နှစ်ကာလတွေထဲမှာ
ဆောင်းယွန်းလ
ဆောင်းယွန်းလ
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၀
မဖွာရှိုက်လိုက်ရပဲ
လေစားသွားတဲ့ စီးကရက်တလိပ်လို
နှစ်ကာလတွေ တရိပ်ရိပ်ပြိုခဲ့တယ်...
နှစ်ကာလတွေထဲမှာ
ပျော်ရွှင်မှုကို ရင်ဘတ်အတုနဲ့ ရှာဖွေခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
ပူအိုက်တဲ့ ရာသီဥတုကို သုတေသနပြုခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
ချစ်ခြင်းမေတ္တာကို တေးကဗျာဖွဲ့ခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
မြို့ပြဒဏ်ရာကို
ကာရာအိုကေတေးတပုဒ်နဲ့ ချွေးထုတ်ခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
ကံစမ်းမဲဖောက်ဖို့ အရက်တွေ သောက်ခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
ဘဝသရုပ်ဖော် ဇာတ်ကားထဲ
လူကြမ်းမင်းသားလည်း ဖြစ်ခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
ကံကြမ္မာရဲ့ ရိုက်ချက် ခပ်ပြင်းပြင်းဒဏ်ကြောင့်
သောကတွင်းထဲ လေထီးမဲ့ခုန်ဆင်းခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
ဥစ္စာဓနနဲ့ သဟဇာတမတည့်လို့
အာဟာရ ချို့တဲ့ခဲ့ရဖူးတယ်....
နှစ်ကာလတွေထဲမှာ
အာဏာရှင်စံနစ်ကို မကြိုက်လို့
သူပုန်အဖြစ် စစ်တိုက်ခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
တော်လှန်တဲ့အတွေးအခေါ်တွေနဲ့ ကဗျာဖွဲ့ပြီး
သားရဲထူထပ်တဲ့ တောအုပ်ကြီးကိုလည်း အိမ်လုပ်ခဲ့ဖူးတယ်..
နှစ်ကာလတွေထဲမှာ
မသေထမင်းတလုပ် စားရဖို့အရေး
နေဝင်မိုးချုပ် သံပါတ်ရုပ်တရုပ်လို အလုပ်လုပ်ခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
ဗေဒင်လက္ခဏာ ဟောစာတမ်းတွေ အလိုတော်အတိုင်း
တိုင်းတပါးရပ်ခြားမှာ ဖိနပ်ပါးခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
ချစ်ခင်ရင်းနှီးသူတွေနဲ့လည်း
ရှင်ကွဲ သေကွဲ အကြိမ်ကြိမ်ကွဲခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
ကံကြမ္မာကောင်းတွေနဲ့ အကြိမ်ကြိမ်လွဲခဲ့ရပြီး
ဒုက္ခအဟောင်းတွေနဲ့ ရေရှည်ပေါင်းသင်းနေထိုင်ခဲ့ရဖူးတယ်...
နှစ်ကာလတွေထဲမှာ
သူငယ်ချင်းတယောက်ရဲ့ ကဗျာထဲကလိုမျိုး
”ရူးနေတဲ့ ကမ္ဘာ”ဆီက
ယမ်းသီးတွေပြိုကျလာမှာ စိုးရိမ်လို့
မိုးတိမ်တွေဆီကို မကြာမကြာမော့ကြည့်ခဲ့မိဖူးတယ်....
နှစ်ကာလတွေထဲမှာ
ခလုတ်တိုက်ပြီး မူးလဲမိမှာစိုးလို့
မဟာပထဝီမြေကြီးကို အကြိမ်ကြိမ်ငုံ့ကြည့်ခဲ့မိဖူးတယ်....
နှစ်ကာလတွေထဲမှာ
တခြားတပါးသူတွေကို အားကိုးပြီး
ကိုယ့်ဗိုက်ကိုယ် ဓားနဲ့ထိုးခဲ့မိဖူးတယ်...
နှစ်ကာလတွေထဲမှာ
ကိုယ့်အားကိုယ်ကိုးရင်း
နောက်ကျောဘက်ဆီကို ဓားအစင်းစင်းထိမှန်ခဲ့ဖူးတယ်...
နှစ်ကာလတွေထဲမှာ
မိမိကိုယ်မိမိ အုပ်ချုပ်ခွင့်ရနိုင်မယ့်နေရာကို
အပူတပြင်း လိုက်လံရှာဖွေခဲ့မိဖူးတယ်....
နှစ်ကာလတွေထဲမှာ
အကြောင်းကြောင်းကြောင့်
အတွေးထဲ ဆေးစပ်ရေးဆွဲကြည့်ခဲ့မိတဲ့
ပန်းချီကားတချပ်ကို
အခင်းအကျင်းသစ် ပြခန်းစစ်စစ်မှာ
အသက်သွင်းလို့ နေရာမချခဲ့နိုင်သေးဘူး...
နှစ်ကာလတွေထဲမှာ
ကိုယ်ရေးကိုယ်တာ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေက
အရာရာနဲ့ အကြောင်းကြောင်းချည့်ပါပဲ....
အကြောင်းကြောင်းကြောင့်
နှစ်ကာလအဟောင်းတွေ တရိပ်ရိပ်ပြောင်းလဲခဲ့ရသလို
နှစ်ကာလအသစ်တွေထဲမှာ
ပဒေသရာဇ် အာဏာရှင် ဘုရင် အရှင်သခင်မရှိတဲ့ စံနစ်နဲ့
လူတိုင်း ကိုယ့်ကိုယ်ကိုပိုင်ဆိုင်တဲ့ ကမ္ဘာကိုမြင်တွေ့ခဲ့ချင်တယ်...။ ။
Comments