March 19th - Super Moon Day

မတ် ၁၉ မှာ လနှင့် ကမ္ဘာ အနီးဆုံးရောက်၊ သဘာဝဘေး စိုးရိမ်နေကြ
မိုးမခအထောက်တော် ၀၀၃
မတ် ၁၅၊ ၂၀၁၁
လာမည့် မတ်လ ၁၉ စနေနေ့တွင် ကမ္ဘာမြေနှင့် လတို့ အနီးကပ်ဆုံး နေရာသို့ ရောက်ရှိကြမည် ဖြစ်ရာ ထိုဖြစ်စဉ်ကို Supermoon ဖြစ်စဉ်အဖြစ် ခေါ်ဝေါ်ကြသည်။ ထိုသို့ဖြစ်က ကမ္ဘာ့ပင်လယ်ရေမျက်နှာများ ထကြွခြင်း၊ ရာသီဥတုအစွန်းရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ကြောင်း ရှေ့ဖြစ် နောက်ဖြစ် လေ့လာသူအချို့က ဟောကိန်းထုတ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များက ဒီရေ တက်ကျမှုသာ ရှိနိုင်ကြောင်း သဘာဝလွန်ဖြစ်ရပ်များ ဖြစ်နိုင်ချေမရှိကြောင်း ငြင်းဆိုလျက်ရှိသည်။
သို့သော်လည်း ၂၀၁၁ ခုနှစ် အတွင်း သဘာဝဘေးဒဏ်များ ခံစားနေရသော နိုင်ငံများ တိုးပွားလာလျက်ရှိရာ ယခင်အပတ် သောကြာနေ့က ဂျပန်ဆူနာမီနှင့် ငလျင်ဘေးဒဏ်မှာ လူပေါင်း သိန်းချီပြီး ထိခိုက်စေခဲ့ပြီး သောင်းချီ၍ ပျက်စီးသေကြေခဲ့ရသည်ကို တွေ့ရသည်။ ထိုမတိုင်မီက တရုတ်၊ နယူးဇီလန်၊ သြစတြေးလျတို့တွင် သဘာဝဘေးဒဏ်များ ဆက်တိုက် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ရှေးဟောင်းအနောက်တိုင်း ဒဏ္ဍာရီများအရ ၂၀၁၂ တွင် ကမ္ဘာကြီး ပျက်မည်ဟု ဟောကိန်းရှိခဲ့ပြီး အဆိုပါ ဟောကိန်းအခြေပြု “၂၀၁၂” ရုပ်ရှင်ကို အမေရိကန်ဟောလိဝုဒ်က ရိုက်ကူး ဖြန့်ချိခဲ့ပြီး ဖြစ်သည်။
မြန်မာပြည်တွင် ၂၀၀၈ မေလတွင် နာဂစ် မုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးတွင် လူပေါင်း သိန်းချီ၍ ပျက်စီးခဲ့ရသည်။ ၂၀၁၀ ခုနှစ်ကလည်း မြန်မာပြည်အနှံ့တွင် အပူချိန်များ ပြင်းပြမှုဖြစ်ပြီး ရေရှားမိုးခေါင်မှုကို အကြီးအကျယ်ခံစားခဲ့ရရာ လူပေါင်း ထောင်နှင့်ချီပြီး အပူချိန်သင့် ဖျားနာ သေဆုံးခဲ့ကြရသည်။ ထိုနှစ်ထဲမှာပင် ရခိုင်ပြည်တွင် ဂီရိမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း သောင်းချီပြီး အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး ယခုအချိန်အထိ ဒေသတွင်း နလံထူမှု မရှိနိုင်သေးပေ။ ယခု ၂၀၁၁ နှစ်အတွင်းတွင်လည်း မြန်မာပြည်တွင် ရာသီဥတု ပြင်းထန်မှုများ၊ အချိန်အခါမဲ့ မိုးသက်လေပြင်း တိုက်ခြင်းများကို ခံစားရလျက် ရှိသည်။ မြန်မာပြည်၏ ရာသီဥတု ဖောက်ပြန်မှုအတွက် သဘာတရားအပြင် စစ်အစိုးရ၏ တာဝန်မဲ့ အုပ်ချူပ်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်မှုပေးရန် ပျက်ကွက်မှုများကို ပြည်သူလူထုက ပြစ်တင် ဝေဖန်လျက်ရှိသည်။

Comments