The Voice ဂျာနယ် ၂ ပတ် ရပ်နားခံရပြန်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၀၊ ၂၀၁၀
တနင်္လာနေ့ ရက်စွဲဖြင့် နောက်ဆုံး ထုတ်ဝေခဲ့သည့် The Voice ဂျာနယ်တွင် အာဇာနည်နေ့အကြောင်း အယ်ဒီတာ့အာဘော် ရေးသား ဖော်ပြထားသည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၀၊ ၂၀၁၀

နာမည်ကျော် စာပေစိစစ်ရေးဌာနက The Voice အပတ်စဉ် ဂျာနယ်ကို ၂ ပတ် ရပ်နားရန် ညွှန်ကြားလိုက်သည်ဟု ထိုဂျာနယ်မှ သတင်းထောက် တစ်ဦးက ပြောသည်။
မည်သည့်အကြောင်းကြောင့် ရပ်နား ခံရသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
သို့သော်လည်း ဂျာနယ်တိုက် ပိုင်ရှင် ဒေါက်တာနေ၀င်းမောင်၏ ဆောင်းပါးကြောင့် ရပ်နားခံရခြင်း ဖြစ်ဖွယ်ရှိသည်ဟု အဆိုပါ သတင်းထောက်က ပြောဆိုသည်။
ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်းတိုက်မှ ထုတ်ဝေလျက်ရှိသည့် The Voice အပတ်စဉ် ဂျာနယ်သည် မေလကုန် နောက်ဆုံးပတ်ကလည်း သတင်းထောက် တစ်ဦးက ထက်ထက်မိုးဦးအား တရားစွဲသည့် သတင်းကို စိစစ်ရေးက ခွင့်မပြုဘဲ ဖော်ပြခဲ့သဖြင့် တစ်ပတ် ရပ်နားခံခဲ့ရသေးသည်။
ယခုတဖန် ၂ လ မပြည့်မီ ဒုတိယအကြိမ် ရပ်နားခံရခြင်း ဖြစ်သည်။
မကြာမီလပိုင်းမှ စတင်ပြီး စာပေစိစစ်ရေးဌာနတွင် ရေတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ နှင့် တွဲဘက် တာဝန် ပေးအပ်ပြီး နောက်ပိုင်း ယခင်ကထက် လုပ်ကိုင်ရ ပိုမို ခက်လာသည်ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာများက ပြောဆိုကြသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်ကလည်း အင်ဗွိုင်းဂျာနယ်နှင့် ပေါ်ပြူလာ ဂျာနယ်တို့ကို မော်ဒယ် သရုပ်ဆောင်တို့၏ ဓာတ်ပုံဖေါ်ပြရာတွင် ပေါင်သား ပေါ်သည်ဟု ဆိုကာ တစ်ပတ်စီ ရပ်နားရန် ညွှန်ကြားခဲ့သေးသည်။
အပတ်စဉ်ထုတ် ဂျာနယ် နှင့် မဂ္ဂဇင်းပေါင်း ၂၇၀ ကျော်မှာ တသမတ်တည်း မရှိသည့် စာပေစိစစ်ရေး၏ စိစစ်ရေးမူဝါဒ၊ ထုတ်ဝေသူနှင့် အယ်ဒီတာများအား မည်သည့် အကြောင်းအရာ ဖေါ်ပြခွင့်ရှိသည်၊ မည်သည့်အကြောင်းအရာ ဖေါ်ပြခွင့်မရှိဆိုသည့် သတ်သတ်မှတ်မှတ် စည်းမျဉ်းဥပဒေသများ မရှိပေ။ ထို့ကြောင့် ပိုမို လုပ်ကိုင်ရ ခက်ခဲကာ အပြစ်ဒဏ်ပေးခြင်းများ၊ ရပ်နားခိုင်းခြင်းများကိုပင် မိမိတို့ သဘောအရ ရပ်နားရသကဲ့သို့ ပြောင်းပြန် ခံဝန်ချက်များ တင်ပြချက်များ ပေးနေရသဖြင့် စိစစ်ရေး အလိုကျ လိမ်လည်ပေးနေရကာ စာနယ်ဇင်းသမား ကျင့်ဝတ် အရ ကြည့်လျှင် မည်သို့မျှ လက်မခံနိုင်သည့် အခြေအနေ ဖြစ်သည်ဟု ရန်ကုန်မှ သတင်းထောက်များ၊ အယ်ဒီတာများက ပြောဆိုကြသည်။

Comments