Internation Community reactions on Burmese Regime 2010 Election

စစ်အစိုးရ ရွေးကောက်ပွဲကို နိုင်ငံတကာခေါင်းဆောင်များ၏ တုန့်ပြန်ချက်များ
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၂၊ ၂၀၁၀

နိုဝင်ဘာ ၁၀ - တရုတ်ပြည်ကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းက တရုတ်ဝန်ကြီးချူပ် ၀မ်ကြားပေါင်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာပြည်အရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ - အိန္ဒိယနိုင်ငံက အရာရှိကြီးတဦးရဲ့ အဆိုကတော့ နိုင်ငံချင်း စီးပွားရေး၊ စစ်ရေး အကျိုးစီးပွားတွေအရ မြန်မာပြည်တွင်းရေးကို အိန္ဒိယအစိုးရက နှုတ်ပိတ်နေတယ်လို့ ပြောသွားပါတယ်။

နိုဝင်ဘာ ၁၀ - အမေရိကန်အစိုးရရဲ့ တရားဝင်သဘောထားထုတ်ပြန်ချက်မှာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အထူးစိတ်ပျက်တယ်။ တိုင်းပြည် အကျိုးအတွက် ငြိမ်းချမ်းရေးအတွက် ဦးတည်ခြင်းမရှိဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ အိန္̔ဒိယတိုင်းပြည်ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားကလည်း မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းမကျတဲ့ အနိုင်ကျင့်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်ဝေဘန်လိုက်ပါတယ်။

နိုဝင်ဘာ ၉  ရက် - အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်က ထုတ်ပြန်ရာမှာတော့ မြန်မာပြည်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့ခြေတလှမ်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက် - သြစတြေးလျနိုင်ငံ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) တို့နှစ်ဦးက ပူးတွဲထုတ်ပြန်ရာမှာ  ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၈ - ဂျပန်နိုင်ငံကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ ရုပ်ဆိုးလှတဲ့အတွက် အထူးစိတ်မကောင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက် - ဥရောပသမဂ္ဂရဲ့ ကိုယ်စား ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်ရတဲ့ အခွင့်အလမ်း ရှိခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ ဒီမိုကရေစီနိုင်ငံ ဦးတည်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာခဲ့ဘူးလို့ ဝေဖန်တဲ့ ကြေညာချက် ထုတ်ပါတယ်။

နိုဝင်ဘာ ၈ ရက် မြန်မာစစ်အစိုးရ အနေနဲ့ လက်ရှိအနေအထား ဆက်မနေဘဲ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းအောင် လုပ်နေပါတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် လုပ်ပြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက် - မြန်မာစစ်အစိုးရရဲ့ မဟာမိတ် တရုတ်အစိုးရရဲ့ သတင်းစာအာဘော်တခုမှာတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည် တိုးတက်ရေးအတွက် ရှေ့ခြေတလှမ်းတိုးလိုက်တာဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

Comments