နိုင်ငံရေးပါတီ ဟောပြောချက်ထက် ဘောလုံးပွဲက ပိုပြီး စိတ်ဝင်စားစရာကောင်းနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ ၂၀၁၀
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ ၂၀၁၀
ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများ၏ မဲဆွယ်ဟောပြောချက်များကို ယမန်နေ့ညက စတင်ပြီး ရုပ်မြင်သံကြားမှ လွှင့်ထုတ်ခွင့်ရသော်လည်း စိတ်ဝင်တစား ကြည့်ရှုသူ နည်းပါးလှပြီး ထိုအချိန်တွင် ထုတ်လွှင့်ပြသလျက် ရှိသည့် ပရီမီယားလိဂ် ဘောလုံးပွဲကိုသာ စိတ်ဝင်စားလျက်ရှိကြသည်။
ပထမဆုံး လွှင့်ခွင့်ရရှိသည့် ပါတီမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်ပြီး ဟောပြောသူမှာ တွဲဘက် အတွင်းရေးမှူး ဦးခင်မောင်ကြီး ဖြစ်သည်။ ဟောပြောချက်ကို မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့ရုပ်သံ-၄ တို့ကသာ ထုတ်လွှင့်ပြီး မြ၀တီရုပ်သံက ထုတ်လွှင့်ခြင်း မရှိပေ။ အဆိုပါ ဟောပြောချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။
ည ၈နာရီ ပြည်တွင်းနှင့် ပြည်ပသတင်းများ လွှင့်ပြီးချိန်တွင် နိုင်ငံရေးပါတီများ၏ ဟောပြောချက်ကို ထုတ်လွှင့်ခြင်း ဖြစ်ပြီး ထိုအချိန်သည် လူအများစိတ်ဝင်စားသည့် အင်္ဂလိပ် ပရီမီးယား လိဂ် ဘောလုံးပွဲများ ပြသချိန်နှင့် တိုက်ဆိုင်နေသဖြင့် လူအများက အဆိုပါဟောပြောချက်ကို စိတ်မ၀င်စားဘဲ ဘောလုံးပွဲများကိုသာ ကြည့်ရှုလျက်ရှိသည်ကို တွေ့ရသည်။
ရန်ကုန်မြို့လယ်တွင် နေထိုင်သူ တစ်ဦးက ``မနေ့ညက ပါတီတွေရဲ့ မဲဆွယ်တဲ့ ဟောပြောချက်ကို လွှင့်မယ် ဆိုတော့ ဟိုနားဒီနားက အိမ်တွေမှာ ဖွင့်ကြမလားလို့ လမ်းမှာ ကြည့်ခဲ့တာ၊ တစ်အိမ်မှ ကြည့်တာ မတွေ့ခဲ့ရဘူး။ အိမ်ထဲမှာလည်း ဘောလုံးပွဲပဲ၊ လက်ဘက်ရည်ဆိုင်မှာလည်း ဘောပွဲပဲ ကြည့်နေကြတယ်´´ဟုပြောသည်။
ရွေးကောက်ပွဲ ကျင်းပရန် တစ်လခွဲ သာသာမျှသာ လိုတော့သော်လည်း မြန်မာနိုင်ငံမှ လူထု အများစုမှာ စိတ်ဝင်စားမှု မပြကြပေ။ ရွေးကောက်ပွဲကြောင့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်သူ အလွန်နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသည်။
လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ကန့်သတ် ချုပ်ချယ်မှု များပြားလှပြီး ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေ ကိုယ်၌က စစ်တပ်က လွှမ်းမိုးပြီး လွှတ်တော်အသီးသီးမှ လုပ်ပိုင်ခွင့် မရှိသည့် အဖြစ်တို့ကြောင့် လူထု၏ ယုံကြည်ထောက်ခံမှု ရရှိသည့် နိုင်ငံရေး သမား အများအပြားက ရွေးကောက်ပွဲကို သပိတ်မှောက်ထားကြခြင်း ဖြစ်သည်။
Comments