မိုးမခ အထောက်တော် ဒင်းဗား
သြဂုတ် ၂၆၊ ၂၀၁၀
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ တနင်္ဂနွေနေ့က ကော်လိုရာဒိုပြည်နယ်မှာ ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားများ စုပေါင်းပြီး ကရင်ရိုးရာ လက်ချည်ပွဲကို အော်ရိုရာမြို့ လောရီကွန်မြူနတီပန်းခြံ (Lowry Community Park)မှာ ကျင်းပခဲ့ပါတယ်။
အခုကျင်းပတဲ့ပွဲဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး အရင် နှစ်ကြိမ်တုန်းက အဆင်ပြေတဲ့နေရာမှာပဲ လူနည်းနည်းနဲ့ ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူများက ဆိုပါတယ်။ ကော်လိုရာဒိုပြည်နယ်မှာ ပြောင်းရွှေ့အခြေချလာသူ ကရင်လူမျိုးအားလုံး တထောင်နီးပါးရှိပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပတဲ့ အဲဒီပွဲကို လူ ၃၀၀ ကျော် လာရောက်ဆင်နွှဲတာ တွေ့ရပါတယ်။
“ဒီနှစ်မှာတော့ ပို အားရပါတယ်။ လူလည်း ပိုများလာတယ်လေ၊ ဒီပွဲဟာ ရှေးခေတ်ကရင် ဘိုးဘွားတွေ လက်ထက်ထဲက နှစ်ပေါင်းများစွာ ကျင်းပလာတာဖြစ်တဲ့အတွက် ကရင်အားလုံးနဲ့သက်ဆိုင်ပြီး ကရင်လူမျိုးတွေအားလုံး စိတ်တူကိုယ်တူ တက်ညီလက်ညီ အခုထက်ပိုပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ နောင်နှစ်မှာ ပိုမိုကြိုးစားရမယ်” လို့ ပွဲစီစဉ်သူတဦးက ပြောပါတယ်။

အခမ်းအနားမှာတော့ လက်ချည်ပွဲကျင်းပရကြောင်းအကြောင်းကို ပွဲစီစဉ်သူ လူကြီးများက လူငယ်များကို ရှင်းပြပြီး လူငယ်များနဲ့ ပရိတ်သတ်တွေလည်း ရိုးရာအတိုင်း ဆက်လက်ပြီးလက်ချည်ပွဲကို ဆင်နွှဲကြပါတယ်။ အဲဒီနောက် ကရင်ရိုးရာ အဆို အကများ၊ အစားအသောက်များနဲ့ ဖျော်ဖြေဧည့်ခံကြပါတယ်။

Comments