အောက်တိုဘာ ၉၊ ၂၀၁၀
ဥပဒေမရှိတဲ့ မရဏမင်း
ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတခု ။ ။ ၇.၁၀.၂၀၁၀ (ကြာသပတေးနေ့) နံနက် ၉း၃၀ နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေ ကွယ်လွန်သူ ဒေါ်အုံးရီ အသက် ၆၇ နှစ် နှင့် သားဖြစ်သူ ဦးခင်ဦး အသက် ၄၈ နှစ်တို့၏ ရုပ်အလောင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ် ၂ စီးဖြင့် သွားရောက် သယ်ဆောင်ကာ ကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့သည်။
သားဖြစ်သူ ဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော ၅ ရက်ခန့်က သတိမေ့မျောနေကာ မိခင်ကြီး ဒေါ်အုံးရီ မှ အနီးကပ်ပြုစု စောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် ၂ ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူ တဦးဖြစ်သည်။ မိခင်ကြီး ဒေါ်အုံးရီသည် ၆.၁၀.၂၀၁၀ ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစု စောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူ ဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်း မရှိသဖြင့် မိခင်မေတ္တာ၊ သားသမီးဇောတို့ဖြင့် ပေါက်ကွဲပြီး သတိလစ်နေသော သားဖြစ်သူအား လှုပ်ရမ်းကာ “သား မောင်ခင်ဦး … သားလေး မောင်ခင်ဦး” ဟု နှစ်ခွန်းသာ ခေါ်ဆို၍ နှလုံးဖောက်ပြန်ပြီး ဘဝတပါးသို့ ည ၆း၀၀ နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။ သားဖြစ်သူ ဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား မကြားတော့ မသိ။ ည ၈း၀၀ နာရီတွင် မိခင်ကြီး ဒေါ်အုံးရီ နောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူ ဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။
ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများ မတူညီကြသော်လည်း ကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲ ဟူ၍ တွေးမိတော့သည်။
ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစား မခွဲ။ အချိန်ကာလ သတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူ မခွဲချေ။
အာဏာကို ရူးသွပ်သူများ၊ ဥစ္စာပစ္စည်း မက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း စသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေး ခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြား သီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုး ထမ်းဆောင်ပေးရန်၊ သရဏဂုံ တည်မြဲရန် အရေးကြီးလှပါပေသည်။
မမြင်လိုတော့ပါ၊ မကြားလိုတော့ပါ၊ မပြောလိုတော့ပါ
ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများ မတူညီကြသော်လည်း ကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲ။
မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစား မခွဲ။ အချိန်ကာလ သတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူ မခွဲ၊ အသက်ကြီးငယ်မရွေး ခေါ်ဆောင်သွားလေ့ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ဦးကျော်မောင် အသက် ၇၈ နှစ်သည် လူကြီးရောဂါဖြင့် ၈.၁၀.၂၀၁၀ သောကြာနေ့ နံနက် ၇း၀၀ နာရီအချိန်တွင် ဘဝတပါးသို့ ပြောင်းသွားပါ၍ သမီးဖြစ်သူသည် ဦးကျော်မောင်၏ ကျန်ရစ်သော ရုပ်အလောင်းအား ရေဝေးသုဿန်တွင် သင်္ဂြိုလ်မှုပြုလုပ်ရန် ဆရာဝန်၏ သေဆုံးကြောင်းလက်မှတ်၊ ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးဌာနမှ သင်္ချိုင်းလက်မှတ် စသည်တို့ကို လိုက်လံတောင်းခံပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသောအခါ နေအိမ်တွင် ကျန်ရစ်ခဲ့သော အဆုတ်ဝေဒနာရှင် အကိုဖြစ်သူ ဦးတင်ထွန်း အသက် ၅၇ နှစ်သည်လည်း ဖခင်ဖြစ်သူနောက်သို့ လိုက်ပါသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ ယင်း ဦးကျော်မောင်နေအိမ်တွင် အသက်ကြီးရင့်ပြီဖြစ်သော ဖခင် ဦးကျော်မောင်၊ အကိုဖြစ်သူ အဆုတ်ဝေဒနာရှင် ဦးတင်ထွန်းနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေ ပေးနေရသော သမီးဖြစ်သူတဦး မိသားစု ၃ ဦးသာ နေထိုင်ကြသည်။ ယခုမူ မရဏမင်း၏ ခေါ်ဆောင်မှုကြောင့် သမီးဖြစ်သူ တဦးတည်းသာ လောကကြီး အလယ်တွင် ကျန်ရစ်ခဲ့တော့သည်။
ဘဝတပါးသို့ ပြောင်းသွားသော ဦးကျော်မောင် အသက် ၇၈ နှစ် နှင့် ဦးတင်ထွန်း အသက် ၅၇ နှစ်တို့၏ ရုပ်အလောင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများ အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အသင်းသား ဦးစည်သူမှ ကူညီပံ့ပိုးပေးသော နာရေးပရိတ်သတ်များ လိုက်ပါပို့ဆောင်ရန် BM ကား တစီးတို့ဖြင့် ကူညီဖေးမပေးခဲ့ကြပါသည်။
မနေ့က အမေနဲ့ သား၊ ပြီးတော့ ဒီနေ့ အဖေနဲ့ သား အပြစ်မဲ့ ပြည်သူတို့ကို မညှာမတာ၊ ရက်ရက်စက်စက်၊ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့စွာဖြင့် ခေါ်ဆောင်သွားလေ့ရှိသော မရဏမင်းကြီးအား ယခုလို အဖြစ်ဆိုးများကို နောက်ထပ် ထပ်မံ၍ မဖြစ်ပေါ်ပါစေနှင့် ထပ်မံ၍ မခေါ်ဆောင်ပါနှင့် ထပ်မံ၍ မကြားပါရစေနှင့် ထပ်မံ၍ မမြင်ပါရစေနှင့် ဟုသာ …… ။

မမျှော်လင့်ဘဲ - ဗြုန်းခနဲ၊
နာလည်းနာနိုင်သည်။
မမျှော်လင့်ဘဲ - ဗြုန်းခနဲ၊
သေလည်းသေနိုင်သည်။
ငါသည်မုချ သေရမည်။
အချိန်အနည်းငယ်သာ လိုတော့သည်။
အသေမဦးခင် - ဉာဏ်ဦးအောင်၊
တရားအားထုတ်ကြပါလော့။
(မိုးကုတ်ဆရာတော်ဘုရားကြီး သြဝါဒ)

Comments