိုးလာတယ်ဆိုရင် စုံစမ်းရေးကော်မတီ ဖွဲ့မယ်ပေါ့၊ စုံစမ်းစစ်ဆေးတဲ့အခါမှာ သူက ချေပခွင့်လည်း ရှိတယ်။ အကယ်၍သာ စုံစမ်းစစ်ဆေးရေးက ပေါ်ပေါက်လာလို့ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ သမ္မတအဖြစ်ကနေ မထိုက်တန်ဘူးလို့ ဆုံးဖြတ်လို့ရှိရင် သူက သမ္မတ အရာကနေ ကျသွားမှာပဲ။ သူအနေနဲ့ တဦးတည်း တယောက်တည်းကနေပြီးတော့ အလွန်အကျွံဆောင်ရွက်တာ မရှိအောင် ဒီမိုကရေစီအရ အများကနေပြီးတော့ ဥပဒေကြောင်းအရပဲ ထိန်းသိမ်းထားတယ်လို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်”
လက်တွေ့မှာတော့ သမ္မတကိုအရေးယူနိုင်တဲ့အထိ ဖြစ်လာဖို့ခက်တဲ့အကြောင်း ဦးသိန်းညွန့်က ထောက်ပြပါတယ်။
“၂၅ % ကပဲတင်တင်၊ ဘာပဲ တင်တင်၊ နောက်ဆုံးအဆုံးအဖြတ်က ၃ ပုံ ၂ ပုံက ဆုံးဖြတ်မှာပဲ။ ဒီလွှတ်တော်မှာ အမြဲတမ်း မမေ့ဖို့က ၂၅ % ကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ် အဖြစ် လာပြီးနေရာယူမယ့် လွှတ်တော်ပါ။ အဲတော့ ကာကွယ်ရေးဦးစီချုပ်က ခန့်အပ်ထားတဲ့ ပြည်သူက မရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဆုံးအဖြတ်မပေးရင်၊ သူတို့က သဘောမတူရင် ဘာမှလုပ်လို့ ရတာမှ မဟုတ်တာ”
NLD အထူးပြန်ကြားရေးတာဝန်ခံ ဦးသိန်းညွန့်ပါ။ အခုအထိ ကျမတို့အစီအစဉ်မှာ နိုင်ငံတော်သမ္မတကို ဘယ်လိုရွေးမလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ သမ္မတ ဖြစ်လာမလဲ။ ဒီသမတအပေါ် အပြန်အလှန် ထိန်းကြောင်းမှုတွေ ဘယ်လိုရှိမလဲဆိုတာကို အရေးကြီးတဲ့အချက်တွေ ကောက်နုတ်တင်ပြခဲ့ပါပြီ။ ဒီတော့ ဒီသမ္မတစနစ်ဟာ နိုင်ငံနဲ့သင့်တော်မှုရှိပါရဲ့လား။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ …
“တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို လူတယောက်၊ နှစ်ယောက်လက်ထဲမှာ ထားရှိကျင့်သုံးတဲ့စနစ်နဲ့ မသင့်တော်ဘူး။ နိုင်ငံရေးအရ ညှိနှိုင်းအုပ်ချုပ် နိုင်မယ့်စနစ်မျိုးကို ရှာဖွေရမှာဖြစ်တယ်။ သမ္မတစနစ်ကတော့ ဒီလိုအခြေခံမျိုး လုံးဝ မရှိဘူးလို့ ကျနော် ပြောချင်တယ်”
သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကတော့ …
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ လူတယောက်ကတောင် သမ္မတ ဖြစ်လာနိုင်တယ်လေ၊ ကြိုက်တဲ့လူကို ဝန်ကြီးအဖြစ် ခန့်တယ်။ အဲဒီဝန်ကြီးတွေက သူ့ကိုပဲ တာဝန်ခံရမယ်။ ပြည်သူက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေမှာ ဘာအာဏာမှ မရှိဘူး။ ဘယ်လိုမှ ဒီသမတကို ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုတာဟာ အတော်ထင်ရှားနေပြီလေ”
တခါ NLD အထူးပြန်ကြားရေး တာဝန်ခံ ဦးသိန်းညွန့်ကလည်း …
“အရပ်ဘက်အစိုးရဆိုတာ တကယ်တမ်းကျတော့ ဒီဖွဲ့စည်းပုံမူကြမ်းအရ လက်တွေ့မှာ ဘာမှမဖြစ်နိုင်ပါဘူး။ အခု နောက် လာမယ့်သမ္မတ က စစ်ရေးအမြင်ရှိရမယ်ဆိုတော့ စစ်သားဟောင်းထဲကပဲ ဖြစ်မှာပေါ့။ ဗမာပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အထူးသဖြင့် အရပ်ဖက်ခေါင်းဆောင်တွေပေါ့ဗျာ၊ တိတိကျကျပြောရရင် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို သမ္မတ မဖြစ်အောင် ရေးဆွဲထားတဲ့ အခြေခံဖွဲ့စည်းပုံဥပဒေ မူကြမ်းပဲလို့ အဓိက ပြောလိုပါတယ်”
ဒါပေမယ့် ဦးသိန်းကြည်ကတော့ ဒီမိုကရေစီစနစ်နဲ့ ညီပါတယ် တဲ့။
“အချုပ်အခြာအာဏာကို လွှတ်တော်ကနေ ကိုင်ထားတယ်။ လွှတ်တော်က ချပေးတဲ့ကိစ္စမှန်သမျှကို ဒီသမ္မတ က အကောင်အထည်ဖော်ရတယ်။ အဲဒီအကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိစ္စမှာ သူ့မှာတာဝန် အပြည့်အဝ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်တို့ ဘာတို့၊ အမျိုးသားလုံခြုံရေးကောင်စီတို့ ဘာတို့ ညာတို့ဆိုတာဟာ သမ္မတရဲ့ အောက်မှာပဲ ရှိပါတယ်။ ဒီလူရဲ့လုပ်ပိုင်ခွင့်မှန်သမျှအားလုံးကို တိုင်းပြည်အတွက်လုပ်မယ်ဆိုရင်တော့ လွှတ်တော် က အသိအမှတ်ပြုပေးမယ်။ ဒါပေမယ့် သူ့ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုလို့ရှိရင်တော့ လွှတ်တော်ကနေ အခွင့်ပေးမှာတော့မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီမိုကရေစီရှိတယ်၊ လွှတ်တော်က အမြင့်ဆုံး နေရာမှာရှိတယ်၊ လွှတ်တော်ထဲ ကနေချမှတ်ထားတဲ့ ဥပဒေတွေနဲ့ ကျော်လုပ်လို့မရတဲ့အတွက်ကြောင့် ဒီမိုကရေစီ အပြည့်အဝရှိတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်”
ဦးသိန်းကြည်ပါ။ ၂၀၀၈ မူကြမ်းပါ သမ္မတနဲ့ သမ္မတအပေါ် အပြန်အလှန် ထိန်းကျောင်းမှုဆိုင်ရာ အချက်အလက် အယူအဆအမျိုးမျိုးကို တင်ပြပေးခဲ့တာဖြစ်ပါတယ်။ နောက်တပတ်မှာတော့ သမတအပေါ် တပ်တော်ကရော သြဇာ ဘယ်လောက် လွှမ်းမိုးနိုင်ပါသလဲဆိုတဲ့အချက် အပါအဝင် တပ်မတော်ရဲ့ အခန်းကဏ္ဍအကြောင်း အသေးစိတ် နားဆင်ရမှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။
Comments