Aung Tha Nge's poem - 8

ရန်ကုန်-ဖားအံ အမြန်ကား (၁)
အောင်သာငယ်
ဖေဖော်ဝါရီ ၇၊ ၂၀၁၁



ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်
မနေ့တနေ့ကလိုပါပဲနော်...
အိပ်မက်တွေကို ကျော် လှော် ချက်ပြုတ်ရင်း...
သယ်ရင်း ပိုးရင်း
ဒဏ်ရာအမျိုးမျိုး
အနာဆိုးတွေကလည်း ယဉ်းလို့...

၁၉၈၈ ခုနှစ်
စက်တင်ဘာလ
ရန်ကုန်-ဖားအံ ကားဂိတ်မှာ
ငါ့အတိတ်တွေ...
လေးလံပြာမှိုင်းလို့ နေပေါ့...

ကောင်မလေး...
ငါ ပြောတာကို နားထောင်... ကွယ့်...

အဲ့သည် မနက် ဆယ်နာရီခွဲမှာ...
အနာဂတ်ထဲကို...
ကားတစီးထွက်ခွာသွားခဲ့တယ်...

အဲသည် ကားကြီးပေါ်မှာ
သူ့မနက်ခင်းတွေ ပါသွားတယ်ဆိုတာ
အဲသည် ကောင်လေးတယောက် မသိလိုက်ဘူး...

အဲသည် ကားကြီးပေါ်မှာ
ငါ့ မနက်ဖန်တွေ ပါသွားတယ် ဆိုတာ
ငါလည်း မသိလိုက်ဘူး...

အဲသည်ကားကြီးပေါ်မှာ
သူ့ကဗျာတွေ ပါသွားတယ် ဆိုတာ
အဲသည် ကဗျာဆရာ တယောက် မသိလိုက်ဘူး...

အဲသည် ကားကြီးပေါ်မှာ
သူ့ဘ၀ကြီး တခုလုံး ပါသွားတယ်ဆိုတာ
အဲသည် ကောင်မလေး မသိလိုက်ဘူး...

အမှန်တကယ်တော့
အဲသည်ကားကြီးပေါ်မှာ
ဘာတွေ ပါသွားခဲ့တယ်ဆိုတာ
အဲသည် ကားကြီး ကိုယ်တိုင်တောင် မသိခဲ့ပါဘူးလေ...

ကျိန်းသေတာ တခုကတော့...
အဲသည် ကားကြီး ခေါင်းခန်းမှာ
ကဗျာဆရာ တယောက် ပါတယ်...
သူက ငါ့ကို မသိဘူး...
ငါက သူ့ကို သိတယ်...
ရန်ကုန်-ဖားအံ အမြန်ကားကြီးက
ကဗျာဆရာတယောက်ကို
သူ သယ်ဆောင်လာမိတာကို
မသိရှာဘူး...

ထို့အတူ
ကဗျာဆရာဖြစ်မယ့် လူတယောက်ကို
သူသယ်ဆောင်လာတာကိုလည်း
မသိရှာပါဘူးလေ...

အနှစ် ၂၀ ကျော်တော့မှ
ထုတ်ဖော် ပြောရတော့မယ်...
အဲသည် ကားကြီးပေါ်မှာ
ကဗျာဆရာ ဖြိုးထိန်-ပါတယ်
ကဗျာဆရာဖြစ်မယ့် အောင်သာငယ် - ပါတယ်...
ကိုအောင်သန်းမြင့်- ပါတယ်...
သေ့ဘောဘိုး စခန်း ဥက္ကဋ္ဌဖြစ်မယ့် အက်စ်အောင်လွင် ပါတယ်...
ငြိမ်းချမ်း-ပါတယ်....

တကယ်တော့
အဲသည် ကားကြီးပေါ်မှာ
ရန်ကုန် တမြို့လုံး ပါလာတာပါပဲ...။

Comments