မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ပေါ်လစီအနုပညာအကြောင်း စဉ်းစား တွေးတောမိတာလေး ပြောပရစေ။ ပေါ်လစီလို့ ဆိုလိုက်လို့ နိုင်ငံရေးပေါ်လစီ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တခြားပေါ်လစီတွေလည်း ရှိပါသေးတယ်။ ဥပမာ- စီးပွားရေး ပေါ်လစီ၊ ပညာရေးပေါ်လစီ စသည်ဖြင့် ဆိုပါတော့။
ပေါ်လစီ အနုပညာလို့ ပြောလိုက်ရင် တချို့ က ၀ါဒဖြန့်ချိရေးလို့ပဲ မြင်နေကြတယ်။ တကယ်က ပေါ်လစီအနုပညာဆိုတာ ၀ါဒဖြန့်ရုံသက်သက်တော့လည်း မဟုတ်ရပါဘူး။ အနုပညာတိုင်းဟာ ၀ါဒဖြန့်တာပဲ ဆိုတဲ့ အယူအဆ တစ်ရပ်တော့ ရှိဖူးပါတယ်။ ဒါပေမဲ့ ပေါ်လစီအနုပညာကတော့ ၀ါဒဖြန့်တာထက် ပိုတဲ့ အဓိပ္ပာယ် သက်ရောက်မှု ရှိပါတယ်။ ပေါ်လစီ အနုပညာဆိုတာ ပေါ်လစီတာဝန် ရှိသလို၊ အနုပညာ တာဝန်ကိုလည်း ထမ်းရပါတယ်။ ဒီတာဝန် နှစ်ခုစလုံး ထမ်းနိုင်မှ ပေါ်လစီ အနုပညာပါ။
ပေါ်လစီအနုပညာ(Policy Art)လို့ ဆိုကတည်းက အနုပညာ ပါကိုပါရမယ်၊ Art ပါကိုပါရမယ်။ အနုပညာပါမှ၊ Art ပါမှ ဖြစ်မယ်။ ဒါကိုတော့ သတိပြုကြရမယ်။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်မှာ၊ မြွေပူရာ ကင်းမှောင့် ဖြစ်နေတာက အုပ်စိုးသူ လက်တစ်ဆုပ်စာ လူနည်းစု အတွက် ရေးသားနေကြတဲ့ ပေါ်လစီ ဆောင်းပါးတွေ၊ ပေါ်လစီဝတ္ထုတွေ၊ ပေါ်လစီကဗျာတွေ၊ ပေါ်လစီ သီချင်းတွေ၊ ပေါ်လစီရုပ်ရှင်တွေပါပဲ။
အစိုးရကထုတ်တဲ့ သတင်းစာတွေထဲက၊ အစိုးရအလိုကျ ဂျာနယ် မဂဇင်းတွေထဲက စာတွေဆိုရင် အစိုးရပေါ်လစီတော့ ပေါ်လစီပါပဲ၊ နအဖ ပေါ်လစီပါပဲ။ သို့သော်အနုပညာ လုံးလုံးမပါတဲ့ အစိုးရ၀ါဒဖြန့်ချိရေး သက်သက် ဖြစ်နေတာပါပဲ။
အဲဒီစာတွေ အားလုံးလိုလိုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို အပုပ်ချတဲ့၊ ထိုးနှက်တဲ့စာတွေ အများဆုံးပါပဲ။ မယုံမရှိနဲ့ကိုဒေါင်း။ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မျက်စိမှိတ် ထောက်ခံတဲ့၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပါးစပ်ပိတ် လက်ခံတဲ့စာတွေ များပါတယ်။ ဒါဟာ စာပေအနုပညာကို အလွဲသုံးစားလုပ်တဲ့ အလုပ်လို့ပဲ ပြောရမယ် ကိုဒေါင်း။ ဒါ စာပေရာဇ၀တ်မှုပဲ၊ ဒါ အနုပညာ ရာဇ၀တ်မှုပဲ။
ကျနော်တို့စာပေမှာ စာကောင်းပေမွန်တွေက မှေးမှိန် ပျောက်ကွယ်နေရပြီး၊ ဘာမဟုတ်တဲ့ အဲဒီလို ပြည်သူကို စော်ကားတဲ့၊ လူထုခေါင်းဆောင်ကို ပုတ်ခတ်တဲ့၊ ပြည်သူ့ပါတီ လူထုပါတီကို ထိုးနှက်တဲ့ စာဆိုး စာညံ့ စာယုတ်မာတွေက တစ်မိုးလုံးဖျောက်ဆိပ် ဖြစ်ပြီး တွင်ကျယ်နေတာပဲ မဟုတ်လား ကိုဒေါင်း။
အခု ကျနော်တို့ တိုင်းပြည်မှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ စာပေအနုပညာရှင်တွေ ဖိနှိပ် ချုပ်ချယ်ခံနေရတယ်။ ထောင်သွင်း အကျဉ်းချခံနေရတယ်။ နအဖအစိုးရနဲ့ နအဖရဲ့  နှိပ်ကွပ်ရေး ယန္တရား တစ်ခုဖြစ်တဲ့ စာပေစိစစ်ရေး ဌာနကြောင့် မြန်မာစာပေဟာ ရသစာပေတွေ ကျဆုံးနေရတယ်။ အဖိုးတန်စာပေတွေ ပျောက်ဆုံးနေရတယ်။
ဆိုပါတော့ ဒီကနေ့ ခေတ်သစ် ဂန္ထ၀င်လက်ရာ (Modern Classic) ဖြစ်တဲ့ လုံးချင်းဝတ္ထု ရှည်ကြီးတွေ တိမ်မြုပ် ပျောက်ကွယ်နေရတယ်။ စာရေးဆရာတွေက မရေးကြဘူး မဟုတ်ဘူး။ စာရေးဆရာတွေဘက်က အားမထုတ်တာ မဟုတ်ဘူး။ ဖိနှိပ် အုပ်ချုပ်သူတွေက ချိုးနှိမ် ပိတ်ပင်ထားလို့ပါပဲ။ ဒီလို ပြည်သူ့ဘ၀ကို ထင်ဟပ်တဲ့၊ ခေတ်ပြိုင် ခံစားမှု ပါတဲ့၊ ရသမြောက်တဲ့ လုံးချင်းဝတ္ထုကြီးတွေကို ဖိနှိပ်သူ အာဏာရ လူတန်းစားက ခွင့်မပြုပါဘူး။
ကောက်ကာငင်ကာ ဥပမာ ပေးရရင် ဆရာဒဂုန်တာရာရဲ့  တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ-၀တ္ထုကြီး အဆုံး မသတ်နိုင်သေးပါဘူး။ ဆရာနတ်နွယ်ရဲ့  မြန်မာပြည် မြောက်ပိုင်း ၀တ္ထုကြီး တတိယတွဲ(ဇာတ်သိမ်းပိုင်း) ထွက်မလာနိုင်သေးပါဘူး။
အုပ်စိုးသူတွေ လိုချင်တာက သူတို့ကို ထောက်ခံတဲ့၊ သူတို့ကို ချီးကျူးတဲ့ ဘုန်းတော်ဘွဲ့စာတွေပါပဲ။ နအဖ ချုပ်ကိုင်ထားတဲ့၊ နအဖနဲ့ မကင်းတဲ့ စာနယ်ဇင်းတွေမှာ အဲဒီလို ဘုန်းတော်ဘွဲ့ အရေး အသားတွေနဲ့ ပြည့်နေတာ ထူးပြီးတော့လည်း မဆန်းလှတော့ပါဘူး။ ပုတ်သင်ညိုလို အရောင်ပြောင်းတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေကလည်း ခေတ်တိုင်းမှာ ရှိစမြဲဆိုတော့၊ စစ်ကျွန်ခေတ်မှာ လူရာဝင်ချင်တဲ့ စာရေးဆရာ၊ စာနယ်ဇင်းသမားတွေကလည်း မနည်းဘူး မဟုတ်လား ကိုဒေါင်းရဲ့ ။
အခု ကိုဒေါင်းတို့ ကျနော်တို့ မြင်နေတွေ့နေ ကြားနေရတဲ့ နအဖရဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းတွေထဲက စာလုံးတွေ၊ အရုပ်တွေ၊ အသံတွေ အားလုံးဟာ နအဖရဲ့ စစ်အာဏာရှင် စနစ် ပေါ်လစီကို ဗန်းတင်နေတဲ့၊ ဇန်းတင်ထားတဲ့ အရာတွေချည်းပါပဲ။ ဒါကို နအဖပေါ်လစီ အနုပညာလို့တော့ လွယ်လွယ် မခေါ်လိုက်လေနဲ့။ ဒီလို အသုံးအနှုန်းနဲ့ မတန်ဘူး ကိုဒေါင်း။
နအဖပေါ်လစီကို ဖော်ပြနေတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ အနပညာလို့ ခေါ်ဖို့ မထိုက်တန်လောက်အောင် သိမ်ဖျင်း ယုတ်မာတဲ့ အရာတွေပဲ ကိုဒေါင်း။
ပြောရရင် ပြည်သူ့ဘက်မှာလည်း ပြည်သူ့အကျိုးစီးပွားကို ထင်ဟပ်တဲ့ ပြည်သူ့ပေါ်လစီ အနုပညာ ဆိုတာ ရှိတာပဲ။ ဒါပေမဲ့ ဒီပြည်သူ့ပေါ်လစီ အနုပညာက ခေတ်ပြိုင်ခံစားမှု ပါတဲ့၊ ရသ မြောက်တဲ့၊ မြင့်မြတ်တဲ့ သန့်စင်သော အနုပညာစစ်ကို တာဝန် ခံနိုင်ပါတယ်။
တစ်ခုတော့ ပြောချင်တယ် ကိုဒေါင်း။ စာပေ အနုပညာ လွတ်လပ်ခွင့် လုံးဝ မရှိတဲ့ တိုင်းပြည်မှာ စာပေ အနုပညာ အဆင့်အတန်း နိမ့်ကျနေပါတယ်ရယ်လို့ ဘေးက ဝေဖန်လာရင်တော့၊ ဒါဟာ စာပေ အနုပညာရှင်တွေမှာ တာဝန် စိုးစဉ်းမျှ မရှိဘူး၊ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့သူတွေမှာပဲ လုံးလုံး တာဝန် ရှိတယ်လို့ ပြောလိုက်ပရစေတော့ဗျာ။
အားလုံးကိုသတိရလျက်-
အောင်ဝေး( ၅-၂၅-၁၀ )
[ကဗျာဆရာအောင်ဝေးသည် အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။ မစ်ရှီဂန်မှ ပေးသောစာ အမှတ် ၁၉ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။]
Comments