ကြံ့ဖွံ့များက ပြိုင်ဖက်ပါတီကို ရှုံးဟု မဲရလဒ်များက ဆို၊ မဲပေးသူဦးရေ နည်း
မိုးမခအထောက်တော် ရန်ကုန်
နိုဝင်ဘာ ၇၊ ၂၀၁၀
ကြံ့ဖွံ့ ပါတီ လုပ်အားပေးများ မော်လမြိုင်မြို့ထဲ မဲဆွယ်နေစဉ်၊ ၆ နိုဝင်ဘာ
(သူတို့ကို မဲပေးရန်နှင့် မဲရုံသို့ ၀တ်ဆင်ရန် အဖြူရောင် လည်ကတုံးအကျီ လက်ဆောင်ပေး မဲဆွယ်နေသည်)
(ဓာတ်ပုံများမှာ ပြည်တွင်း စီတင်ဇင်ဂျာနယ်လစ်များ နိုဝင်ဘာ ၆ က ပေးပို့ထားသော ပုံများဖြစ်သည်။ ၇ ရက်နေ့ ပုံများ မရရှိသေးပါ)
ပြိုင်ဖက်ပါတီ အမတ်လောင်းတို့ကို ကြံ့ဖွံ့ပါတီက အရှုံးနှင့် ရင်ဆိုင်ရသည်ဟု ဆိုသည်။ ရန်ကုန် မဲရုံ စာရင်း ကြေညာချက်များအရ တောင်ဥက္ကလာ၊ တာမွေ၊ ပန်းပဲတန်း၊ ကျောက်တံတားနှင့် လသာ မြို့နယ် ၅ မြို့နယ်ရှိ ကြံ့ဖွံ့ အမတ်လောင်းများ အနိုင်မရကြကြောင်း သိရှိရသည်။
“သတင်းတွေထဲမှာ ပါနေတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ရှုံးတယ်လို့ ပြောပါတယ်။ ကြံ့ဖွံ့ကို ၀င်ပြိုင်တဲ့ ပါတီတွေက နိုင်တယ်လို့ သိရပါတယ်။ ခမောက်ပါတီနဲ့ တနေရာမှာ ခွပ်ဒေါင်းရုပ်နဲ့ ပါတီ ကို ရှုံးတယ်လို့ လူတွေက ပြောနေကြတယ်။ ညဖက် သတင်းကြေညာရင် ပိုသေချာမယ်”
ဟု မျက်မြင်တဦးက မိုးမခကို ပြောသည်။
နိုဝင်ဘာ ၇ ရက် မဲပေးသည့် မြင်ကွင်းမှာ သာမန် ရုံးပိတ်ရက်များထက် လူအသွားအလာ နည်းပါးသည်ဟု ရန်ကုန်၊ မန္တလေး မြို့ကြီးများက သတင်းထောက်များက မှတ်ချက်ပေးသည်။
“ရုံးပိတ်ရက်လည်း ဖြစ်နေတယ်။ မဲပေးရတဲ့ ရက်လည်း ဆိုတော့ လမ်းပေါ်မှာ တွေ့ရတဲ့သူတွေဟာ မဲသွားပေးတဲ့သူတွေပဲ ဆိုတာ သိသာပါတယ်။ ကျန်တဲ့လူတွေကတော့ ဘေးက စောင့်ကြည့်နေတဲ့သူတွေပေါ့။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားပါတယ်။ ဥပမာ ရန်ကုန်က မြို့နယ်တွေက မဲရုံတွေမှာ လူတွေက မဲရုံတွေနားမှာ လာပြီး စုဝေးပြီး စောင့်ကြည့်နေကြတာ၊ သတင်းနားစွင့်နေကြတာလေ။ ဘယ်သူနိုင်သလဲ။ အဲသည်တုန်းကဆို အင်န်အယ်ဒီနိုင်သလား။ ဒါမျိုး အခု မတွေ့ရဘူး”
ဟု ၎င်းက မှတ်ချက်ပေးသည်။
မွန်ပါတီက အမတ်လောင်း ဦးလှခိုင် - ၆ နိုဝင်ဘာ
မော်လမြိုင်မြို့ မွန်အမျိုသားပါတီ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ) ရုံး၊ ၆ နိုဝင်ဘာ
မွန်အမျိုးသားပါတီက လုပ်အားပေးတဦး
Comments