ရန်ကုန်မှာ ဆွဲပြီ
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၈၊ ၂၀၁၀
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၈၊ ၂၀၁၀
ယခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ သာကေတမြို့နယ်ရှိ ရပ်ကွက် တချို့တွင် အရပ်သား အများအပြား အဖမ်းခံနေရကြောင်း ဒေသခံ လူတစ်ဦးက ပြောသည်။
ည ၁၁ နာရီ ၀န်းကျင်တွင် ဖြစ်ပေါ်နေသော ထိုဖမ်းဆီးမှုတို့ကို ဒေသခံတို့က “ပေါ်တာဆွဲ” သည်ဟု ဆိုကြသည်။
“ဗုဒ္ဒဟူးနေ့ညကဆို ကျနော်တို့က မာန်ပြေ ၁၃လမ်းမှာ လက်ဘက်ရည်ဆိုင် ထိုင်နေတုန်း မာန်ပြေ (ရပ်ကွက်) ၁၁ လမ်းထိပ်မှာ လူငယ်တစ်ယောက်ကို ဆွဲသွားတယ်။ ဆွဲတုန်းက အဲဒီဆွဲခံရတဲ့ လူငယ်က လာဆွဲတဲ့ လူတွေကို သေချာရှင်းပြတယ်။ သူအလုပ်က ပြန်လာတာ ဆိုတာကို ဒါပေမဲ့ မရဘူး ခေါ်သွားတယ်။ နောက်တနေ့ မေးကြည့်တော့ ပိုက်ဆံငါးသောင်း ပေးလိုက်ရတယ် လို့ပြောတယ်” ဟု သူက ပြောပြသည်။
“သူတို့ကရပ်ကွက်ထဲက လမ်းတွေထဲတော့ ၀င်မဆွဲဘူး။ မာန်ပြေလမ်းမကြီးပေါ်မှာပဲ ဆွဲတာ။ သူတို့အမှုတွဲ အရေအတွက် ပြည့်အောင် ဆွဲတာပေါ့” ဟု သူက ဆက်လက် ပြောဆိုသည်။
“ပေါ်တာဆွဲ” သည် ဟူသော ဝေါဟာရမှာ မြန်မာ့တပ်မတော် စစ်ကြောင်းများအတွက် လက်နက်၊ ရိက္ခာ သယ်ဆောင်ခိုင်းစေရန် အရပ်သားများကို ဖမ်းဆီးခြင်းကို အဓိက ဆိုလိုသည်။
သာကေတမြို့ အဖမ်းအဆီးများမှာ လတ်တလော နယ်စပ်ဒေသ တပ်မတော် စစ်ကြောင်း လှုပ်ရှားခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့တွင် အသုံးပြုရန် ဖမ်းဆီးခြင်း ဟုတ်မဟုတ် မသေချာသေးပေ။
မိုးမခကို သတင်းပေးသည့် ထိုလူငယ်ကမူ ဤကဲ့သို့သော ဖမ်းဆီးမှုများမှာ နယ်စပ် စစ်မြေပြင်နှင့် မသက်ဆိုင်ဟု ယူဆနေသည်။
“နှစ်ကုန်ခါနီးရင် ဒီလိုပဲသူတို့ လုပ်နေကျ။ ငွေနဲ့ရွေးနိုင်ရင်တော့ ငွေယူပြီး ပြန်လွှတ်ပေးတယ်။ ဒီလိုစီမံချက်မျိုး ဆိုရင်တော့ လမ်းဘေးမှာ အိပ်လေ့ရှိတဲ့ လူတွေကတော့ ပုဒ်မ၃၀(ဃ)နဲ့ တစ်လ လောက်တော့ ထောင်ထဲ အထည့်ခံရ တာပေါ့။ ဒါကလည်း အောက်ခြေ လူတန်းစားတွေကို အနိုင်ကျင့်နေတဲ့ ကိစ္စပဲ” ဟု သူက ဆိုသည်။
Comments