Maung Yit - The Spirit of Fighting Peacock


ဘာစိတ်ဓာတ်လဲ
ခွပ်ဒေါင်း စိတ်ဓာတ်
မောင်ရစ်
မတ် ၁၁၊ ၂၀၁၁

ဆရာဦးဝင်းတင်က သူ့ ၈၁ နှစ် မွေးနေ့မှာ ဘာပြောလိုက်သလဲ ဆိုတော့ သူဟာ ၈၈ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့သူ ဖြစ်တယ်။ သူဟာ အရေးတော်ပုံတပ်သားအဖြစ် ခံယူထားတယ်လို့ ဆိုတယ်။ အဲသည်တုန်းက အသက် ၆၀ မှာလည်း အရေးတော်ပုံတပ်သား၊ အခု အသက် ၈၀ ကျော်မှာလည်း အရေးတော်ပုံတပ်သားလို့ ခံယူဆဲ ခရီးဆက်မြဲဖြစ်တယ် လို့ ဆိုလိုက်တယ်။ လမ်းတူရင် လူချင်းဆုံကြမယ်။ အရေးတော်ပုံတပ်သားတွေ ဒီမိုကရေစီပန်းတိုင်မှာ ဆုံကြပါစို့ လို့ ပြောချင်တယ် … တဲ့။
ကျနော်တို့တတွေလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ က အရေးတော်ပုံကြီးက အစပြုလို့ လူဖြစ်လာခဲ့ရတာလို့ ပြောချင် ပြောလို့ရပါတယ်။ အဲသည်က ကျနော်တို့ ကျောင်းသားတွေဆိုတာ ဆယ်ကျော်သက်တွေ၊ အသက် ၂၀ ၀န်းကျင်လေးတွေကိုးလေ။ အဲသည်တုန်းက ကျနော်တို့တတွေ မြန်မာပြည် တပြည်လုံး အနှံ့အပြားမှာ ရှိနေတဲ့ လူငယ်တွေ မျိုးဆက်သစ်ကလေးတွေရဲ့ စိတ်ဓာတ်က ဘာလဲ လို့ ပြန်တွေး ကြည့်လိုက်မိတော့ … ကျနော်တို့ဆီမှာ စတင် သန္ဓေတည်ခဲ့တာ ကျောင်းသားစိတ်ဓာတ် တွေ ဖြစ်တယ်။ အဲသည်က စိတ်ဓာတ်တွေဟာ ခွပ်ဒေါင်းစိတ်ဓာတ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အရေးတော်ပုံတပ်သား တဦးရဲ့ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် ဆိုတာ ဘာလဲ …
ကျနော်တို့ ကျောင်းသား လူငယ်တွေ အားလုံးမှာ အဲသည်တုန်းက ရှိခဲ့တာ ကိုယ့်ကျောင်းသားတွေ ထိရင် မခံချင်တဲ့ စိတ်ပဲ။ ကိုယ့်ကျောင်းသားတွေ မတရားအလုပ်ခံရရင် နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဖိရင် ကြွ၊ ထိရင် ချမယ် ဆိုတဲ့ ကျနော်တို့တတွေ အချင်းချင်း ရင်ဘောင်တန်း လက်ချင်းချိတ်တဲ့ စိတ်ဓာတ်ပဲ လို့ ပြောလိုက်ချင်ပါတယ်။
အဲသည်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းသားတွေကို လုံထိန်းတွေက ပစ်သတ်တယ်။ အချုပ်ကားပေါ်ပစ်တင်ပြီး ဖမ်းတယ်။ အဆောင်တွေထဲက တရွတ်တိုက် ဆွဲထုတ်ပြီး ဓာတ်ပုံနဲ့ တိုက်၊ နံမယ်တွေ အတန်းတွေနဲ့ တိုက်ပြီး စစ်ကြောရေးစခန်းတွေထဲ ပို့တယ် ဆိုတဲ့ လွန်ခဲ့တဲ့ ၁၉ ၈၈ မတ်လ ၁၃ ရက်နေ့ အဖြစ်ကို ဘယ်ကျောင်းသားတွေကမှ လက်ပိုက်ပြီး ခေါင်းငုံပြီး ကြည့်မနေခဲ့ကြဘူး။ ပါမောက္ခချူပ်တွေ၊ မော်ကွန်းထိန်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာဆိုသူတွေက ရပ်ကြည့်ပြီး နေခဲ့ကြမယ်။ ရန်ကုန်ကကျောင်းသား၊ မော်လမြိုင်၊ စစ်တွေ၊ မုံရွာ၊ မြစ်ကြီနား၊ တောင်ကြီး မြို့ ရွာ အနှံ့အပြားက အထက်တန်းကျောင်းသား၊ ကောလိပ်ကျောင်းသား၊ လူငယ်တွေ အားလုံးက မျက်နှာလွှဲ ခဲပစ် မလုပ်ခဲ့ကြဘူး။
အဲသည် မတ်လက စလိုက်တဲ့ အာဏာရှင်တွေရဲ့ ရန်စမီးပွားဟာ ကျောင်းသားတွေ အားလုံးတွေအတွက်ကတော့ သေနတ်သံတချက်ဖောက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် လို့ ကြိမ်းဝါးလိုက်တဲ့ အလား ခွပ်ဒေါင်းသွေးတွေ အတူတကွ စီးဆင်းညီညွတ်ခဲ့ကြတယ် မဟုတ်လား။
အဲသည် ခွပ်ဒေါင်းစိတ်ဓာတ်တွေကလည်း ၀ုန်းဆိုပြီး ချက်ချင်း ကြီးထွားရင့်သန် သွားခဲ့တာတော့ မဟုတ်ပါဘူး။ မတ်လ စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ လက်ဆင့်ကမ်းမှုတွေဟာ တက္ကသိုလ်အဆင့်ဆင့်၊ အခြေခံပညာကျောင်း အဆင့်ဆင့်ကို စီးဆင်းခဲ့ရတာပါ။ ခွပ်ဒေါင်းမျိုးစေ့ကလေးတွေကို ရင်ထဲမှာ လက်သီးလက်မောင်းတွေထဲမှာ စိုက်ပျိုးပြီး လက်ချင်းချိတ် ကျောချင်းကပ်ထားတဲ့ ကျောင်းသားလူငယ်ရဲဘော်တွေရဲ့ ချွေးတွေ သွေးတွေနဲ့ လောင်းပြီး ကြီးထွား ရှင်သန်အောင် မွေးမြူခဲ့ရတာ။ မဆလ အာဏာရှင်တွေသွတ်သွင်းထားတဲ့ မလုပ် မရှုပ် မပြုတ် ကြောက်တတ် ရန်ကင်းတယ်ဆိုတဲ့ အကြောက်တရား အမှောင်ထုကြီးထဲက အတင်းရုန်းကန်ပြီး ထကြွ ရှင်သန်ခဲ့ရတာပါ။
ဘာစိတ်ဓာတ်လဲ …
ခွပ်ဒေါင်း စိတ်ဓာတ် …
အခု ဒီစာကို ဖတ်နေရင်းကနေ မတ်မတ်ထရပ်လို့ လက်သီး လက်မောင်းတန်းပြီး အော်ကြည့် …
အရေးတော်ပုံတပ်သားတဦးရဲ့ ရင်ထဲက ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ မီးပွားတွေလို ထကြွ တောက်လောင်လာလိမ့်မယ်။
ကျနော်တို့တွေရဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ မတရားမှုကို လက်ပိုက်မကြည့်နိုင်တဲ့ စိတ်ဓာတ်ပဲ။ လောကကြီးရဲ့ ဘယ်ဒေါင့် ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ ဖိနှိပ်ချူပ်ချယ်ခံနေရသူတွေကို ကာကွယ်ဖို့ အာဏာရှင်တွေကို ပြန်လည် တိုက်ခိုက် တော်လှန်ဖို့ ရဲဘော်တွေ အချင်းချင်း ရင်ဘောင်တန်း လက်ချင်းတွဲကြဖို့ နှောင့်နှေးခြင်း၊ လေးလံခြင်း၊ ရှောင်လွှဲခြင်း လုံးဝမရှိတဲ့ တော်လှန်တဲ့ စိတ်ဓာတ်ပဲ။
အဲသည် ခွပ်ဒေါင်းစိတ်ဓာတ်ကို မစွန့်လွှတ်ဘဲ ကိုင်စွဲ အသက်ရှုခဲ့မိလို့  ကျနော်တို့တတွေဟာ ၁၉ ၈၈ အရေးတော်ပုံနောက်ဆက်တွဲ အရေးတော်ပုံ အဆက်ဆက်မှာ တော်လှန်ရဲသူ မျိုးဆက်တွေ၊ လူငယ် ကျောင်းသားတွေ၊ ရဟန်း သံဃာ သပိတ်မှောက်သူတွေကို ကိုယ့် သွေးသား ရဲဘော်များလို ခင်မင်ရင်းနှီးမိကြတာ၊ လက်ချင်းတွဲ လေးစားမှုတွေ ရှိခဲ့ကြတာ၊ ဂုဏ်ယူ ၀မ်းမြောက်စွာ ကြိုဆို အလေးဂရုပြုခဲ့ကြတာ ဖြစ်ပါတယ်။
ကျနော်တို့တတွေဟာ ခွပ်ဒေါင်းစိတ်ဓာတ်ကို စွန့်လွှတ်ခဲ့ပြီး သာမန်ရိုးကျ ၀န်ထမ်းစိတ်ဓာတ်၊ ကုန်သည် ပွဲစား စိတ်ဓာတ်၊ ဖာသိဖာသာ တသီးပုဂ္ဂလ တသီးတသန့် စိတ်ဓာတ်တွေနဲ့ သာမန် မစွန့်စား မလှုပ်ရှားရဲတဲ့ အကြောက်တရားကို ရင်ဝယ်ပိုက်သူ လူညံ့ လူနိမ့်တယောက်ရဲ့ စိတ်ဓာတ်မျိုးတွေနဲ့ အသက်ရှင်သန် ကြီးပြင်းခဲ့ကြရမယ်ဆိုရင်တော့ ခုချိန်မှာ ကိုယ့်သားသမီးတွေ၊ ကိုယ့် တူတွေ တူမတွေက ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူဖို့ ကြိုးစားလာတာကို မျက်နှာလွှဲ မမြင်ချင်ယောင်ဆောင်ကြမယ့် အတန်းအစားတွေ ဖြစ်ကုန်ကြလိမ့်မယ် ထင်ပါတယ်။
ခွပ်ဒေါင်း စိတ်ဓာတ်ဆိုတာ အသက်ကြီးတာ၊ ငယ်တာ၊ ကျောင်းသား လူငယ်၊ လူတန်းစားတွေနဲ့ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ ထောင်ထဲမှာ ယုံကြည်ချက်အတွက် စွန့်လွှတ်စွန့်စားနေသူတွေ၊ လမ်းပေါ်မှာ၊ စစ်ကြောရေးစခန်းမှာ၊ နယ်စပ်တိုက်ပွဲတွေမှာ အသက်နဲ့ လဲသွားပြီး တိုက်ပွဲဝင်သွားသူတွေ အားလုံးဟာ ခွပ်ဒေါင်းတွေချည်းပဲ။ ခွပ်ဒေါင်းတကောင်ကို ဖိနှိပ် နင်းခြေလိုက်တာဟာ ငါတို့ ခွပ်ဒေါင်းတွေ အားလုံးကို တပြိုင်နက်တည်း စော်ကား အဓမ္မကျင့်လိုက်တာနဲ့ အတူတူပဲဟေ့ လို့  တရားမျှတမှုဖက်ကနေ အသက်စည်းစိမ်တွေ မိသားစုတွေ သူငယ်ချင်းတွေကို စွန့်ပြီး ရပ်တည်ရဲတာ တိုက်ပွဲဝင်ရဲတာဟာ ခွပ်ဒေါင်း စိတ်ဓာတ် ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်ဟာ အရေးတော်ပုံ တပ်သားတဦးပဲ။ ခွပ်ဒေါင်းစိတ်ဓာတ်အပြည့်နဲ့ ရှင်သန်နေသူပဲ။ ဆရာဟာ လူထုအရေးတော်ပုံလှိုင်းလုံးကြီးထဲမှာ အချိန်ပြည့် ခြေစုံပစ် ကူးခတ်နေသူ ဖြစ်တယ်။ ၂၀၀၇ သံဃာ့အရေးတော်ပုံကြီးမှာ ဆရာသာ အပြင်မှာ ရှိနေရင် ခွပ်ဒေါင်းအလံတော်ကို လွှင့်ပြီး ချီတက်သွားမယ့်သူ ဖြစ်ပါတယ်။ အခုလည်းပဲ အသက် ၈၀ ကျော် လူအိုကြီးတယောက်က အရေးတော်ပုံ ခြေလျင်တပ်သားလို့ ရဲရဲကြီးပြောတယ်။ အဲဒါဟာ ခွပ်ဒေါင်းစိတ်ဓာတ်ဖြစ်ပါတယ်။ မတရားမှုမြားတစင်းကို ရင်ဖွင့်ပြီး ရင်ဆိုင်သူ ဖြစ်တယ်။
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ကျနော်တို့တတွေလည်း နေရာအနှံ့မှာ တကွဲတပြားနဲ့ ငှက်တော၊ ကျေးတောတွေထဲမှာ အထီးကျန် ချီတက် ရုန်းကန်နေရတဲ့ အချိန်တွေလည်း ရှိမှာပါ။ သို့သော်လည်း ခွပ်ဒေါင်းစိတ်ဓာတ် တခုတည်းနဲ့ ကျနော်တို့တွေ သည်လမ်းတခုတည်းမှာပဲ ပြန်ဆုံကြမှာဖြစ်ပါတယ်။ အခုလည်းပဲ ခွပ်ဒေါင်းစိတ်ဓာတ်တွေနဲ့ ကျနော်တို့ ရဲဘော်တွေ လက်ချင်း မြဲမြဲ တွဲပြီး ပန်းတိုင်မှာ ဆုံဖို့ ဆက်လက် ချီတက်လာနေကြတာ ဖြစ်ပါတယ်။
ဘာစိတ်ဓာတ်လဲ …

Comments

yoo said…
သို့ / ငါ့ တူကြီးမောင်ရစ်

အဘလဲ .. အိမ်မှာ လျှပ်စစ်မီးမရ၊ မီးသွေးကလဲ
အဆင်သင့် မရှိပြန်၊ အဲဒါနဲ့  ထမင်းအိုး တည်
ဖို့ မီး လိုချင်တာနဲ့ မင်းရဲ့ ..
" ဘာစိတ်ဓာတ်လဲ …
ခွပ်ဒေါင်း စိတ်ဓာတ် …
မင်းရဲ့ စာကို ဖတ်နေရင်းကနေ မတ်မတ်ထရပ်လို့ လက်သီး လက်မောင်းတန်းပြီး အော်ကြည့် …
အရေးတော်ပုံတပ်သားတဦးရဲ့ ရင်ထဲက ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ မီးပွားတွေလို ထကြွ တောက်လောင်လာလိမ့်မယ်..." လို့ ပြောလို့ ၊
အဘလဲ မတ်မတ်ထရပ်လို့ လက်သီး လက်မောင်းတန်းပြီး အော်ကြည့်တာ ရင်ထဲက
ဘာ ဘာ ဘာမီးမှ မတောက်လောင်ပဲ
အဘပဲ လည်ချောင်းကွဲပြီး ဆေးရုံရောက်ရပါပကော။

မင်းချစ်တဲ့အဘဖောက်ထွက်
Anonymous said…
အဘဖောက်ထွက်သို့ -
တော်သေးတာပေါ့ ဆေးရုံရောက်ရုံလေးတင်-
သေမင်းစီကိုမသွားသေးလို့ -
တကယ်တော့အဲဒါဟာတကယ့်ခွပ်ဒေါင်းစိတ်ဓါတ်မရှိလို့ 
သာမီးထမလောင်တာပါ။
တကယ့်စိတ်ဓါတ်အပြည့်နဲ့အော်ကြည့်လိုက်ပါ။
“ဘာစိတ်ဓါတ်လဲ”
“ခွပ်ဒေါင်းစိတ်ဓါတ်”
“ဘာလုပ်ဖို့လဲ“
“တိုက်ပွဲဝင်ဖို့”
“ဘယ်သူအတွက်လဲ”
“တိုင်းပြည်အတွက်”