တောင်ကြီး၊ ဘားအံတို့တွင် မေရီချက်(ပ်)မင်း နားမကြား ကျောင်းခွဲများ ဖွင့်မည်
Ecovision ဂျာနယ်
နိုဝင်ဘာ ၁၉၊ ၂ဝ၁ဝ
ကိုယ်တိုင် ဖန်တီးထားတဲ့ ဓာတ်ပုံတွေ နောက်ခံ နဲ့ ရန်ကုန်မြို့ မေရီချက်(ပ်)မင်းကျောင်းမှ ကလေးငယ်များ။
(ဓာတ်ပုံ - ဆိုင်းမိုင်-မြန်မာတိုင်းမ်ဂျာနယ်)
နိုဝင်ဘာ ၁၉၊ ၂ဝ၁ဝ

(ဓာတ်ပုံ - ဆိုင်းမိုင်-မြန်မာတိုင်းမ်ဂျာနယ်)
မေရီချက်(ပ်)မင်း နား မကြားကျောင်းမှ ကလေးများ ကျောင်းတက်ရေး အဆင်ပြေစေရန်အတွက် တောင်ကြီးမြို့နှင့် ဘားအံ မြို့များတွင် ကျောင်းခွဲသစ်များ ဖွင့်ရန် ရည်ရွယ်လျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဂရက်ကျော်မြက ပြောသည်။
အခု နားမကြားတွေ စာသင်လို့ရတယ် ဆိုတာ သိရှိသွားကြတော့ လာထားကြတာ များတယ်။ နားမကြားကျောင်းက ရန်ကုန်နဲ့ မန္တလေး (၂)ကျောင်းပဲ ရှိတာဆိုတော့ ကလေးတွေ ပြည့်နေတယ်။ တောင်ကြီးနဲ့ဘားအံမှာ ကျောင်း ခွဲဖွင့်ရင် ဆရာ၊ဆရာမတွေ အတွက် နေဖို့ ဝန်ထမ်း အိမ်ရာ ကိုလည်း ဆောက်ရဦးမယ်။ ဒီကျောင်းက အလှူငွေနဲ့ ရပ်တည်နေရတော့ အလှူငွေတွေလည်း လိုအပ်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ အဝတ်က အစ လာလှူလို့ ရပါတယ်။ ကျောင်းခွဲသစ် ဆောက်ဖို့ကိုလည်း အလှူရှင်တွေကိုပဲ အားကိုးရမှာပါပဲ ဟု ကျောင်းအုပ်ဆရာမကြီးက ပြောပြသည်။
ကျောင်းသို့ လူမျိုးဘာသာ မရွေး တက်ရောက်နိုင်ကာ မည်သည့် ဘာသာကိုမဆို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ပေးထားပြီး အက၊ ပန်းချီ၊ စက်ချုပ်၊ ကြိမ်ထိုး၊ ဇာထိုး၊ ပန်းထိုးများကို ဘဝ ရပ်တည်နိုင်ရေးအတွက် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တချို့ဒေသပေါင်းစုံက လာကြတော့ တစ်နှစ် တစ်ခါ၊ နှစ်နှစ်၊ သုံးနှစ် တစ်ခါမှ ပြန်ကြတယ်။ အခုလိုမျိုး ကျောင်းတွေ ပေါ်လာရင် အဲဒီဒေသမှာ နေတဲ့ ကလေးနဲ့မိဘ မဝေးတော့ဘူးပေါ့။ ကျောင်း လခ ၁ဝဝဝ နဲ့ ထမင်း စရိတ် ၇ဝဝဝ ကိုတော့ တချို့ မပေးနိုင်လို့ ကျောင်းက အလှူရှင်ရှာပေးရတယ်။ အဆောင် ထမင်းဟင်းက တစ်ခါတစ်ရံ အခက်အခဲရှိ ပေမယ့် ဒါကိုပဲ ကျေနပ်စွာ စားရင်း ပညာသင်ကြရပါတယ် ဟု မေရီချက်(ပ်)မင်းမှ ကျောင်းဆရာ တစ်ဦးက ပြောသည်။
၂ဝ၁ဝ-၂ဝ၁၁ စာသင်နှစ် စာရင်းများ အရ ယောကျာ်းလေး ၁၆၂ ဦး၊ မိန်းကလေး ၁၆၆ ဦး ရှိပြီး အဆောင်နေကျောင်းသား၊ ကျောင်းသူ ၁၄၉ ဦးနှင့် နေ့ကျောင်းသား ၁၇ ဦး ရှိကြောင်း သိရသည်။
ဗမာ၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယား၊ ကယန်း၊ လားဟူ၊ ရှမ်း၊ လီစူး၊ မွန်၊ အိန္ဒိယ၊ တရုတ်၊ ဝ နှင့် ပလောင် တိုင်ရင်းသားများ အစုံ တက်ရောက်နေကြကြောင်း သိရသည်။
(မှတ်ချက် - Ecovision သတင်း၊ မြန်မာတိုင်းမ် ဓာတ်ပုံတို့ကို ပြန်လည် ကူးယူ ဖော်ပြသည်။
မေရီချက်(ပ်)မင်းကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်သူ့ဂုဏ်ရည် ၀က်ဆိုက် http://2011.citizenofburma.org/proud-to-be-burmeses/2010-06-03-00-08-58.html တွင်လည်း ဖတ်ရှုနိုင်သည်။)
Comments