Letters from Michigan - 28

မစ်ရှီဂန်မှပေးသောစာ အမှတ်(၂ဂ)
အောင်ဝေး
အောက်တိုဘာ ၁၇၊ ၂၀၁၀ "---သံဃာ သတ်ထားတဲ့၊ သွေးစွန်းနေတဲ့ လက်ကိုမှ အိန္ဒိယအစိုးရက ကြည်ကြည် ဖြူဖြူ ဆွဲယူ နှုတ်ဆက်လိုက်ပြန်တဲ့ အချက်ကတော့ စိတ်ထဲ မခံစားနိုင်ဘူးဗျာ---"
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ဥတုရာသီများလည်း သာပါစ။ ဒီမှာတော့ အိမ်လွမ်းစိတ်ထဲ သဲနဲ့ ပက်လိုက်သလို ဒီရက်တွေအတွင်းမှာ မြန်မာစစ်ခေါင်းဆောင် အိန္ဒိယနိုင်ငံကို ဘုရားဖူးသွားတဲ့ သတင်း၊ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးအကြောင်း ရေးတဲ့ မြန်မာစာရေးဆရာရဲ့ စာအုပ်တွေ မီးပုံရှို့ခံရတဲ့ သတင်း၊ ဒီသတင်းတွေက ကြားရကြားရ နားဝမှာ မသက်သာ ဖြစ်မိတယ်ဗျာ ကိုဒေါင်း။

နအဖစစ်အစိုးရရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ် အိန္ဒိယနိုင်ငံကို ဘုရားဖူးသွားတယ် ဆိုတာလောက်ကတော့ ဒါ သူ့မှာလည်း အခွင့်အရေး ရှိတာမို့ ဘာမှပြောစရာ မရှိပါဘူး။ သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးလို့ ခံယူထားရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာ အတိုင်း ဗုဒ္ဓဂယာလည်း သွားနိုင်တယ်။ လုမ္မိနီလည်းကူးနိုင်တယ်။ သံဝေဇနိယလေးဌာန အမျှတွေလည်း ဝေနိုင်တယ်။ ပြုချင်သပဆိုရင် ကောင်းမှုကုသိုလ်တွေလည်း ပြုနိုင်တာပါပဲ။ ဒါ ပြဿနာမရှိပါဘူး။

သို့သော်-ဘုရားက သူ့ကို လက်ခံမယ်၊ လက်မခံဘူး ဆိုတာက သူ့အပိုင်း။ သံဃာ သတ်ထားတဲ့ စစ်အာဏာရှင် ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ၊ ကမ္ဘာ့ပြည်သူတွေက သူ့ဘုရားဖူး ခရီးစဉ်ကို သံပုံးတီး သပိတ်မှောက် ဆန္ဒပြတာကသူ့အပိုင်း။ ကျနော်တို့ အပိုင်း မဟုတ်ဘူး။

ကျနော်တို့ အပိုင်းက … ကိုဒေါင်းကြီး … ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက သံဃာတော်တွေရဲ့ သွေးတွေ မခြောက်သေးဘူး။ အဲဒီ သံဃာ သတ်ထားတဲ့၊ သွေးစွန်းနေတဲ့ လက်ကိုမှ အိန္ဒိယအစိုးရက ကြည်ကြည် ဖြူဖြူ ဆွဲယူ နှုတ်ဆက်လိုက်ပြန်တဲ့ အချက်ကတော့ စိတ်ထဲ မခံစားနိုင်ဘူးဗျာ။

ဒီလုပ်ရပ်ဟာ အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်ခု အဖြစ် ကမ္ဘာက အသိအမှတ် ပြုထားတဲ့ အိန္ဒိယနိုင်ငံက အိမ်နီးချင်း နိုင်ငံငယ်လေး တစ်ခုက အဖိနှိပ်ခံပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင် ဖြုတ်ချရေး တိုက်ပွဲအပေါ် လျစ်လျူရှုရာ ရောက်သွားတာပဲ ကိုဒေါင်း။ အိန္ဒိယနိုင်ငံ၊ နောက်ပြီးတော့ တရုတ်နိုင်ငံ၊ ဒီ ကမ္ဘာ့ အင်အားကြီး နိုင်ငံ နှစ်နိုင်ငံဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရင်းချာဆုံး၊ အနီးကပ်ဆုံး၊ ရှေး အစဉ် အဆက်ကတည်းကချစ်ကြည်စွာ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေပါ။

အိန္ဒိယနိုင်ငံရော ကျနော်တို့ မြန်မာနိုင်ငံပါ နယ်ချဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ ပြိုင်တူ ရုန်းထခဲ့ကြတာပါ။ အိန္ဒိယ-မြန်မာဆက်ဆံရေးဟာ နှစ်ပေါင်း ရှည်ကြာ ကောင်းတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ၂ဝ ရာစု မကုန်ခင်က အိန္ဒိယ-မြန်မာ ဆက်ဆံရေး၊ ၂၁ ရာစု အဝင်မှာ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၊ အသေးစိတ်ကိုတော့ ကျနော် မပြောတော့ ပါဘူး။ ဒီအထဲမှာ မှတ်မှတ်ရရ ဖြစ်နေတာက ၁၉၉၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံအစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေရူးဆု ချီးမြှင့်ခဲ့တဲ့ အချက်ပါပဲ။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် မယူနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား မြန်မာခေတ်ဟောင်း အဆိုတော်ကြီး ဒိုရာသန်းအေး (ခေါ်) ဘိလပ်ပြန်သန်းက အဲဒီအချိန်က အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီးဖြစ်သူ ဒေါက်တာရှန်ကာထံကနေ ဆုကို လက်ခံယူခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ် အကျယ်ချုပ်ဘဝကနေ ဆုယူမိန့်ခွန်း ရေးသားပေးပို့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ- “ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေ အတွင်းမှာ မဟတ္တမဂန္ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ၊ စာတွေဟာ အစဉ်တစိုက် စိတ်ဓာတ် မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီ ကြီးကျယ် မြင့်မြတ်လှတဲ့ အိန္ဒိယ အမျိုးသားကြီး နှစ်ယောက်ကို ကျမ အလေးစား အကြည်ညိုဆုံး ရှေ့ဆောင် လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေ စာရင်းထဲ ထည့်ထားပါတယ်” လို့ရေးခဲ့တာပါ။

ဒီမိန့်ခွန်းထဲမှာပဲ သူ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျဝါဟလာနေရူးတို့ရဲ့ ဆက်ဆံရေး တစ်ကွက် ပါပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြည် လွတ်လပ်ရေး ဆွေးနွေးဖို့ လန်ဒန်အသွား ဒေလီကို ခဏဝင်၊ အိန္ဒိယခေါင်းဆောင် နေရူးနဲ့ တွေ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက နေရူးအောက် (၂၆) နှစ်လောက် ငယ်ပါတယ်။ နေရူးက ဗိုလ်ချုပ်ကို ဖခင်စိတ်နဲ့ ဂရိတ်ကုတ်ကြီး တစ်ထည် ဂုဏ်ပြုလက်ဆောင် ပေးခဲ့ပုံ ရေးထားတာပါ။

အခုအချိန်မြန်မာစစ်ခေါင်းဆောင်၊ မြန်မာ စစ်အာဏာရှင်လက်ကို လက်ရှိ အိန္ဒိယ သမ္မတ ဖြစ်သူက ဆွဲယူ နှုတ်ဆက်နေတဲ့ သတင်းကို ကြားရ၊ မြင်ရတော့၊ အဲဒီ ၁၉၉၃ နေရူး ဆု လက်ခံ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် နိဂုံးချုပ် ရေးထားတာတွေက ကျနော့် အဖို့တော့ ပိုပြီး လွမ်းစရာဖြစ်ရပြီ ကိုဒေါင်းရေ။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရေးခဲ့သလဲ ဆိုတော့ - “ဒီမိုကရေစီနိုင်ငံရေး စနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်း ကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာ တစ်ပုံတစ်ခေါင်း အတွက် အကောင်းဆုံး ဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ် လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်” တဲ့။

“လူသားရဲ့ ဝမ်းတွင်းပါ ဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့ နဲ့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ဖို့ ထိုက်တန်တဲ့ သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ ပြဿနာမရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးက အကောင်းဆုံး သက်သေပြနေပါတယ်” တဲ့။

“ကျမတို့ နိုင်ငံလည်း မဝေးတော့တဲ့ တစ်နေ့မှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားက ရှေ့ဆောင် လမ်းပြပြီး ဓမ္မနဲ့ အဘယတို့ စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ် လို့ မြန်မာ ပြည်သူ အများတကာ့ အများစုကြီးက နှစ်နှစ်ကာကာ မျှော်လင့်နေပါတယ် ”တဲ့။

ဒါ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၃ ခုနှစ်တုန်းက ရေးခဲ့တာပါ။ ကိုဒေါင်းရေ… ကြေကွဲမယ် ဆိုလည်း ကြေကွဲစရာပေါ့ဗျာ။ ဒါပေမဲ့ အားတော့ ဘယ်တုန်းကမှ မပျက်ပါဘူး။ ကျနော်တို့ မျှော်လင့်ချက်နဲ့ ရှေ့ဆက် တိုက်ပွဲဝင်နေရဦးမယ် မဟုတ်လား။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဇူလိုင်၂၈-၂ဝ၁ဝ။
[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

Comments