ထိုင်းမြန်မာနယ်စပ်ငလျင်လှုပ်၊ အသေအပျောက် များပြား
မိုးမခအထောက်တော် အမှတ် ၃
မတ် ၂၅၊ ၂၀၁၁
တာလေမြို့မှ မြင်ကွင်းတခု (reuters)

ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းတကျောင်းသို့ ရောက်လာသော မြန်မာငလျင်ဒုက္ခသည်များ နှင့် ငလျင်ဗဟိုချက်ပြရာ မြေပုံ (photo: AFP)
ညနေ ၆း၀၀ နာရီ - ဒဏ်ရာရ ၁၁၁၊ သေဆုံးသူ ၇၄ ဦး ရှိသည်ဟု မြန်မာ့ရုပ်သံက ကြေညာသည်။မိုးမခအထောက်တော် အမှတ် ၃
မတ် ၂၅၊ ၂၀၁၁



ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းတကျောင်းသို့ ရောက်လာသော မြန်မာငလျင်ဒုက္ခသည်များ နှင့် ငလျင်ဗဟိုချက်ပြရာ မြေပုံ (photo: AFP)
နေ့ ၁း၀၀ နာရီ - ဒဏ်ရာရသူ ၄၀၊ သေဆုံးသူ ၅၀ ထက်မနည်း ရှိသည်ဟု တာချီလိတ်အာဏာပိုင်တဦးက သောကြာနေ့တွင် ပြောကြောင်း AFP က ဆိုသည်။ (MSNBC သတင်း)
ပျက်စီးသည့် အဆောက်အအုံပေါင်း ၁၀၀ ကျော်မည်ဟု တာချီလိတ် အာဏာပိုင်တဦးက Reuters ကို ပြောသည်။ (MSNBC သတင်း)
ငလျင်ဗဟိုနှင့် နီးသည့် တာလေ၊ မိုင်းလင်း မြို့များ (Tarlay and Mine Lin) တွင် သေဆုံးသူ ဒါဇင်နှင့်ချီကြောင်း အရာရှိတဦးက AFP ကို ပြောသည်။ ပြိုသည့် အဆောက်အအုံပေါင်း ၁၃၀ ကျော်မည်ဟု ဆိုသည်။ (MSNBC သတင်း)
"မိုင်းလင်းမှာလည်း ၁၃ ဦးလောက် သေပါတယ်" ဟု ဒေသခံတဦးက ပြောသည်။ (Eleven)
နံနက် ၉း၀၀ နာရီ - နယ်စပ်ငလျင်တွင် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိသည်ဟု AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
တာချီလိတ်အနီးရှိ တာလေမြို့တွင် ၂၄ ဦး (ကျား ၁၁၊ မ ၁၃) သေဆုံးကြောင်း မြန်မာအရာရှိတဦး၏ ပြောဆိုချက်ကို AFP တွင် ရေးထားသည်။ သေဆုံးမှု ပမာဏ ထိုထက်ပိုနိုင်သည်ဟု ဆိုသည်။
"မြို့ထဲမှာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ အဆောက်အအုံ ၃၅ ခု ပြိုလဲသွားတယ်၊ ပြိုတော့ အဲဒီမှာ သေကြရတာပါ" ဟု ထိုအရာရှိက ပြောပြသည်။ လမ်းများ ပျက်စီးသွားသဖြင့် သွားလာရ ခက်ခဲသည်ဟု ဆိုသည်။
နံနက် ၆း၀၀ နာရီ - ထိုင်းမြန်မာနယ်စပ်တွင် ငလျင်လှုပ်သဖြင့် အနည်းဆုံး ၂ ဦး သေဆုံးကြောင်း ၂ နိုင်ငံအရာရှိများက AFP သတင်းဌာနကို ပြောသည်။ သေဆုံးသူထဲတွင် ကလေးတဦးလည်း ပါဝင်သည်ဟု ဆိုသည်။
"တာချီလိတ်မှာ ကလေးတယောက် သေတယ်လို့ သိရတယ်။ အိမ်ပြိုလို့ သေသွားတာ" ဟု အရာရှိတဦးက ပြောကြောင်း AFP သတင်းတပုဒ်အရ သိရသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အပြင်းအထန် ဒဏ်ရာရသူ ၃ ဦးရှိသည်ဟုလည်း သူက ဆိုသည်။
"ရပ်ကွက်အာဏာပိုင်တွေကတော့ လော်စပီကာနဲ့ လိုက်ကြေညာရတယ်၊ အိမ်တွေထဲမှာ မနေကြဖို့ပေါ့" ဟု သူက ရှင်းပြသည်။
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ ထိုင်းဘက်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသည်ဟု သိရသည်။
ငလျင်က ရှမ်းပြည်နယ်ရှိ ကျိုင်းတုံမြို့တွင်လည်း လှုပ်သွားကြောင်း AP သတင်းတပုဒ်တွင် ရေးထားသည်။ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကျိုင်းတုံဆေးရုံဝန်ထမ်းများကို ကိုးကားပြီး ရေးသားထားသည်။ အပျက်အစီး အနည်းအကျဉ်းသာ ရှိသည်ဟု မျက်မြင်သက်သေများက ပြောကြောင်း၊ သို့သော်လည်း ငလျင်ကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု ဆိုသည်။
"လူတွေ အိမ်အပြင်ဘက်ထွက်ပြေးပြီး မြေပေါ်မှာ ၀ပ်နေကြတယ်" ဟု ကျိုင်းတုံဒေသခံတဦးက AP ကို ပြောသည်။
"ငလျင်အသေးလေးတွေ ထပ်ထပ်လှုပ်နေလို့ မြေကြီးပေါ်မှာ ဒီအတိုင်း ထိုင်နေကြတယ်၊ တချို့အိမ်တွေဆို တီဗီအင်တာနာတိုင်တွေလဲကုန်တယ်၊ ဘုရားစင်တွေလည်း ပြုတ်ကျတယ်" ဟု သူက ဆက်ပြောပြသည်။
နေပြည်တော်တွင်လည်း ငလျင်လှုပ်သဖြင့် အိမ်ထဲမှ ထွက်ပြေးကြရသည်ဟု AP သတင်းတွင် ရေးထားသည်။
Comments