Interview Wiht U Win Tin - Burma still in revolt for 66 years

ဖက်ဆစ်တွေ ဆက်တော်လှန်နေရတုန်းပဲလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၂၉၊ ၂၀၁၁

၆၆ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို အင်န်အယ်ဒီက ဆင်နွှဲခဲ့တဲ့ဆီမှာ ဖက်ဆစ်တော်လှန်ရေးနေ့လို့ ခေါင်းစီးကို တတ်ထားတယ်။ သာမန် တော်လှန်ရေးနေ့ မဟုတ်ဘူး၊ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းပြီးနောက် တပ်မတော်နေ့လို့ အမည်ပြောင်းထားတဲ့ နေ့ မဟုတ်ဘူး၊ “ဖက်ဆစ်” တော်လှန်ရေးနေ့လို့ အခမ်းအနားခေါင်းစီးကို တပ်ထားတယ်။ အဲသည်အကြောင်းလေးက စတင်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မြန်မာပြည်မှာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးနေ့လို့ ဆိုရမှာလား ဆရာ။ တော်လှန်ရေးနေ့ လို့ ဆိုလိုက်ရုံနဲ့ မပြီးဖူးလား။

မပြီးဘူးဗျ။ အဲသည်နေ့မှာ မြန်မာပြည်က နိုင်ငံရေး အင်အားစုတွေ၊ လက်နက်ကိုင်စစ်တပ်တွေအပြင် တိုင်းရင်းသား လူမျိုးပေါင်းစုံအားလုံး တစုတစည်းနဲ့ ဖက်ဆစ်တွေကို ဆန့်ကျင် တော်လှန်တိုက်ခိုက်တဲ့ နေ့ဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးနေ့ ဆိုတာထက် ဖက်ဆစ်တော်လှန်ရေးနေ့ လို့ အထိမ်းအမှတ်ပြုတဲ့သဘောနဲ့ အင်န်အယ်ဒီမှာ အခမ်းအနားကျင်းပခဲ့ကြတာ ဖြစ်တယ်။
            သမိုင်းကို ပြန်ကြည့်လိုက်ရင် မတ်လ ၂၇ ရက်ဟာ တော်လှန်ရေးနေ့ အဖြစ် ရပ်တည်နေကြရာကနေ ပြည်တွင်းစစ်မီးတောက်လောင်လာတဲ့နောက်ပိုင်းမှာ အဲသည်နေ့ဟာ တပ်မတော်နေ့ ဖြစ်တယ်ဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်။
            တကယ်တမ်း တပ်မတော်နေ့ လို့ သတ်မှတ်ချင်ရင် တတိုင်းပြည်လုံးက ပြည်သူတွေတရပ်လုံး တိုင်းရင်းသားတွေ အားလုံး အုံကြွတော်လှန်ကြတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ထက် ၁၉၄၁ ဒီဇင်ဘာလ ၂၀ ရက် ၀န်းကျင်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗိုလ်ချူပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ် သစ္စာရေသောက်ပြီး တပ်မတော်ကို စတင်ဖွဲ့စည်းတဲ့နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်တယ် မဟုတ်ဘူးလားလို့တောင် အချို့က ပြောကြတာတွေ ကြားဖူးတယ်။
            ပြောရရင် တော်လှန်ရေးနေ့ဆိုတာ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တခုအဖြစ်ကနေ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အာဏာကို သိမ်းရုံတင်မဟုတ်တော့ဘဲ တိုင်းပြည်ရဲ့ သမိုင်းဝင်နေ့ကိုပါ သိမ်းတယ်လိုက်ဆိုတဲ့ သဘောဖြစ်နေတယ်။ သမိုင်းကို အာဏာသိမ်းတယ်လို့တောင် ပြောချင်တယ်။
            ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ ဦးတင်ဦးကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုတာကို တွေ့ရတယ်။ တပ်မတော်တွင်းက တပ်မတော်သားတွေကလည်း တော်လှန်ရေးနေ့ကို အများပြည်သူအားလုံးနဲ့ အတူ ၀ိုင်းဝန်း ထိန်းသိမ်းဆင်နွဲချင်ကြတယ်။ တပ်မတော်နေ့ဆိုပြီး သီးသန့် သိမ်းဆည်းတာမျိုး မဖြစ်သင့်ဘူးလို့ သဘောထားတွေ ရှိကြတယ်လို့ သိရတယ်။  သို့သော်လည်း သူတို့ကိုယ်တိုင်လည်း လူသိရှင်ကြား ထုတ်ဖော်ပြောခွင့် မရှိခဲ့ကြဘူး။

ဖက်ဆစ်တော်လှန်ရေးနေ့ လို့ ပြောနေရဦးမှာလား ဆရာ။
           
            ဟုတ်တယ်။ ၁၉ ၄၅ ခုနှစ်ကတုန်းက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီးတော့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့ကြတယ်။ ၁၉ ၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးနေ့လို့ သုံးစွဲခဲ့တယ်။ အခုကျတော့ ကျနော်တို့က ၁၉ ၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်လာတဲ့အခါ ကျနော်တို့တတွေရဲ့ အရေးတော်ပုံဟာ ဒုတိယလွတ်လပ်ရေးအတွက် လှုပ်ရှားမှုဖြစ်တယ် ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့တောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်တယ်။ ခုချိန်မှာ ကျနော်တို့က မလွတ်မြောက်သေးဘူး၊ ဆက်လက်ပြီး တိုက်ပွဲဝင်နေရတယ်။ ဒီအတွက်ကြောင့် မတ်လ ၂၇ ရက်နေ့ကိုလည်း တတိုင်းပြည်လုံး တိုင်းရင်းသားတွေ အားလုံးနဲ့ သက်ဆိုင်အောင်လို့ ဖက်ဆစ်တော်လှန်ရေးနေ့လို့ ကျနော်တို့က ပြန်လည် အထိမ်းအမှတ်ပြုရတာ ဖြစ်တယ်။ ခုချိန်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုတဲ့ အနှစ်သာရကို ပြန်လည် ဖော်ထုတ်ရတာ ဖြစ်တဲ့အတွက် ကျနော်က သဘောကျတယ်လို့ ပြောချင်ပါတယ်။

ကမ္ဘာမှာလည်းပဲ ဖက်ဆစ်အာဏာရှင်တွေက အမြစ်မပြတ်သေးဘူးလို့ ပြောရင်ရတဲ့ အချိန်ကာလ ဖြစ်နေတယ်လို့ ပြောချင်တယ် ဆရာ။ လက်နက်မဲ့တဲ့ တိုင်းသူပြည်သားတွေ ငြိမ်းချမ်းစွာနဲ့ ဆန္̔ဒပြပွဲတွေ ကန့်ကွက်ပွဲတွေ ဆင်နွဲတာကို အာဏာရှင်အစိုးရတွေက လက်နက်တွေ၊ အကြမ်းဖက်နည်းတွေနဲ့ ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းနေတဲ့ ခေတ်ကာလကြီး ဆိုတော့ ဖက်ဆစ်စနစ်ဟာ ရှင်သန်နေဆဲပဲ၊ ပြည်သူတွေဟာ ဖက်ဆစ်တွေကို တော်လှန်နေရဆဲ ဖြစ်တယ်။ အဲသည်ဖက်ဆစ်တွေကို နိုင်ငံတကာက လက်ပိုက်ပြီး ကြည့်နေရဦးမှာလား။ ဖက်ဆစ်တွေ ကြီးစိုးပြီး မင်းမဲ့စရိုက်လုပ်တာကို နိုင်ငံတကာအစိုးရတွေ ကုလသမဂ္ဂတွေက ဘာမှ မလုပ်တော့ဘူးလား။ ဘယ်လိုမျိုး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။

            တခြားနိုင်ငံအရေးအခင်းတွေထဲမှာ ထင်ရှားတဲ့ နိုင်ငံအရေးအခင်းကတော့ လစ်ဗျားအရေးအခင်းမှာ နိုင်ငံတကာမိသားစုတွေက Responsibility to Protect အာရ်တူပီ ဆိုတဲ့ သဘောတူညီချက်ကို ရသွားတယ်။ လစ်ဗျားပြည်သူတွေကို ကဒါဖီအစိုးရက အကြမ်းဖက် သတ်ဖြတ်နေတာကို အပြစ်မဲ့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့  နိုင်ငံတကာက တာဝန်ရှိတယ် ဆိုပြီး ဆုံးဖြတ်နိုင်ခဲ့တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ နိုင်ငံတကာစစ်အင်အားတွေက စစ်ရေးနဲ့ ကဒါဖီအစိုးရကို ဟန့်တားအရေးယူ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။
            အဲသည် အာရ်တူပီ ဆိုတာဟာ ကုလသမဂ္ဂမှာတင်မကဘူး အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေမှာ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ထည့်သွင်းရေးဆွဲထားကြတယ်လို့ သိရတယ်။ အာဆီယံမှာတောင် ပါတယ်လို့ ဆိုတယ်။ ဒီတော့ အရင်က တခြားသူရဲ့ တိုင်းပြည်ပြည်တွင်းရေးကို မစွက်ဖက်ရေးကနေပြီး ပြောင်းလဲလာတဲ့ သဘောပဲ ဖြစ်တယ်။ သို့သော်လည်း အာရ်တူပီဟာ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒကို တချိန်ချိန်မှာ မေးခွန်းထုတ်လာမယ် ဖြစ်တယ်လို့ ပြောနိုင်တယ်။
            မြန်မာပြည်အရေးကိစ္စကိုလည်းပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေပြိးတော့ လူ့အခွင့်အရေးကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုပြုရန် စတဲ့ ဆုံးဖြတ်ချက် သဘောထားတွေ ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်တယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့ကို စစ်အုပ်စုတွေဖက်က သဘောပေါက် နားလည်ပြီး လက်ခံလာဖို့၊ အဖြေရှာလာဖို့အတွက် ဒါတွေဟာ ဖိအားတွေ ဖြစ်လာနိုင်တယ်လို့ ပြောလို့ရမယ် ထင်ပါတယ် ဆရာ။

ဟုတ်ပါတယ်။ ကျနော်လည်း မျှော်လင့်ပါတယ်။

Comments