Rangoon media cover Daw Suu

ဒေါ်အောင်ဆန်းစုကြည် သတင်းများကို
ရန်ကုန်မှ ဂျာနယ် တချို့က အင်တာနက်တွင် ဖော်ပြ

မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၁၀ပြည်ပရောက် မြန်မာစာ ဖတ်သူတို့ အရောက်များသည့် Eleven Media Group အင်တာနက် စာမျက်နှာ

စနေနေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း နှင့် နောက်ဆက်တွဲ သတင်းရေးသားချက်များကို ရန်ကုန်အခြေစိုက် နာမည်ကြီး သတင်းဌာနများ၏ အင်တာနက် စာမျက်နှာတချို့တွင် အချိန်နှင့် တပြေးညီ တွေ့နေရသည်။

ဖော်ပြကြသည့် နေရာများမှာ The Voice ဂျာနယ်၊ Yangon Media Group နှင့် Eleven Media Group တို့၏ အင်တာနက် စာမျက်နှာတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို နေ့စဉ် တင်နေကြောင်း တွေ့ရပြီး စာဖတ်ပရိသတ်တို့ကလည်း မှတ်ချက် (comment) များစွာ ပေးထားသည်ကို တွေ့ရသည်။

ကြံ့ဖွံ့ပါတီသို့ မကြာသေးမီက ကမန်းကတန်း ၀င်လိုက်သော ဒေါက်တာတင်ထွန်းဦး ပိုင်ဆိုင်သည့် မြန်မာတိုင်းမ် တွင်မူ မတွေ့ရပေ။ သို့သော်လည်း မြန်မာတိုင်းမ်သည် ပုံနှိပ်ဂျာနယ်တွင် ဖော်ပြခဲ့သည်များကိုသာ အွန်လိုင်းသို့ တင်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်စာစောင်များကိုသာ ဗိုလ်ချုပ်ကြီးတို့၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေကြသည်။ အင်တာနက်တွင် ဖော်ပြချက်များအတွက် ၎င်းတို့ထံ ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ပေ။

သို့သော်လည်း အင်တာနက် နည်းပညာ အားမကောင်းသေးသည့် မြန်မာပြည်မှ စာနယ်ဇင်း ဌာန အများအပြားသည် ပုံနှိပ်စာစောင်ထုတ်ဝေရေးကိုသာ အားသန်ကြပြီး အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်း မရှိပေ။

The Voice ဂျာနယ်၏ အွန်လိုင်း မျက်နှာစာ http://thevoicemyanmar.com/

Comments