poet Hla Than in hospital

ကဗျာဆရာလှသန်း ဆေးရုံတက်
တာရာဝေယံ
မတ် ၂၃၊ ၂၀၁၁
အမျိုးသားစာပေဆုကလွဲလို့ မြန်မာကဗျာချစ်သူများက ပေးတဲ့ ဆုတွေ အကြိမ်ကြိမ် ရရှိခဲ့ဖူးတဲ့ ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်း (ခ) နိမိတ်ထွန်း (ခ) မောင်သီးသန့် ဟာ ကမ္ဘာ့ကဗျာနေ့ ဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျောက်ကပ်ရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးကို တက်ရောက် ကုသမှုခံယူနေရကြောင်း ကဗျာအသိုင်းအ၀န်းကနေ သိရပါတယ်။

“ဆေးရုံတင်ထားရတဲ့ အချိန်မှာ မျက်နှာတွေ ရောင်အမ်းနေတယ်၊ အသက်ရှူရတာ အားမရဘူး လို့ ပြောတယ်၊ ၁၉၈၇ က တစ်ကြိမ်၊ ၁၉၉၉ က တစ်ကြိမ် ကျောက်ကပ် ရောဂါကို နိုင်ခဲ့တယ်၊ အခုတစ်ကြိမ်လည်း Batch of three ဆိုရင် ငါနိုင်တာပေါ့ကွာ” ဟု ကိုလှသန်းက ပြောကြောင်း သူနဲ့ရင်းနှီးတဲ့ ကဗျာဆရာတစ်ဦးက ရှင်းပြပါတယ်။

ကိုလှသန်းဟာ ကမ္ဘာ့ကဗျာနေ့က ချီးမြှင့်တဲ့ မန္တလေး ခေတ်ပေါ်ကဗျာဆု ကိုလည်း ရရှိသွားပါတယ်။  ၂၀၁၀ ပြည့်နှစ်အတွင်း အနှစ်သက်ဆုံး ကဗျာဆရာအဖြစ် ရွေးချယ်ခဲ့တာပါ။ ဆုအဖြစ် ငွေသား ကျပ် ၂ သိန်းခွဲ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းပုရုပ်ထုကို ပေးအပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့ အစီအစဉ် ပြီးဆုံးခါနီးမှာ ကဗျာဆရာ ညီမင်းညိုက ကိုလှသန်းအတွက် ကဗျာတစ်ပုဒ်ကို လက်တန်း ရေးစပ်ပြီး ရွတ်ဆိုခဲ့ကာ တက်ရောက်လာကြတဲ့ ကဗျာဆရာများ၊ ကဗျာချစ်သူများက ကဗျာဆရာကိုလှသန်း ကျန်းမာစေကြောင်း ဆုမွန်ကောင်းများ တောင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Comments