Mar Mar Aye - 371


“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၃၇၁)

စန္ဒရားအေ၀မ်းခင်မောင်
မာမာအေး
မတ် ၁၅၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - အရင်တပါတ်က သီချင်းဆိုရင်း စာမေ့သွားတဲ့အကြောင်း ပြောမိတော့ အဲဒီလို မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ကြမ္မာမျိုးကြောင့် အကျိုးမဲ့ဖြစ်နိုင်တာကို ကြိုတွေးပြီး “ပြိုင်ပွဲမဝင်ရ” လမ်းစဉ်ကို ရွေးပေးခဲ့တဲ့ ဆရာကို ကျေးဇူးတင်စွာ သတိရမိလာတယ်လို့ ဆက်ပြောခဲ့တာပေါ့နော်၊ ဒီနေ့လည်း စံတင်ဖွယ်ရာ ဆရာတပါးအကြောင်း ပြောမလားလို့ပါ။

မာအေးရင်အုံမှာ အဆင်စုံတည်နေတဲ့ ဂီတမာလာပန်းကမ္ဘာက “မဟာဂီတ” မြတ်ပန်းလှကို မာအေးမေမေဆိုနေကျ မန္တလေးမြို့ဘွဲ့ “အောင်မြေမြမန်း”က ခူးပန်ဆင်သခဲ့ပါတယ်၊ ဂီတရဲ့အကိုင်းအခက် စန္ဒရားလက်ကွက် အတွဲအဖက်တွေနဲ့ ထိတွေ့ရင်းနှီးစေတာ ဆရာရွှေတိုင်အေးပါ၊ အရုပ်နဲ့အသံ ရသမှန်အောင်ထားတဲ့ဂီတဟန်တွေ၊ ဇာတ်ပို့ခဲ့တဲ့ မဟာဂီတ အပိုင်း အစတွေ ၊ အခန်းကူးအခန်းဆက် အချိန်ကွက်တိ တွက်မိလာတာတွေက မေမေ ဖေဖေတို့နဲ့အတူ အသံတိတ် ရုပ်ရှင်လောက ဝင်တဲ့အခါက မေမေ့ဆရာ တီးဝိုင်းခေါင်းဆောင် အေဝမ်းခင်မောင် နေ့တိုင်း စီမံဆောင်ရွက် ကြားရချက်တွေကြောင့်လို့ ပြောရမှာကိုး၊ မာအေးရဲ့ မြင်ဆရာ ကြားဆရာကြီးပေါ့။

ဆရာအေ၀မ်းခင်မောင်ကို မာအေးတို့မိသားစု ရန်ကုန်မှာ အခြေချဘို့ ရောက်လာတဲ့ အချိန်ကစပြီး တွေ့သိခင်မင် ဂီတ အမျိုးဝင် ဆရာတင်ထားခဲ့ကြတာပါ၊ မေမေနဲ့ဖေဖေက ဆရာ့ရုပ်ရှင်တီးဝိုင်းမှာ အလုပ်လုပ်ခွင့်ရတော့ မနက် ၁၁ နာရီခွဲလောက်ကနေ ညသန်းခေါင်ကျော် အထိ တွေ့နေရတာဘဲ၊ ခလေးလည်း ချစ်တတ်ပါတယ်၊ ဆရာ့တီးဝိုင်းသား လူကြီးလူနှောက်ကြီးများ မစရ မလောင်ရအောင် ငါးမူးပြားအဝိုင်းပေးမှ သီချင်းဆိုပြတဲ့အကြောင်း သိသွားတော့ ကိုယ်တိုင် ငါးမူးတန် အဆိုတော်လေးအဖြစ် ပဏာမဧည့်ခံ သီချင်းဆိုခွင့်ပေးထားတာကြည့်တော့၊ ဒီ ပျော်စရာအဖြစ်ကလေးကို လူထူရင် တသောသောနဲ့ ငါ့ဝိုင်းထဲက ခလေးလေး၊ ငါ့ဝိုင်းထဲက ဟာမလေးနဲ့ ပြောမပြီးတဲ့ ပီတိဆရာပါဘဲ။

မာအေးအမြင်မှာတော့ ဆရာအေ၀မ်းဟာ ဗမာနဲ့ အိန္ဒိယ ပေါင်းထားတဲ့ရုပ်ရည်နဲ့ အသားအရည်ပိုင်ရှင်ဘဲ၊ အသံကလည်း ဗြဲရှပ်ရှပ်ဘဲကပ်သံနဲ့၊ လည်ပင်းကိုညှစ်ပြီးပြောတဲ့လေမျိုးနဲ့ ပြောတတ်ပါတယ်၊ အဲဒါမျိုးကြီးနဲ့ မမမေရှင်တို့ မမမေသစ်တို့ အပါအ၀င် အေဝမ်းရုပ်ရှင်ကုမ္ပဏီထွက် “မေ”နဲ့ စတဲ့ ရုပ်ရှင်မင်းသမီးကြီးတွေကို လူစားမထိုးဘဲ ကိုယ်တိုင်ဆိုခဲ့တဲ့ အဆိုတော် မင်းသမီးတွေ ဖြစ်လာအောင် ဘယ်လိုသင်ပြ ဆောင်ရွက်ခဲ့နိုင်လေသလဲ- အရမ်းအရမ်းကိုဘဲ အံ့ဩမိပါတယ်ရှင်။ မာအေး ဆရာ့ဝိုင်းထဲမှာ ဆိုခဲ့တုန်းက တပုဒ်လောက်ပဲဟာ၊ သီချင်းတိုက်စရာမှ မလိုတာကိုး၊ သူဘယ်လို သင်ပြပေးသလဲ မသိဘူးပေါ့၊ ကိုယ့်လမ်းကိုယ်ဖောက် ဂီတဘဝထဲရောက်မှ ဆရာအေဝမ်းခင်မောင်နဲ့ သီချင်းတွေ အသံသွင်းရတဲ့အခါ ဆရာ့တီးပုံဟာ အဆိုသမားအတွက် အခက်အခဲမရှိလေအောင် ရှေ့ကနေ အသံကလေးချန်ပြပေးခဲ့လိုက်၊ အဆိုက အင်နဲ့အားနဲ့ ဟစ်ရမယ့် နေရာအသံမျိုးမှာဆိုရင် - သူ့အတီးကပါ အတူရော အသံရှိန်မြှင့် တွန်းပို့လိုက်ကစားပေးတာကို ခံစားမိလာပါတယ်၊ ဒါကြောင့်လဲ ဆရာအေ၀မ်းခင်မောင်ဟာ အဆိုကို ပို့တီးပေးတဲ့ အကောင်းဆုံးစန္ဒရားဆရာလို့ ဂီတလောကမှာ စံထားရတဲ့ ပညာရှင်နေရာ ရခဲ့တာပေါ့ရှင်၊ လက်သံချိုတယ်လို့လည်း နှောင်းလာ စန္ဒရားဆရာများက အတုယူကြပါတယ်။

အေ၀မ်းနံမည်ယူထားတာကတော့ အေ၀မ်းဖလင်ရဲ့ ပင်တိုင်စန္ဒရားခေါင်းဆောင်ဝိုင်းဆရာ တာဝန်ယူရလို့ ဖြစ်မှာပေါ့ ရှင်၊ ဆရာခင်မောင်ဟာ မြန်မာတို့ရဲ့ ဂီတဟန်တွေ နောကြေနေသူပါ၊ ရုပ်ရှင်ထဲက အလွမ်းဇာတ်ရုပ်အတွက် ဇာတ်ပို့ပေးရာ ရောက်တဲ့ အသံလှလှ စာလှလှလေးတွေနဲ့ ဆိုစေတီးစေတာတွေ ချစ်ဆွေတို့ ကိုယ်တိုင် ကြားစေ နားထောင်ခံစားစေချင်လိုက်တာ၊ သက္ကရာဇ်တွေ နောက်ပြန်ဆုတ်စေနိုင်တဲ့စက်ကြီးများ သိပံ္ပရုပ်ရှင်ထဲမှာလို တကယ်ရှိခဲ့ရင်- ပြန်သွားပြချင်ပါဘိတော့တယ် ရှင်။

* ကြုံလေဘုံဘွေ၊ ခေတ်တွေမှိုင်မိရင်း၊ ကံ--ကံငယ်ခေလို့သာကြုံရလေခြင်း xxx ဘုံဘဝမှာ မှိုင်တွေစရာ ကြုံရလေခြင်း နော်၊ ကံခေလို့သာ ဖြစ်မှာပေါ့လို့ညည်းတာပါ။
* ကြမ္မာလေယိုယွင်းဖန်တဲ့ခင်း၊ ဂြိုလ်မင်းမယ့်ကိုမွှေ၊ နတ်မင်းတို့နေနိုင်ပေ xxx

ကံကြမ္မာအကြောင်းမကောင်းဖန်တာ ဂြိုလ်ဆိုးဝင်မွှေတာပါ၊ ဒါကို နတ်မင်းတို့နေနိုင်ပါပေရဲ့တဲ့၊ လွမ်းတဲ့ကြားက နတ်တွေတောင် လှန်းပြီး ခနဲ့လိုက်သေးတဲ့ စာမျိုး ရှင့်၊ ဘယ်လောက်လှတဲ့ အရေးသဘောလည်း ကြည့်ပါဦး၊ အဲဒါ “ကြုံလေဘုံဘွေ ပတ်ပျိုး” ထဲက ကောက်နှုတ်သုံးတဲ့ သီချင်းပိုဒ်တွေပေါ့။

တခါတရံ အလွမ်းက တိုက်ရိုက်ဝင်မလာတာလဲ ရှိတယ်ရှင့်၊ ဘေးက ကိုယ့်ကိစ္စကို မသိအောင် ဘုရားခန်းဝင် ရှစ်ခိုး ဦးတင်ပြီးမှ မျက်ရည်ပေါက်တွေကျတာမျိုးမှာ အနောက်နန်းမတော် မမြကလေးရဲ့ ဖြေလျော့ခွေထဲက ဒီအပိုဒ်တွေကို သုံးစေပါတယ်၊

* တောက်ပွားညီးဝေ၊ ခြောက်ပါးမီးရေ၊ ယမိုက်စုံရောင်ခြည်ပွင့်တယ်၊ သုံးပြည်ခွင့်ထွဋ်ခေါင်နေ xxx ဖန်ဖန်လေ တင်လျှောက်ထား ရွှေဉာဏ်တော်သိရင်းသား xxx

ဘုန်းတော်ခြောက်ပါး၊ ရေ မီး ယမိုက်စုံ ရောင်ခြည်တော်များနဲ့ ဘုံသုံးပါးတခွင် ထွဋ်ခေါင်တင် ရှင်တော်မြတ်ဘုရား၊ အကြိမ်ကြိမ်အဖန်ဖန် ပန်ကြားလျှောက်ထားပြီးမို့ ရွှေဥာဏ်တော်သိရင်းဖြစ်မယ့် အကြောင်းကိုဘဲ လျှောက်ထားပါရစေဘုရားလို့ ခွင့်တောင်းတာပါ၊ ပြီးမှလွမ်းပြတာ။

* ချစ်သူငယ်သူ့အား ဝေးပါပေါ့ဘုရား xxx
* ထွေပြားသစ္စာ မေတ္တာညိုမူငြိပြီထင့်လေး၊ သွေလျားပစ်ခွာ၊ သစ္စာဆိုသူ ရှိပြီထင့်လေး xxx

Comments