Kyaw Thu - FFSS Yangon Activity (14th February 2011)

 နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁

စုတိကမ္မဇရုပ်ချုပ်ငြိမ်းခြင်း

ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေဝသာဂရသိမ်ကုန်း၊ ဓမ္မိကာရုံပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်၊ ပရိယတ္တိဇောတကကျောင်း၊ နာယက စာချဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ (သာသနဓဇဓမ္မာ စရိယ၊ ဝိနယပါရဂူ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်ကြီး သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၆)ဝါ သည် ၁၂.၂.၂၀၁၁ (စနေ)နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါ၍ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်ကို ၁၄.၂.၂၀၁၁ (တနင်္လာ)နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများနှင့် တပည့်သံဃာတော်၊ တပည့် ဒါယကာ၊ ဒါယကာမများတို့ဖြင့် ရေဝေးသုဿန်သို့ သယ်ယူပင့်ဆောင်က အန္တိမအဂ္ဂိ သာဓုကီဋ္ဌနပူဇာဘင် ဆင်ယင်ကျင်းပခဲ့ပါသည်။




ဆရာတော်ကြီးသည် ပရိယတ္တိစာပေပို့ချခြင်းတာဝန်ကို နောက်ဆုံးချိန်အထိ သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းရွက်ပေးခဲ့ပြီး မင်းကွန်းဆရာတော်ကြီး၏ အပ္ပမာဒ သံဝေဂလင်္ကာအတိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟူသော ဘုရားစကား လိုက်နာပွားခဲ့ပြီး တရားလက်မလွတ်ခဲ့သော ဆရာတော်ကြီး တပါးပင် ဖြစ်သည်။

အပ္ပမာဒ သံဝေဂလင်္ကာ

ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍-
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစက်ကမှ မရှိကြဘူး-
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ်စေနှင့်။

(မင်းကွန်းဆရာတော်)


ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ကိုသန့်ဇော်ဦး (ခ) တီတီး (Memo Fashion Tailor) အသက် (၃၆) နှစ်သည် ၁၂.၂.၂၀၁၁ (စနေ) နေ့တွင် ကွယ်လွန်သွားပါ၍ ၁၄.၂.၂၀၁၁ (တနင်္လာနေ့) မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အစီအစဉ်ဖြင့် သယ်ဆောင်သင်္ဂြိုဟ်ပေးခဲ့သည်။



ကွယ်လွန်သူ ကိုသန့်ဇော်ဦးသည် အသက်ပင် ငယ်ရွယ်သော်လည်း ဘုရား၊ ကျောင်း၊ ရဟန်းဒကာ တဦးဖြစ်ပြီး လူချစ်လူခင်ပေါများသော စိတ်ရင်းကောင်းမွန်သော လူရွယ်တဦးပင် ဖြစ်သည်။ ထို့ပြင် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့်ရင်းတဦးလည်း ဖြစ်သည်။ ကိုသန့်ဇော်ဦး၏ ဈာပန အခမ်းအနားသို့ ရွှေပေါက်ပင်ဆရာတော်ကြီးကိုယ်တိုင် ပြည်မြို့မှကြွရောက်ကာ ဘဝကူးကောင်းမွန်ရန် အတွက် သရဏဂုံတင်ခြင်း၊ မေတ္တာပို့သခြင်း၊ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ကိုသန့်ဇော်ဦး၏ ဈာပနအခမ်းအနားအား တရုတ်ရိုးရာဖြင့် ကျင်းပဆောင်ရွက်ပေးနေစဉ် “ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ” စာပိုဒ်လေးအား မြင်ယောင်မိတော့သည်။

“ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ”

မည်၍မည်မျှ စားရစားရ တဝမ်းဝရုံပဲ၊
မည်၍မည်မျှ ဝတ်ရဝတ်ရ အရေပြားဖုံးရုံပဲ၊
မည်၍မည်မျှ အိပ်ရနေရ တကိုယ်စာလေးပဲ၊
မည်၍မည်မျှ ပစ္စည်းဥစ္စာရှိရှိ သေလျှင် ထားခဲ့ရတာချည်းပဲ၊
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။


၁ နှစ်သား “သုခအလင်း” စာကြည့်တိုက်

ယနေ့ ၁၃.၂.၂၀၁၁ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) သည် “သုခအလင်း” စာကြည့်တိုက်၏ (၁) နှစ်ပြည့်သော နေ့ရက်ဖြစ်သည်နှင့်အညီ ကြက်သားဆန်ပြုတ်နှင့် အီကြာကွေးတို့အား ဝဋ်ကြွေးတော်ပြေကျောင်းတိုက်သို့ သွားရောက်၍ အာရုံဆွမ်းဆပ်ကပ် လှူဒါန်းပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ လာရောက်ငွေလှူဒါန်းကြသော အလှူရှင်များ၊ အသင်းသူ/ သားများ၊ ဝန်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသော လူနာများ၊ လူနာရှင်များအား အာဟာရအဖြစ် ကုသိုလ်ကောင်းမှုပြုခဲ့ပါသည်။


 
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ်လူငယ်/ရွယ်များအတွက် ရည်ရွယ်ကာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေးစသည့် အသိပညာ အထွေထွေ ဗဟုသုတများ တိုးပွားစေရန် “သုခအလင်း” စာကြည့်တိုက်အား ၂၀၁၀၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း၏ အပေါ်ထပ်တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။



 “သုခအလင်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ငွေဖြင့် မတည်၍ စာအုပ်စာပေများ ဝယ်ယူခဲ့သည့်အပြင် ပြည်တွင်း/ပြည်ပမှ စေတနာရှင်၊ အလှူရှင်များတို့မှ စာကြည့်တိုက်အတွက် စာအုပ်များအား လာရောက်လှူဒါန်းခဲ့ကြပါသည်။ ကိုယ်ပိုင် စာကြည့်တိုက်ဖွင့်ရန် ရည်ရွယ်ချက်ရှိခဲ့သော စာရေးဆရာကြီး အီကြာကွေးသည် သူကွယ်လွန်သွားချိန်တွင် သူကိုယ်တိုင် အနှစ်နှစ် အလလ စုဆောင်းထားရှိခဲ့သော စာအုပ်များအား ဆရာကြီး၏ သားတပည့်များမှ “သုခအလင်း” စာကြည့်တိုက်အတွက် လာရောက်လှူဒါန်းခဲ့ပါသည်။ ဆရာကြီးသည် ကိုယ်ပိုင်စာကြည့်တိုက်ဖွင့်ရန် ရည်ရွယ်ချက် ပျက်ခဲ့ရသော်လည်း ဆရာကြီး အီကြာကွေး လက်ဆင့်ကမ်းခဲ့သော စာပေအမွေအနှစ်များ ကို “သုခအလင်း” စာကြည့်တိုက်မှ ဆက်လက် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ (၁၆.၈.၂၀၁၀) နေ့ရက်တွင် လည်း ဗဟိုစည် အထူးကုဆေးရုံမှ ဒေါက်တာ-ဒေါ်ယဉ်ယဉ်ကြူနှင့် ဒေါက်တာ-ဒေါ်ခိုင်ဇင်သင်းတိှု့လည်း “သုခအလင်း” စာကြည့်တိုက်အတွက် စာအုပ်ပေါင်း (၅၈၆) အုပ် လှူဒါန်းခဲ့ပါသည်။ ထို့အပြင် စာပေလောကမှ စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးတို့မှလည်း မိမိတို့ထွက်ရှိသော စာအုပ်များကို လာရောက်လှူဒါန်းခြင်းပြုခဲ့သလို Asia Foundation သည်လည်း လူသားအကျိုးပြု စာအုပ်စာပေများ လှူဒါန်းပေးခဲ့ပါသည်။
“သုခအလင်း” စာကြည့်တိုက်တွင် စာအုပ်များကို သက်ဆိုင်ရာ စာပေအမျိုးအစား ကဏ္ဍအလိုက် ခွဲခြား၍ စနစ်တကျထားရှိပါသည်။ ရှားပါးသော စာအုပ်များအား ကော်ပီပွား၍ ဌားရမ်းဖတ်ရှုနိုင်ရန်အတွက် စီစဉ်ထားရှိပါသည်။ “သုခအလင်း” စာကြည့်တိုက်တွင် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း (၃) လ အထိ ထားရှိပြီး။ (၃) လကျော်လွန်ပြီးသော ဂျာနယ်၊ စာစောင်များ၊ မဂ္ဂဇင်းများနှင့် “သုခအလင်း” စာကြည့်တိုက်၌ အမျိုးအစားတူ စာအုပ်များအား နယ်မြို့များတွင်ရှိသော စာကြည့်တိုက်များနှင့် ကိုယ်ထူကိုယ်ထ ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည်၍ လှူဒါန်းပေးခဲ့ပါသည်။ 

ထိုကဲ့သို့ အသိပညာတိုးပွားရန် ရည်ရွယ်ပြီးတဆင့် ပြန်လည်လှူဒါန်းခဲ့သော စာကြည့်တိုက်များမှာ - “ပညာရတနာ” စာကြည့်တိုက် သခွတ်ပင်လယ်ကျေးရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်း။ “မိုးမေတ္တာ” ပရဟိတလူငယ်များအသင်း ခေတ္တရာမြို့သစ်၊ ပြည်မြို့။ “လူငယ်စာကြည့်တိုက်” နမ္မတီးမြို့၊ ကချင်ပြည်နယ်။ “ဓမ္မရောင်ခြည်” စာကြည့်တိုက် တိလောကမာရဇိန်ဘုရားဝင်း၊ ကျိုက်လတ်မြို့၊ ဧရာဝတီတိုင်း။ “ပညာဘုံ” စာကြည့်တိုက် နောင်နန်းတိုက်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်။ “အလိမ္မာ” စာကြည့်တိုက် (၁၂) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရန်ကုန်တိုင်း။ “ပညာရိပ်မွန်” စာကြည့်တိုက် သပြေကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်း။ “တက်နေဝန်း” စာကြည့်တိုက် နတ်မောက်မြို့နယ်၊ မကွေးတိုင်းတို့ ဖြစ်ကြသည်။

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်စဉ်အချိန်၌ စာအုပ်အရေအတွက် (၁၀၆၅)အုပ်သာ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့အထိ စာအုပ်အရေအတွက် (၅၀၀၀) ခန့်အား ငှားရမ်းဖတ်ရှုနိုင်ခဲ့ပါသည်။ “သုခအလင်း” စာကြည့်တိုက် အသင်းဝင်အဖြစ် (၂၁၁) ယောက် ရှိခဲ့ပြီ ဖြစ်ပါသည်။ “သုခအလင်း” စာကြည့်တိုက်မှ စာအုပ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်) လုပ်အားပေး အသင်းသူ/သားများနှင့် ဝန်ထမ်းများသာ ငှားရမ်းဖတ်ရှုခွင့်ကိုပြုခဲ့ရာ ယခုလက်ရှိ တိုးချဲ့ ဆောက်လုပ်လျှက်ရှိသော အဆောက်အဦပြီးစီးမည့် မတ်လအတွင်း “သုခအလင်း” စာကြည့်တိုက်သို့ အချိန်ပေး၍ စာဖတ်လိုသူများအတွက် စာဖတ်ခန်းဖွင့်လှစ်နိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လုပ်အားပေး အသင်းသူ/သားများမှ စီစဉ်ဆောက်ရွက်လျှက် ရှိပါသည်။


 “သုခအလင်း” စာကြည့်တိုက်မှ အပါတ်စဉ် စာအုပ်ပေါင်း (၈၀) အုပ်ခန့်အား ငှားရမ်းဖတ်ရှု လေ့လာမှတ်သားကြသည်။ ငှားရမ်းဖတ်ရှုသော စာအုပ်များတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အတ္တုပ္ပတ္တိ၊ မိန့်ခွန်း၊ စာပေလက်ရာများကို ဖတ်ရှုသူအများဆုံးဖြစ်သည်ဟု စာရင်းဇယားများအရ သိရှိရသည်။

 
ထို့ကြောင့် “သုခအလင်း” စာကြည့်တိုက်သည် ဗဟုသုတ လိုလားသူများ၊ ပညာရေးတိုးတက် လိုသူများ၊ ဘာသာရေး/နိုင်ငံရေးလေ့လာ လိုက်စားသူများအတွက် အသိပညာ၊ အတတ်ပညာ စာပေဝါသနာရှင်များ မွေးဖွားရာ နားခိုရာ စုဝေးရာ နေရာဌာနတခုအဖြစ် မကြာမီအချိန်ကာလအတွင်း ရောက်ရှိတော့မည် ဖြစ်ပါသည်။

Comments