ဗိုလ်ချုပ်ကြီးတို့၏ ချင်းတွင်းမြစ် ရွှေတူးဖော်ရေးလုပ်ငန်း အကျိုးအမြတ် များပြား
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၂၇၊ ၂ဝ၁ဝ
နာမည်ကျော် သူဌေးကြီး ဦးတေဇ ပိုင်ဆိုင်သည့် ထူးကုမ္ပဏီ၏ လုပ်ကွက်များကို ချင်းတွင်းမြစ်ရှိ ရိုးလာရွှေမှော်တွင် တွေ့နိုင်သည်။ (ဓာတ်ပုံများ-ချင်းတွင်းနတ်သမီး)
ဇွန် ၂၇၊ ၂ဝ၁ဝ

ဗိုလ်ချုပ်ကြီးတို့၏ သားသမီးများ၊ နီးစပ်သူများ ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် ချင်းတွင်းမြစ်တလျှောက် ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် အကျိုးအမြတ် ကြီးစွာ ရရှိနေကြောင်း သိရသည်။
ကိုယ်တိုင် ရွှေတူးဖော်ခြင်း မပြုဘဲ ရွှေတူးလိုသူ ဒေသခံ လုပ်ငန်းရှင်အသေးစားများထံမှ လစဉ်ကြေး ကောက်ခံနေခြင်းဖြစ်သည်။
လုပ်ငန်းရှင်များက ဗိုလ်ချုပ်ကြီးတို့၏ကုမ္ပဏီများကို တလလျှင် ရွှေ ၅ ကျပ်သားခန့် ပေးပြီး ၀င်ရောက် လုပ်ကိုင်ကြသည်။
သို့သော်လည်း လုပ်ငန်းရှင်တိုင်း အဆင်ပြေကြသည်မဟုတ်ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
“တချို့လည်း ရကြပြီး၊ တချို့လည်း မရကြပါဘူး။ အခွန် မဆောင်နိုင်ရင် ကိုယ့်မော်တော်ကို ဘေးကပ်။ တရက် အဲဒီထဲ ၀င်လုပ်တာနဲ့ တလစာ အခွန် ဆောင်ရတော့တာပါပဲ။ ဒါတောင် အလုပ်သမားခ၊ ဆီဘိုး မပါဘူးနော ... တနေ့ ကုန်ကျစရိတ်ဟာ ၂ သိန်းခွဲကနေ ၃ သိန်းကြားမှာ ရှိတယ်” ဟု သူက ရှင်းပြသည်။
ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေး အကြီးအကျယ် လုပ်ကိုင်နေကြသောကြောင့် သဘာဝ ငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေကြောင်း၊ သဘာဝ ပတ်ဝန်းကျင်လည်း ပြောင်းလဲ ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာ၊ မော်လိုက်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ဒေသများက ချင်းတွင်းမြစ်ရေကို သောက်သုံးရေအတွက် သာမက ဆက်သွယ် သွားလာရေး အတွက်ပါ အသုံးပြုနေကြသည်။
ခေတ်ပေါ် နည်းပညာများဖြင့် ရွှေ အကြီးအကျယ် တူးဖော်နေသဖြင့် မြစ်ရေလည်း ကြည်လင်မှု မရှိတော့ပေ။
ရွှေတူးဖော်မှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြခြင်း ဖြစ်သော်လည်း ဒေသခံများက မိသားစု စားဝတ်နေရေးအတွက် လက်မှုပစ္စည်းများဖြင့် ရွှေကို ကျင်ယူကြခြင်း ဖြစ်သည်။
ယခုအခါ ထိုသို့ မဟုတ်ဘဲ ချင်းတွင်းမြစ်တလျှောက်တွင် မော်တော်များ တန်းစီပြီး ဗြုံးစုပ်ယူကာ ရွှေထုတ်လုပ်နေကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အားကောင်းခြင်း မရှိသောကြောင့်လည်း ချင်းတွင်းမြစ်အတွင်းမှ လုပ်ငန်းကြီးများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများ ထွက်ပေါ်မလာသေးပေ။

Comments