Interview with U Win Tin - NLD become strong and more friends ?

အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေးမှာ အင်အားတွေ၊ မိတ်ဆွေတွေ တိုးပြီလား၊ တကယ်ပဲလား
ဥိးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၈၊ ၂၀၁၁
          လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလမှာ စစ်အစိုးရစိတ်တိုင်းကျ ရွေးကောက်ပွဲလည်း ကျင်းပခဲ့ပြီးပြီ၊ အများပြည်သူတို့ မျှော်လင့်စောင့်စားနေကြတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချူပ်က လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲသည်နောက်ပိုင်းမှာ စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကို ခေါ်ယူ ကျင်းပနေချိန်မှာ တဖက်ကလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ၊ စီအာရ်ပီပီ စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လူငယ်မျိုးဆက်သစ်တွေကလည်း လှုပ်ရှားမှုတွေ ဆောင်ရွက်လျှက် ရှိပါတယ်။ 

မေးမိတဲ့ မေးခွန်းကတော့ မြန်မာပြည်ရဲ့ အဓိကဦးဆောင်မှုပေးနေတဲ့ နီုင်ငံရေးပါတီဖြစ်တဲ့ အင်န်အယ်ဒီပါတီမှာ အဖွဲ့အစည်းအင်အားတွေ တိုးတက်လာပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာတပြည်လုံးသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ထောက်ခံတယ်၊ အားပေးပါတယ် လို့လည်း ပြောကြပါရဲ့၊ အင်န်အယ်ဒီ ဦးဆောင်တဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေမှာလည်း ကြိုဆိုပါတယ်၊ ကူညီပါတယ်၊ လက်တွဲပါတယ် လို့လဲ ပြောသူတွေ၊ ထုတ်ဖော်သူတွေလည်း ရှိပါရဲ့ … သို့သော် ဒါတွေက အတိုက်အခံနိုင်ငံရေးအင်အားစု အတွက် နိုင်ငံရေးအင်အားလား၊ အမြဲရပ်တည်နေမယ်လို့ သံန္နိဋ္ဌာန်ချထားကြတဲ့ မိတ်ဆွေတွေ ဖြစ်နေပြီလား … ဆရာတို့က ဘယ်လိုမျိုး သုံးသပ်သလဲ၊ ထင်မြင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဆရာက …
“ပါတီက လက်ရှိအနေအထားမှာ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ပါတီက ဆက်လက်မှတ်ပုံတင်ခြင်း မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ကတည်းက ပါတီနဲ့ လူထု ဆက်ဆံတာတွေ နည်းနည်း လျော့သွားတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ လူတွေက ပါတီနဲ့ ဆက်ဆံတာ၊ ၀င်ထွက်သွားလာတာတွေ ပြန်လည် တိုးလာတယ်။ ထောက်ခံမှုပြတဲ့ အင်အားတွေ တိုးလာတယ်လို့ တော့ ပြောလို့ရတယ်။ ဒါပေမယ့်  ပါတီရဲ့ အင်အားတိုးချဲ့ရေးတို့၊ စည်းရုံးရေးတို့ဆိုတာကတော့ အများကြီး ချိန်ဆနေတုန်းပဲ။ ဒီရက်အတောအတွင်းမှာတော့ ကျနော်တို့ပါတီက လက်ရှိဖွဲ့စည်းထားပြီးသားရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေနဲ့ ပြန်လည်ဆွေးနွေးနေတယ်။ ကယားပြည်နယ်မှာတော့ ကျနော်တို့မှာ ဖွဲ့စည်းထားပြီးသား မရှိဘူး။ အဲသည်တော့ ၆ ပြည်နယ် နဲ့ ၇ တိုင်း ဆွေးနွေးနေတယ်။”

ဆွေးနွေးတဲ့အခါကျတော့ ပါတီရဲ့ အင်အားတို့ စည်းရုံးရေးတို့နဲ့ ပတ်သက်ပြီးတော့ အောက်ခြေက ပါတီဝင်လူထုက ဘာတွေ ပြောကြသလဲ ဆရာ။ လက်ရှိမှာ အင်န်အယ်ဒီကို ၀န်းရံနေတဲ့ အင်အားတွေက ဘာတွေ ဖြစ်လာသလဲ။
“လူတွေက အခုအချိန်မှာ ရဲရင့်မှုတွေ ပိုရှိလာတယ်။ ပိုပြီး တက်ကြွလာကြတယ်။ ဒါကို တွေ့ရပါတယ်။ သို့သော်လည်း တဖက်က ဘာတွေကို ပိုပြီးတွေ့လာရသလဲ ဆိုတော့ ပါတီဝင်တွေ လက်ခံတာမျိုး၊ တိုးချဲ့တာမျိုးထက်စာရင် ဘာဖြစ်လာသလဲ ဆိုတော့ လူတွေက ကွန်ယက်တွေမှာ ပိုပြီး ၀င်တိုးလာကြတယ်၊ ပိုပြီး လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ကျနော်တို့တတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့တွေနဲ့ တွေ့ပြီး ဆွေးနွေး၊ လှုပ်ရှားမှုတွေ၊ ပုံသဏ္ဍာန်တွေ သဘောထားတွေ ပေးတဲ့အပေါ်မှာ အလုပ်တွေ ဖြစ်ပေါ်လာတယ်။ အဲသည် ကွန်ယက်တွေက အင်န်အယ်ဒီက အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီးတော့ အလုပ်တွေ ဖော်ဆောင်လာတယ်လို့ ပြောရင်ရပါတယ်။
ကွန်ယက်အနေနဲ့ အရှိန်မြင့်နေတာကို တွေ့နေရပေမယ့် အင်န်အယ်ဒီပါတီ တခုလုံး အနေနဲ့က ကျနော်တို့က ချိန်ဆနေရတယ်။ ပါတီဝင်တွေ၊ အဖွဲ့ဝင်တွေ လက်ခံဖို့တို့၊ တိုးချဲ့ဖို့တို့၊ စည်းရုံးဖို့ တို့ ဆိုတာကျတော့ ပါတီက တရားဝင်အနေနဲ့ ရပ်တည်နေတယ်ဆိုတဲ့ ကိစ္စက စစ်အစိုးရနဲ့က ဆက်လက် ရင်ဆိုင်နေရတုန်း ဖြစ်တာကိုး။ စစ်အစိုးရကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကတည်းက အင်န်အယ်ဒီပါတီကို ဖျက်သိမ်းပြီးဖြစ်တယ်လို့ ဆိုထားတာ ရှိတယ်။ ဒါကို ကျနော်တို့က တရားဥပဒေနည်းလမ်းတွေအရ ရင်ဆိုင်နေတုန်း ဖြစ်တယ်။”

အဲသည် ကွန်ယက်လှုပ်ရှားမှုက ဖြစ်ပေါ်လာတဲ့ အလုပ်တွေကကော ဘာတွေ ဖြစ်သလဲ ဆရာ။
“အခုအချိန်မှာ လူငယ်ကွန်ယက်တွေ၊ ပညာရေးကွန်ယက်တွေ၊ ရှေ့နေကွန်ယက်တွေ၊ ဘာတွေ ရှိလာတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့၊ ဥပဒေရေးရာ ကာကွယ်စောင့်ရှောက်မှုတို့မှာ လုပ်စရာတွေ လုပ်လာနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အခု နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေကို အားပေး ကူညီတာ၊ စတာတွေမှာလည်း လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ် လို့ ပြောနိုင်ပါတယ်။ ဒါတွေဟာ အင်န်အယ်ဒီပါတီဆိုတဲ့ နိုင်ငံရေးအင်အားစုအဖြစ် ပါဝင်လာတယ်လို့ ပြောလို့ မရနိုင်သေးသော်လည်း ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားတွေကို ၀န်းရံလာကြတယ်၊ ကျနော်တို့တတွေရဲ့ အလုပ်တွေမှာ ကွန်ယက်တွေအဖြစ် ရပ်တည်ပြီး ပူးပေါင်း ဆောင်ရွက်လာကြတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။”

ဒါဆိုရင် ယခုလက်ရှိမှာ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအတွက် အဖက်ဖက်က ၀န်းရံလာတဲ့ကွန်ယက်တွေဟာ အင်န်အယ်ဒီရဲ့ ပါတီဝင်တွေ မဟုတ်သော်လည်းဘဲ အားပေးကူညီသူတွေ၊ ၀ိုင်းဝန်းကြသူတွေနဲ့ အင်န်အယ်ဒီမိတ်ဆွေတွေဖြစ်လာတယ်လို့ ပြောရင် ရတာပေါ့ ဆရာ။
“ဟုတ်ပါတယ်။ အလုပ်သမားတွေ လယ်သမားတွေ ကိုယ်တိုင်က နယ်မြေအသီးသီးကနေ၊ ကျေးရွာတွေကနေ ကွန်ယက်တွေအဖြစ် ပေါ်လာတယ်။ သူတို့ဖာသာ သူတို့ ကွန်ယက်တွေအဖြစ် ခံယူလိုက်တယ်။ ဥပမာအားဖြင့် ပဲခူးတိုင်းက ကျေးရွာ ၂ ရွာမှာဆိုရင် ကွန်ယက်တွေ ဖြစ်လာတာကို တွေ့ရတယ်။ ကွန်ယက်တွေ ဖြစ်ချင်လည်းဖြစ်၊ သူတို့တွေဟာ ကျနော်တို့ရဲ့ မိတ်ဆွေတွေပဲလို့ သဘောထားပြီး လုပ်နေရတာပါပဲ။ 

ဟုတ်ပြီ။ ဒါဆိုရင် နိုင်ငံရေးပါတီတရပ်အနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးအင်အားစုတရပ်အနေနဲ့ ဆိုရင်ကော အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ပိုပြီး ကျယ်ပြန့်မှုတွေ၊ တိုးတက်မှုတွေ ရှိလာတယ်လို့ကော ပြောလို့ရသလား ဆရာ။
ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်ခင်နဲ့ လွတ်မြောက်ပြီးကာလကို နှိုင်းယှဉ်ကြည့်ရင်မှာ ပါတီရဲ့ လုပ်ငန်းတွေ၊ အစည်းအဝေးတွေ စသည်ဖြင့်တွေ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြန်လုပ်လာနိုင်တယ်။ နောက်ပြီးတော့ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကြေညာချက်တွေ ပြန်လည်ပြီး ထုတ်ပြန်လာနိုင်တယ်။ နိုင်ငံတကာကကော၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကပါ အင်န်အယ်ဒီပါတီရဲ့ သဘောထားတွေ၊ ထင်မြင်ချက်တွေကို ဆွေးနွေးတာတွေ ပိုပြီးတော့ ရှိလာတယ်။
အရင်တုန်းကဆိုရင် တချို့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့က ဆိုရင် ကျနော်တို့ကို ဖိတ်ပြီးတော့ ဆွေးနွေးတာ၊ သဘောထား တောင်းတာမျိုး လုပ်ရင်တောင်မှ ပါတီအနေနဲ့ ဖိတ်တာမဟုတ်ပါဘူး၊ လူပုဂ္ဂိုလ်အရ ဖိတ်တာပါ၊ လာပြီး ဆွေးနွေးပါ ဆိုပြီး ဖိတ်ခဲ့တာမျိုး ရှိရာကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီင်္းတဲ့နောက်မှာ ပါတီရုံးကို ခွင့်တောင်းပြီး လာရောက်ပြီး ဆွေးနွေးတာမျိုး၊ တွေ့ဆုံတာမျိုးတွေ လုပ်လာကြတာမျိုးတွေကို တွေ့ရတယ်။
အခုဆိုရင် တိုင်းနဲ့ ပြည်နယ်အလိုက် အဖွဲ့ဝင်တွေ ဆွေးနွေးကြတာတွေ အစည်းအဝေးတွေ ကျင်းပတာတွေ လုပ်လာကြပြီ ဖြစ်တယ်။ ဒီလထဲမှာကို အစည်းအဝေးတွေ ဆွေးနွေးညှိနှိုင်းကြတာတွေ ဆက်တိုက် ရှိနေဦးမှာ ဖြစ်တယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

Comments