Sithu Zeya sent to Dog House as punishment in Insein Prison for talking back to Prion Offier

အင်းစိန်ထောင်က အကျဉ်းကျ စာနယ်ဇင်းသမား စည်သူဇေယျ စစ်ခွေးတိုက် အပို့ခံရ
မိုးယံမခ၊ ရန်ကုန်
ဇန်န၀ါရီ ၈၊ ၂၀၁၁
          ၂၀၁၀ ခုနှစ်၊ ဧပြီလ ရန်ကုန်သင်္ကြန်ကာလ၊ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲခဲ့စဉ်မှာ သတင်းမှတ်တမ်းသွားယူခဲ့သူ စာနယ်ဇင်းသမား စည်သူဇေယျကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အင်းစိန်ထောင်မှ အကျဉ်းချထားပါတယ်။ ၎င်းကို ချူပ်နှောင်ထားရာ ၅ တိုက်ကနေပြီး ပြစ်ဒဏ်တိုက်ဖြစ်တဲ့ စစ်ခွေးတိုက်ကို ပြီးခဲ့တဲ့ ၂ ရက်၊ ဇန်န၀ါရီလ ၆ ရက် မွန်းလွဲပိုင်းမှာ ပြောင်းရွှေ့ချူပ်နှောင်လိုက်ကြောင်း ထောင်ဝင်စာသွားတွေ့ကြသူ အခြားနိုင်ငံရေးအကျဉ်းသား မိသားစုများက တဆင့် သိရှိရပါတယ်။
          “ကိုစည်သူဇေယျက ညွှန်းမှူးတန်းစီမှာ ထောင်တွင်းနေထိုင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ တင်ပြတယ်။ အဲသည်မှာ ညွှန်မှူးက မောက်မောက်မာမာနဲ့ ပြောတယ်။ ဒါကို သူက ပြန်လည် တုန့်ပြန်ရှင်းလင်းတာကို အရေးယူတဲ့အနေနဲ့ မနေ့နေ့လည်မှာတင် စစ်ခွေးတိုက်ကို ပို့လိုက်တာ ဖြစ်တယ်” ဟု အကျဉ်းကျနိုင်ငံရေးသမားတဦး၏ မိသားစုဝင်က ပြောပြသည်။
          စည်သူဇေယျကို ဖမ်းဆီးစဉ်က သူ၏ဖခင်ဖြစ်သူ ဦဇေယျ (ကလောင်အမည် - သားကြီးမောင်ဇေယျ) ကိုလည်း ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ စည်သူဇေယျကို လုံခြုံရေး နဲ့ ဗီဒီယိုအက်ဥပဒေများနဲ့ မတရားစွပ်စွဲပြီးတော့ ထောင်ဒဏ် ၈ နှစ် စစ်အစိုးရက ချမှတ်ထားပါတယ်။ နောက်ထပ် ပုဒ်မတွေ အမျိုးမျိုး တွေ တပ်ပြီးတော့လည်း အကြိမ်ကြိမ် တရားရုံးထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ စာရေးဆရာကြီး လင်းယုန်မောင်မောင် (ကွယ်လွန်) ရဲ့ သားနဲ့ မြေး တွေ ဖြစ်ပါတယ်။

Comments