ကျော်သူ
ဇန်နဝါရီ ၁၂၊ ၂၀၁၁
ဇန်နဝါရီ ၁၂၊ ၂၀၁၁
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သုဿန်များသို့ ရုပ်အလောင်းများ သယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ်အထက် ဘဝပြောင်းသွားသော လူတို့အား ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူ ပို့ဆောင်ပေးလျှက် ရှိပါသည်။


ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တယောက် ကွယ်လွန်သွားပြီဟူသော သတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူ ဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅)နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူး နိဗ္ဗာန်မော်တော်ယာဉ်အား အဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။
နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသင်္ဂြိုဟ်ခွင့်၊ အအေးခန်းထားရှိခွင့် သင်္ချိုင်းလက်မှတ်အားရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်း တို့နှင့်အတူ အထူး နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံ နေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။
သယ်ဆောင်ခဲ့ရာ လမ်းတလျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အား ရုပ်ရှင်လောကထဲသို့ ပထမဦးဆုံး ပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓာတ်ပုံရိုက်ရန် အကြောင်းပြပြီး ကျောင်းပိတ်ရက်များတွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့်၏ မိဘများမသိအောင် ဝင်ရောကရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအား ဗီဒီယို အဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ ကိုဝဏ္ဏ က ကျွန်တော့်အား အဓိက ဇာတ်ကောင် အဖြစ် အသုံးပြုခဲ့ပုံများ စသည့် လွမ်းမောဖွယ်ရာ ဖြစ်ရပ်များကို ပြောကြားခဲ့သည်။

ရေဝေးသုဿန်သို့ ရောက်လုနီးနီး မြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ်များ၊ ဈေးဆိုင်တန်းများ အရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီး ဟက်တက်ကွဲသွားတော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်း သယ်ဆောင်ရာ၌ နိဗ္ဗာန် မော်တော်ယာဉ် လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့်အခါများတွင် “ဟေ့ … မနောက်နဲ့ကွာ။ ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကူညီကြပါကွာ” ဟု ပြောဆိုလိုက်ပါက တနည်းမဟုတ်တနည်း စက်ပြန်လည်ကောင်းမွန်သွားပြီး သက်ဆိုင်ရာ သုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီးလမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟု ပြောဆို၍ မရနိုင်တော့ချေ။



ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏသည် ဖခင်ဖြစ်သူ ဦးသာဓု ထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီ အများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကို သွားချင်ခဲ့သူတဦးများ ဖြစ်လေပြီလား ဟု . . . . ။
လေးစားဦးညွှတ်လျှက်
ညီငယ် - မောင်မောင် (ခ) ကျော်သူ
ညီငယ် - မောင်မောင် (ခ) ကျော်သူ
စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပန အခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။
Comments