နတ်မောက်ကို ကျေးဇူးဆပ်ခြင်း
ကျော်သူ
မတ် ၃၀၊ ၂၀၁၁
၂၀၁၀ ခုနှစ် ဧပြီလတွင်း ပူပြင်းလှသော ရာသီဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါးမှုများ မြန်မာပြည်အနှံ့ အများပြည်သူတို့ ခံစားခဲ့ကြရ၍ ပြည်တွင်း/ပမှ ပြည်သူလူထုတို့သည် လူသားချင်း စာနာစိတ် မွေးဖွားပေါ်ပေါက်လာကာ ဒုက္ခသည်များနေထိုင်ရာ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများ တူးဖော်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထိုသို့ ရေဒုက္ခသည် အရပ်ဒေသများသို့ ရေတူးဖော်မှု၊ အုတ်ကန် တည်ဆောက်ပေးမှု၊ ရေစုပ်စက်များ လှူဒါန်းမှုတို့ကို ယခု ၂၀၁၁ ခုနှစ် ဧပြီလအထိ လုပ်ဆောင် လှူဒါန်းပေးနေရဆဲ ဖြစ်သည်။
၁၄.၁၂.၂၀၁၀ ရက်နေ့တွင် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာ ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရေတူးဖော်မှု၊ အုတ်ရေကန် တည်ဆောက်ပေးမှုများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ပေးခဲ့သည်။ နတ်မောက် ဒေသတွင် အများပြည်သူတို့သည် ယခင်က ရေသုံးစွဲမှုအတွက် လက်ယက်တွင်းများနှင့် ပူပြင်းလှသော သဲချောင်းအတွင်းမှ ခပ်ယူသုံးစွဲခဲ့ကြရသည်။ နတ်မောက်မြို့နယ် ဇာတိဖြစ်သော ဦးနိုင်ဝင်း၊ ဦးစိုးလှိုင်တို့၏ ကမ်းလှမ်းချက်ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ကိုညီညီအောင် ဦးစီး၍ သွားရောက်လေ့လာကာ တူးဖော်မှုလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။
မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့သည် ပြည်မြို့၊ ရွှေတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့ တို့တွင် ရေတူးဖော်မှုလုပ်ငန်းများအား နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ကူညီမှုများ ပေးဆပ်ခဲ့သော လူငယ်လူမှုရေးသမားနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် လင်းကတိုးရွာ အိမ်ခြေ ၃၈၀၊ ဂွေးချိုရွာ အိမ်ခြေ ၃၀၀ ကျော်၊ ထနောင်းလှရွာ အိမ်ခြေ ၂၀၀ ကျော်၊ ကျောက်ပုံရွာ အိမ်ခြေ ၂၆၀ ကျော်တို့ သောက်သုံးရေရရှိရန်အတွက် အဝီစိတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက်များအား လှူဒါန်း အကောင်အထည် ဖော်ပေးပြီးဖြစ်ပါသည်။
ယင်းလှူဒါန်းပွဲအား ၂၀.၃.၂၀၁၁ တွင် မြို့နယ်သံဃာတော်/ ဆရာတော်များနှင့် ဒေသခံရွာသူ/သားများရှေ့တွင် ရေစက်သွန်းချ လှူဒါန်းအပ်နှံပွဲ ကျင်းပခဲ့ပါသည်။ ကုန်ကျငွေ စုစုပေါင်း ၁၁၃ သိန်းကျပ်အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟူ၍ ကဗ္ဗည်းတင် ထားရှိခဲ့သည်။ ထို့ပြင် နတ်မောက်မြို့နယ် ဂွေးချိုကျေးရွာ(ပင်း)ရှိ အများပြည်သူ မျိုးဆက်သစ် လူငယ်တို့အတွက် ဖွင့်လှစ်ထားသော “တက်နေဝန်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ “သုခအလင်း” စာကြည့်တိုက်မှ စာအုပ်စာပေ၊ စာစောင်များကိုလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ နတ်မောက်မြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ အိမ်ခြေ ၄၀၀ ကျော်၊ ကျောင်းကုန်းကျေးရွာ အိမ်ခြေ ၁၂၀ ကျော်တို့တွင် ရေတူးဖော်မှု အလှူဒါနအား ဆောင်ရွက်လျှက်ရှိသည်။
ထိုကဲ့သို့ ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထုတို့အတွက် လွတ်လပ်ရေးကို စွမ်းဆောင်ပေးခဲ့သော မြန်မာပြည်သူလူထုတို့၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားများအား မိမိတို့ တတ်နိုင်သည့်ဘက်မှ မိမိတို့ စွမ်းဆောင်နိုင်သလောက် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ကျေးဇူးအား အများပြည်သူ (ပြည်တွင်း/ ပ) မှ ကောင်းမှု (သို့) ကျေးဇူးဆပ်ခြင်း၊ ပေးဆပ်ခြင်းပင် ဖြစ်တော့သည်။
Comments