နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၁
ဗြဟ္မစိုရ်ခရီးသွား၍ ပန်းကောက်သူများ
စေတနာ ဝါသနာ အနစ်နာ အကြင်နာ … ဒို့ကုသိုလ် အနိမ့်ဆုံး အလုပ်နဲ့ မြတ်တဲ့ ခိုင်မာစိတ်ထားများ … ဝေဒနာ မရေရာ ဘဝတကွေ့ဆုံလာ … ဒို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ခရီးတခုတည်း တို့များအတူတူ … တမိုးတည်းအောက် သားချင်းတွေ ရိုင်းပင်းမလေ … ဗြဟ္မစိုရ် နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ) … ကြုံရဆုံရ လူ့ဘဝ ခဏလေးအတွင်း ညှာတာစိတ်နဲ့ … လူသားချင်း အကြင်နာမျိုးစေ့ xxx ဘယ်အရာ မသေချာ အဖြစ်အပျက်ခန္ဓာ … ရှုမှတ်ပါ လူဖြစ်ရတဲ့အခိုက်မှာ အချိန်တွေဟာမမြဲပါ … ဝေဒနာ မရေရာ ဘဝတကွေ့ဆုံလာ … ဒို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ဗြဟ္မစိုရ်နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ)
အထက်ပါ သီချင်းစာသားသည် တေးရေး - ဖိုးဆောင်းသည် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက်ရေးစပ်၍ ထက်ဆောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်းတို့ သီဆိုပေးထားသော “ဗြဟ္မစိုရ်ခရီး” အမည်ရှိ တေးသီချင်းဖြစ်သည်။
ပန်းများလွင့်တော့ လိုက်ကောက်ခဲ့သူ သူဟာအရာရာတိုင်းကို xxx အနစ်နာခံရင်း နှစ်သိမ့်တတ်သူ လူသားတဦးရယ်ပါ xxx ဗြဟ္မစိုရ်တရားများသာ သူရင်ထဲမှာရှင်သန်ရင်း xxx ပန်းတွေမကြွေဖို့ တောင်းဆုမပြည့်တောင် အမြဲတမ်းရပ်တည်ကာ အကောင်းဆုံးရပ်တည်ကာ . . . ဒီပန်းများမနွမ်းရဖို့ သူအစဉ်ကြိုးစားနေဆဲ xxx ဥယျာဉ်မှူး စွန့်လွှတ်အနစ်နာခံခဲ့ xxx အကြွေပန်းများဖြစ်သွားတော့ လူတွေလှည့်မကြည့်ချင်လည်း xxx ဥယျာဉ်မှူး အကြင်နာထားတတ်သူပဲ
အထက်ပါ သီချင်းစာသားသည်လည်း တေးရေး - ဖိုးလ မှ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ရေးစပ်၍ စောသဉ္ဇာ (အသင်းသူ) သီဆိုပေးထားသော “ပန်းကောက်သူ” အမည်ရှိ တေးသီချင်းဖြစ်သည်။
ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ဗြဟ္မစိုရ်စိတ်ဓါတ်နှင့် နားလည်မှု ပြည့်ဝစွာဖြင့် သီဆိုပေးခဲ့ကြသော ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ စောသဉ္ဇာတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်များအား ပြန်လည်၍ မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သည့် DVD မှတ်တမ်းခွေအတွက် လူမှုရေးဂီတသမားများအား မှတ်တမ်းသီချင်းကို ၁၆.၂.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ရိုက်ကူးခဲ့ပါသည်။
ထိုသီချင်းစာသားများသည် တေးရေးသူ၏ စိတ်ကူးယဉ်ရေးဖွဲ့ထားသော စာသားများ မဟုတ်ပါ။ ဂီတပညာရှင်များ၊ တေးရေး/တေးဆိုများတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှု၊ အနစ်နာခံမှု၊ ဖေးမကြင်နာမှုစသည့် ဗြဟ္မစိုရ်တရား၊ အနိစ္စတရားများကို မျက်မြင်ကိုယ်တွေ့ ခံစားမိကာ ရေးဖွဲ့သီဆိုထားသော လူမှုရေးခံစားမှု သီချင်းများပင် ဖြစ်သည်။
ဂီတအနုပညာသမားများသည် ပြည်သူလူထုများထဲကပင် ပေါ်ပေါက်လာကြသောသူများပင် ဖြစ်သည်။ ထိုပြည်သူလူထုများထဲကပင် လူမှုရေးသမားများ မွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် လူသားအချင်းချင်း စာနာထောက်ထားစိတ်ကို မွေးဖွားကြပါစို့ . . . . ။
မင်္ဂလာပါ
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သခင်ဖိုးလှကြီးလမ်း၊ အမှတ် (၄၄/၃၃၅)နေ ဦးလှခိုင်+ဒေါ်ဒေါင်နောတို့၏ သား - မောင်ညီထွေးခိုင် REX Marine Engineering Pte Ltd. (Singapore) နှင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစဉ်ရွာမရပ်ကွက်၊ ရတနာလမ်း၊ အမှတ် (၈) နေ ဦးအုန်းကြိုင်+ဒေါ်နုနုဆွေတို့၏ သမီး - မတင်ဇာလင်း Blue Scope Steel Lysaght (Singapore) Pte Ltd. တို့ကို မိဘတို့ဝတ္တရားရှိသည့်အတိုင်း ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ၁၅.၂.၂၀၁၁ (အင်္ဂါ)နေ့တွင် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာခန်းမတွင် မင်္ဂလာဦးဆွမ်းကျွေးကို ကျင်းပပြီးစီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် ၂၀၀၀၀၀/- (နှစ်သိန်း ကျပ်) ကို လာရောက်လှူဒါန်းခဲ့ပါသည်။
နာရေး (သေရေး)ကို လူအများကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟု သတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုနဲ့စ၍ အငိုနဲ့အဆုံးသတ်ရမည် ဖြစ်သည်။ သေခြင်းတရားကို မည်သူမှ မလွန်ဆန်နိုင်ပေ။ အငိုနဲ့ဆုံးသွားသော အများပြည်သူတို့အတွက် အဆင်ပြေစွာ ဘဝကူးကောင်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကူညီဖေးမလှူဒါန်းခြင်းသည် မင်္ဂလာတပါးပင်ဖြစ်သည်။ သတို့သား မောင်ညီထွေးခိုင်နှင့် သတို့သမီး မတင်ဇာလင်းတို့၏ မင်္ဂလာရှိသောနေ့ရက်တွင် ယခုကဲ့သို့ မင်္ဂလာရှိသော အလှူဒါနကို ပြုလုပ်ခြင်းသည် သံသရာတလျှောက် လျှောက်လှမ်းရမည့် ခရီးလမ်းအတွက် ရေရာသေချာသော ကောင်းမှုကုသိုလ်ပြုခဲ့ခြင်းပင် ဖြစ်ပါတော့သည်။
ထို့ကြောင့် သူတို့ သူတို့သည် တသက်တခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။
Comments