Former Woman Political Prisoner - Out Grand Pa is a great grand pa of our time

စံတော်ဝင် အဘ
နိုင်ငံရေးအကျဉ်းသူဟောင်းတဦး
စက်တင်ဘာ ၁၈၊ ၂၀၁၀
အဘကို ကျမ စမြင်ဖူးစဉ်က အမှတ် ၅၁ ဒတ်ဆန်းအမြန်ယာဉ် ကားပေါ်မှာ ဖြစ်သည်၊၊ ပထမ ဦးဆုံးစမြင်ရသည်က ဝေါကင်းရှူးစီး၍ ဂျင်းဘောင်းဘီဝတ်ထားသော လွယ်အိတ်ကြီးကြီးတလုံး ကိုလွယ်ထားသော ကျွဲကော်ကိုင်း မျက်မှန်အနက်ကို တတ်ဆင်ထားသော ကားနောက်မှီးကို တွယ်လိုက်နေသည့် အဖိုးကြီးတဦး …
ကျမက ကား၏ နောက်ဆုံးထိုင်ခုံတွင် နေရာရသည်၊၊ အလယ်တန်း နောက်ဆုံးထိုင်ခုံတွင် ထိုင်နေသူ လူငယ် ၂ ယောက်က ကျောင်းသားလှုပ်ရှားမှုများတွင် မကြာခဏ တွေ့မြင်နေရသော လူငယ်များဖြစ်သည်၊၊ အဘက မြေနီကုန်းက တက်လာခြင်းဖြစ်သည်၊၊ ထိုစဉ် လူငယ်တဦးက ထ၍ “လာ … အဘ ဒီမှာထိုင် …” ဟု ဆိုကာ နေရာချင်း လဲလိုက်ကြသည်၊ လူငယ်က ကားနောက်မှီးတွင် တွဲလောင်းဖြစ်သွားသည်၊၊ အဘကတော့ နေရာ ရသွားသည်၊၊
အဘက ထိုလူငယ်ကိုကြည့်၍
“ ဟေ့ မင်းစာအုပ် ကိုယ့်ကို ပေးထား …”
လူငယ်က “ဟုတ်ကဲ့ …”
ဆိုပြီး စာအုပ်ကို လှမ်းပေးသည်၊၊
အဘက ထိုစာအုပ်အပေါ်တွင် သူ၏ လွယ်အိတ်ကို တင်လိုက်သည်၊၊ စံပြရုံမှတ်တိုင်ရောက်တော့ ကျမကားပေါ်က ဆင်းလာခဲ့သည်၊၊
ကျမ စိတ်ထဲတွင် ထိုအဘကို မကြာခန မြင်ဖူးနေသယောင် ထင်မှတ်မိနေသည်က အရေးတော်ပုံ လှုပ်ရှားမှုတွင် …
ကျမက ထောင်ကလွတ်ပြီးစမှ စတင်၍ ကျမနှင့် ခင်မင်ရင်းနှီးသော ရဲဘော်များနှင့် အတူ ရတတ်သမျှ အလုပ်ကလေးလုပ်၊ တတ်နိုင်သလောက် ချွေတာ၊ အခြားရဲဘော်များထံမှ ငွေကြေး ကလေးများ စုဆောင်း၊ ပြီးတော့ ထောင်ဝင်စာ မတတ်နိုင်သော ရဲဘော်အချို့အိမ်သို့ သွား၍၎င်း၊ ကိုယ်ကိုယ်တိုင် ထောင်ဗူးဝသို့သွား၍၎င်း၊ လူကြုံရှာ၍ စားစရာနှင့် ဆေးဝါးများ ပို့ပေးလေ့ရှိသည်၊၊
၁၉၉၇ ခု၊ ကျမ နောက်တကြိမ် စစ်ကြောရေးသို့ ရောက်ခဲ့သည်၊၊ အဲဒီမှာလည်း အဘအမည်ကို
ကြားခဲ့ရသည်၊၊ စစ်ကြောရေးမှ လွတ်ပြီး နောက်ပိုင်းတွင်လည်း ကျမတို့ လုပ်လက်စအလုပ်များကို ဆက်လုပ် နေခဲ့ကြသည်၊၊ ၁၉၉၉ ခုနှစ်တွင် ကျမတို့ အန်အယ်ဒီ မဟုတ်သော ပြင်ပအုပ်စုများနှင့် အဖွဲ့ချုပ်လူမှုထောက်ကူပြု အဖွဲ့တို့ ပူးပေါင်း၍ အလုပ်တော်တော်များ လုပ်နိုင်ခဲ့ကြသည်၊၊
ဇွန်လ၏ မိုးရေစက်များအောက်တွင် ဗမာပြည်အတွက် တိုက်ပွဲပျော် မိခင်တဦး ကွယ်လွန်ခဲ့ရှာသည်၊၊ ထိုအမေ ဒေါ်ကြည်ကြည်၏ ဈာပနတွင် အဘကို ထပ်မံတွေ့ဆုံခဲ့ရသည်၊၊ ကျမနှင့် သူငယ်ချင်းများက ထိုဈာပနတွင် ကျန်ရစ်သူမိသားစုဘက်မှ ခြေသည်းလက်သည်း အဘက စာအုပ်တအုပ်နှင့် ဈာပန ကူညီငွေများကို လက်ခံနေသည်၊၊
 ပြီးတော့ ကျမအမည်ကို မမဒုံတို့က ခေါ်တော့ အဘ မော့မော့ကြည့်သည်၊ ထိုခဏတွင် ကျမက အဘထံ ကူငွေသွားပေးသည်၊၊ နံမည်ကို မေးတော့ သူ ခေတ္တတုန့်ဆိုင်းပြီးမှ စာရွက်ပေါ်တွင် ရေးချလိုက်သည်၊၊ တဆက်တည်းဆိုသလိုမှာပဲ အော်သမီးက “ × × ×” ဆိုတာကိုး၊၊
ထိုနောက်တွင် အဘနှင့်ကျမတို့ လူမှုထောက်ကူအလုပ်များ လုပ်ကိုင်ရင်း ကာလအနည်းငယ် အတွင်းမှာပင် ကျမသည် အဘ၏ စိတ်ချ ယုံကြည်ရသော သူတဦးဖြစ်လာခဲ့သည်၊၊ အဘနှင့်တွေ့တိုင်း ကျမအတွက် စိတ်အားထက်သန် ခဲ့ရသည်၊၊ အဘက ကျမကို သမီးတယောက်ကဲ့သို့၊ လုပ်ဖေါ်ကိုင်ဘက် ရဲဘော်တဦးကဲ့သို့ ဆက်ဆံခဲ့သည်၊၊ အားပေးခဲ့သည်၊၊ သင်ပြပေးခဲ့သည်၊၊ အထူးသဖြင့် စာနယ်ဇင်းဆိုင်ရာ အတတ်များ၊၊
ထိုသို့ အဘ၏ ယုံကြည်မှု ရလာသောအခါ ကျမက လက်ရဲဇက်ရဲ နိုင်လာသည်၊၊ ထောင်အတွင်း အပြင်ကိစ္စများ၊ ထောင်ထဲရှိ ရဲဘော်များ၏ ကျန်းမာရေးကိစ္စများ၊ ဆေးကုသရေးဆိုင်ရာ ကိစ္စများ ကျမ လုပ်ရဲ လုပ်တတ်လာခဲ့သည်၊၊
ဥပမာ   ဦးရှိန်တင်၊ ဦးစောဘင်ဆင် အစရှိသူတို့ကို ထောင်ပြင်ပဆေးရုံသို့  တက်ရောက် ကုသခဲ့ရသူများ၊ ကျမ မှတ်မိသလောက် ဦးရှိန်တင် (တောင်ငူထောင်မှ ပြင်ပဆေးရုံသို့ ရောက်ပြီး ကွယ်လွန်သူ)၊ ဦးဆာထူးစော၊ အစရှိသည့် ပုဂ္ဂိုလ်မျာ …
အဲသလိုနှင့် ကျမက လုပ်ငန်းတွင်ကျယ်သလောက် ရန်သူ၏ မျက်စိစပါးမွှေးစူးမှုကို ခံလာရသည်၊၊ ထို့နောက် … ထို့နောက်တွင် ကျမ ဒုတိယမြစ် တတိယမြစ် … ကျမ ကူးခတ်နေရသည်၊၊
သို့သော် အဘထံသို့ ရံဖန်ရံခါ ဂါရဝပြုနေဆဲ ပါပင်။
ယနေ့ အဘကွယ်လွန်ကြောင်း သိလိုက်ရသည်၊၊ တဦးချင်းအဖို့ သော်၎င်း၊ လူ့အဖွဲ့စည်းအတွက်သော်၎င်း … ကျီးအုပ်တို့ ပြိုလေပြီ၊၊
အဘနှင့်ရင်းနှီး၍ မကြာသေးခင်ကမှ အဘပြောခဲ့သော စကားလေးကို အမှတ်ရ နေပါသေးသည်၊၊
“ (ဟေ့ကောင် “× × ×”  မင်း ရောက်လာပြန်ပြီလား … တော်တော်ရှုပ်တဲ့ အကောင်ပဲ …) ဆိုပြီး အဘကို ထုထည့်လိုက်တာ အဘလည်း ပုံရက်သား လဲကျသွားတာပဲ။ အဘကို ခေါင်းစွပ် လာဆွဲချွတ်တော့မှ အဘမှန်းသိပြီး ထောက်လှမ်းရေးက တောင်းပန်သွားတယ်၊၊ အခုမှ အဘ သိရတယ်။ အဲဒီတုန်းက သူတို့ လူမှားရိုက်တာ သမီးကိုး ”
ဟု ပြောရင်း ရယ်မောနေပါသည်၊၊
ဒီလိုအပြုံး၊ ဒီလို အရယ်များနှင့်ပင် သူချစ်သော ရဲဘော်များနှင့် လက်တွဲ၍ ဘဝတလျှောက်လုံး တိုက်ပွဲပေါင်းများစွာ တိုက်ခဲ့သည် ဟု ကျမ ယုံကြည်ပါသည်၊၊
“အဘကား ကွယ်လေပြီ။ အဘဇီဝရုပ်ဓါတ်ကား ကွယ်လေပြီ။ သို့သော် လူ့အဖွဲ့အစည်း၏ သမိုင်းစာမျက်နှာများ အပေါ်၌ အဘနံမည်ကား ဘယ်တော့မှ မကွယ် ”၊၊ ။

(အဘဦးအုန်းမြင့်၏ ဓာတ်ပုံ - ကိုအောင်ဒင် (US Campaign for Burma) ပို့ပေးတယ်)

Comments