ငွေဇင်ယော်ဦးရဲ့ ဆုရစာအုပ်
ဆုရ ကွယ်လွန်သူ မိုးဟိန်း (သားဂျာနယ်ကျော်) စာအုပ်
တာရာဝေယံ
ရန်ကုန်၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၁
ယမန်နေ့ မနက် ၁၁ နာရီက ရွှေတိဂုံဘုရားလမ်းမှာ ရှိတဲ့ ကွယ်လွန်သူ တော်ဘုရားကလေးနေအိမ်မှာ ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ စာပေဆုပေးပဲါကို အခြားနေရာတွေမှာ ကျင်းပဖို့ ခွင့်ပြုမိန့် မရရှိခဲ့တာကြောင့် တတိယအကြိမ်ဆုပေးပွဲက စပြီး နေအိမ်မှာ ကြပ်ကြပ်တည်းတည်း ကျင်းပခဲ့ရတာပါ။
ဧည့်သည် စာပေပညာသည်များ
အခမ်းအနားမှူးအဖြစ် မောင်လွင်မွန်(ကသာ) က ဆောင်ရွက်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့ အစီရင်ခံစာကို ဆရာထက်မြက်က ဖတ်ကြားခဲ့ပါတယ်။
ဆရာထက်မြက်၊ ဆရာ မောင်လွင်မွန်(ကသာ)
“ကျနော်တို့ ဒီအခမ်းအနားကို ဘယ်သူ့ကိုမှ မဖိတ်ပါဘူး။ ခင်မင်ရင်းနှီးကြသူတွေ သတင်းကြားလို့ လာရောက်ကြတာပါ။ တော်ဘုရားကလေးစာပေဆု ပေးတာကလည်း စာပေစိစစ်ရေးက ခွင့်ပြုပြီး တရားဝင် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲက ကျနော်တို့ ဆုရွေးချယ်ရေးအဖွဲ့မူနဲ့ ကိုက်ညီတဲ့ စာအုပ်တွေကို ဆုပေးဖို့ ရွေးချယ်တာပါ။ နောက်နှစ်တွေမှာ ဟိုတယ်လိုဟာမျိုးတွေမှာ ဒီထက် ခမ်းခမ်းနားနား ကျင်းပနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။”
လို့ ဆရာထက်မြက်က ပြောကြားခဲ့ပါတယ်။
ဆရာ ထက်မြက်။ ဒေါ်ဒေ၀ီ။
ဆုရွေးချယ်ခံရတဲ့ စာရေးဆရာများကို ဆရာမောင်လွင်မွန် (ကသာ) က ကြေညာပေးပါတယ်။
ဆရာ လင်းထင်နှင့် ဒေါ်ခင်မေ။ ဆရာကြည်နိုင်၊
၂၀၁၀ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆု - ၀တ္ထုတိုအတွက် ငွေဇင်ယော်ဦး (မိုးကုတ်) ရဲ့ “မိုးတွေရွာနေတယ်” ၀တ္ထုတိုစု (စိတ်ကူးချိုချိုစာပေ၊ ပထမအကြိမ်၊ ၂၀၁၀) က ရရှိခဲ့ပြီး၊ ဆောင်းပါးသုတ စာပေဆုအတွက် လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဆရာမိုးဟိန်း (သားဂျာနယ်ကျော်)ရဲ့ “စည်းမထိုး၊ ကြွေမပစ်၊ ပဏ္ဏာမဆက် သို့သော် နိုင်သည်” ဆောင်းပါးများ စုစည်းမှု (သီဟရတနာစာပေ၊ ၁၀ ဒီဇင်ဘာ ၂၀၁၀၊ ပထမအကြိမ်) က ရရှိခဲ့ပါတယ်။
ဒေါ်သန်းသန်းတင်။ ဒေါ်ကြည်ကြည်နု (ဦးမိုးဟိန်းဇနီး)
ငွေဇင်ယော်ဦး (မိုးကုတ်) ရဲ့ မိုးတွေရွာနေတယ် ၀တ္ထုတိုစု စာအုပ်အတွက် ဆုရွေးချယ်ရေးအဖွဲ့ သုံးသပ်ချက်ကို အဖွဲ့ဝင် ဆရာမကြီး ဒေါ်သန်းသန်းတင်က ဖတ်ကြားခဲ့ပါတယ်။
ဦးလှရွှေနှင့် စာရေးဆရာ အံ့မောင်။ ကဗျာဆရာ ဇော်နောင်
မိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့ ဆောင်းပါးစုစည်းမှု စာအုပ်အတွက် ဆုရွေးချယ်ရေးအဖွဲ့က ကဗျာဆရာ ဇော်နောင်က သုံးသပ်ချက်ကို ဖတ်ကြားခဲ့ပါတယ်။
ဆရာအံ့မောင်က ဆုရသူ ငွေဇင်ယော်ဦး ကိုယ်စား ဒေါ်သန်းသန်းတင်ထံ ဆုချီးမြင့်နေစဉ်
ဒေါ်ခင်မေက ဆုရသူ ဦးမိုးဟိန်း (ကွယ်လွန်)၏ ဇနီးသည် ဒေါ်ကြည်ကြည်နု ထံ ဆုချီးမြှင့်နေစဉ်
ဆုပေးပွဲ အခမ်းအနားကို မတက်ရောက်ဖြစ်တဲ့ ငွေဇင်ယော်ဦးအတွက် ဆုကို ဆရာဦးအံ့မောင်က ချီးမြငိ့ခဲ့ပြီး ကိုယ်စား ဆရာမကြီး ဒေါ်သန်းသန်းတင်းက၎င်း၊ ဆရာမိုးဟိန်း (သားဂျာနယ်ကျော်) အတွက် ဆုကို ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်နုအား တော်ဘုရာကလေး၏ ဇနီး ဒေါ်ခင်မေက ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဆရာဦးဝင်းတင်က ဟောပြောနေစဉ်
အခမ်းအနားမှာ ဆရာဦးဝင်းတင်က တော်ဘုရားကလေးအမှတ်တရ စကားအဖြစ် လူသားဆန်တဲ့ တော်ဘုရားကလေး၊ နိုင်ငံရေးသမား တော်ဘုရားကလေး၊ စာရေးဆရာ တော်ဘုရားကလေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ သူနဲ့အတူ ဖြတ်သန်းခဲစဉ်က အတွေ့အကြုံများကို ပြောကြားသွားခဲ့ပါတယ်။
ဒေါ်ခင်မေ (တော်ဘုရားကလေးဇနီး)
အခမ်းအနားကို တော်ဘုရားကလေး ဦးအောင်ဇေရဲ့ ဇနီး ဒေါ်ခင်မေရဲ့ အပိတ်စကားနဲ့ ဆုရွေးချယ်ရေးအဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။ တက်ရောက်လာသူများကို နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပြီး ဆုပေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
Comments