ဆန်ဖရန်ဘေးဧရိယာ ရေအလှူဈေးရောင်းပွဲတွင် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ (ဆန်ဖရန်စစ္စကို)လည်း ၀င်ရောက်ဆင်နွှဲမည်
မိုးမခရွာဆော်ကြီး
ဇွန် ၅၊ ၂၀၁၀
လာမည့် ဇွန်လ ၆ ရက်၊ တနင်္ဂနွေနေ့၊ ဆန်ဖရန်ဘေးဧရိယာ၊ နယူးအတ်ခ်မြို့ ခန်းမဆောင်မှာ အကြင်နာရောင်စဉ် ဈေးရောင်းပွဲဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ရေကုသိုလ်ဒါန အလုပ်များကို ရည်စူးပြီး “အများအတွက် - အများကောင်းမှု” အလှူပွဲတော်တခု ကျင်းပကြမည် ဖြစ်သည်။ မိုးမခ ရွာဆော်ကြီးစာမျက်နှာ ဒီနေရာမှာ ကြော်ငြာထားသည်။
အလှူရှင် ဆိုင်ခန်းပေါင်း ၃၀ နီးပါး ရှိသည်ဟု ဆိုသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ရေအလှူဒါနလုပ်ငန်းများကို ၀ိုင်းဝန်းလှူဒါန်းကြမည့် ယခု အလှူပွဲတော်တွင် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ “ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ” ကလည်း အုန်းနို့ခေါက်ဆွဲ ရောင်းချပြီး လှူဒါန်းမည်ဟု သိရသည်။
ပွဲစီစဉ်သူတဦးဖြစ်သူ ကိုကျော်သူရက မိုးမခသို့ ပြောကြားရာတွင် ဘေးဧရိယာ၊ အရှေ့ခြမ်း၊ အနောက်ခြမ်းကမ်းများက မြန်မာမိသားစုများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ရေအလှူလုပ်ငန်းများကို ဓာတ်ပုံများ၊ သတင်းများနဲ့ ရှင်းပြကြောင်း၊ အများက ၀ိုင်းဝန်းပြီး ဈေးရောင်းပွဲတော်ဖြင့် အလှူငွေ စုဆောင်းကြရန် သဘောတူကြကြောင်း၊ ပွဲစီစဉ်သူများက အမှတ်တရ ရန်ပုံငွေတီရှပ် ရောင်းချပြီး အလှူခံအုံးမည် ဖြစ်ကြောင်း၊ ကိုကျော်သူ၏ “အများအတွက်- အများကောင်းမှု” ဆိုသည် စာသားနှင့် ဆရာဇော်ဂျီ၏ “သင် သေသွားသော် …” ကဗျာကောက်နုတ်ချက်ကို ရိုက်နှိပ်ထားသည့် တီရှပ်ကို အမှတ်တရ ထုတ်မည် ဖြစ်ကြောင်း မိုးမခသို့ ပြောကြားသည်။
ဆန်ဖရန်မြို့တွင်းက လှရိပ်မြုံဖွင့်ထားသူ လူမှုရေး၊ ဘာသာရေး ထက်သန်သူတဦးဖြစ်သည့် (ဒေါ်) ချစ်မမက ထိုနေ့တွင် ကိုယ်တိုင်လာရောက်ပြီး ဈေးရောင်းအလှူမလုပ်နိုင်သော်လည်း မိမိလှရိပ်မြုံမှ ရရှိသော ထိုနေ့အတွက် လုပ်အားခငွေများကို လှူဒါန်းပေးမည်ဟု ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက တည်ထောင်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အကူအညီလိုအပ်နေသော နာရေးလုပ်ငန်းများသာမက အခြား ပညာဒါန၊ လူမှုရေးဒါနနှင့် ဆေးကုသမှု ဒါနများကိုပါ စေတနာဝန်ထမ်း မြန်မာမိသားစုများနှင့် လက်တွဲ ဆောင်ရွက်နေသော အသင်းကြီးဖြစ်သည်။ ၂၀၁၀ နွေရာသီကာလ သောက်သုံးရေ ရှားပါးမှုဒါဏ်ခံစားနေရသော ကျေးလက်များသို့ ရေအလှူနှင့် ရေတွင်း၊ ရေကန်အလှူလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ အသင်းကြီး၏ ဦးဆောင်သူတဦးမှာ ရုပ်ရှင်အနုပညာရှင် (ဦး) ကျော်သူဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ စုစည်းပြီး အများမဲဆန္ဒဖြင့် ရွေးချယ်ချီးမြှင့်သည့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ “ပြည်သူ့ဂုဏ်ရည်” ဆု ၂၀၁၀ ခုနှစ်အတွက် ဂုဏ်ပြုခြင်းကို လက်ခံရရှိခဲ့သည်။
(ဓာတ်ပုံမှာ - အလှူပွဲတော်မှာ အမှတ်တရ ၀ယ်ယူအားပေးလှူဒါန်းနိုင်မည့် တီရှပ် ရှေ့နှင့် နောက်ကျော မြင်တွေ့ရပုံ နှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ (ဆန်ဖရန်စစ္စကို ဘေးဧရိယာ)၏ မုန့်အရောင်းဆိုင်တွင် ချိတ်ဆွဲထားမည့် ဂုဏ်ပြုအမှတ်တရပိုစတာဖြစ်သည် - မိုးမခ)
Comments