3 Regime's companies to share cooking oil import licencse

ထူးအပြင် အခြားကုမ္ပဏီ ၂ ခုလည်း စားအုန်းဆီ တင်သွင်းခွင့် ရမည်
ခင်သန့်ဇင်၊ ရန်ကုန်
ဧပြီ ၁၂၊ ၂၀၁၁
နှစ်အတန်ကြာ ထူးကုမ္ပဏီ တခုထည်းက လုပ်ကိုင်ခွင့်ရရှိထားသည့် စားအုန်းဆီ တင်သွင်းရောင်းချခွင့်ကို မကြာမီ ကာလအတွင်း မက်စ်မြန်မာနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ပါ ခွဲဝေလုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်ဟု လုပ်ငန်းရှင် တဦးကပြောသည်။
၁၀ နှစ်ဝန်းကျင် တောက်လျှောက် ၀ယ်ယူခွင့် ရရှိနေခဲ့သည့် ဆီကိုယ်စားလှယ် တဦးက လွန်ခဲ့သည့် ဧပြီ ၄ ရက်နေ့မှ စပြီး ၀ယ်ယူခွင့် မရတော့ကြောင်း ပြောကြားလိုက်သည်။ ရပ်ကွက်တိုင်းရှိ ပါမစ်ရ စားအုန်းဆီကိုယ်စားလှယ်များသည် တပတ်လျင် ၃ ပီပါ (ပိသာချိန် ၃၀၀ ၀န်းကျင်) ကုမ္ပဏီထံမှ ၀ယ်ယူခွင့်ရပြီး အဆိုပါ ၀ယ်ယူခွင့်မှ အပတ်စဉ် ကျပ်ငွေ ကျပ် ၁ သိန်းဝန်းကျင် အမြတ်ရရှိ လျက်ရှိသည်။
စားအုန်းဆီဖြန့်ဖြူးရေး ကိုယ်စားလှယ်များအနေဖြင့် ရပ်ကွက်အတွင်း၊ ဈေးများတွင် သင့်တော်သည့် နှုန်းထားဖြင့် စားသုံးသူများဆီသို့ ရောင်းချပေးရန် ဖြစ်သော်လည်း လက်တွေ့တွင်မူ ၇၀ ရာခိုင်နှုန်းကို ဆီကုန်သည်များထံသို့ လက်လွှဲရောင်းချလေ့ရှိသည်ကို တွေ့ရသည်။
ကိုယ်စားလှယ်များ အနေဖြင့် တပိသာကို ဈေးနှုန်း ၂၀၇၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ပေးထားသော်လည်း ပြင်ပဈေးကွက်ဈေးနှုန်းမှာ ၂၇၀၀ ကျပ်ရှိသည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ် ၂၀၀၀ နီးပါးရှိသည်ဟု စားအုန်းဆီ ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရသိရသည်။
စားအုန်းဆီတင်သွင်းလုပ်ကိုင်ခွင့်မှာ အမြတ်အကောင်းဆုံး သွင်းကုန်လုပ်ငန်း တခုဖြစ်ပြီး ဆယ်စုနှစ် တခုကျော် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ထူးကုမ္ပဏီတို့ကသာ လုပ်ပိုင်ခွင့်ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ စားအုန်းဆီများအား မလေးရှားနှင့် ထိုင်းနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ပြည်တွင်းတွင် စားအုန်းဆီ ၀ယ်ယူခွင့်ရရှိသည့် ကိုယ်စားလှယ်များမှ တဆင့် စားသုံးသူများထံ တဆင့်ပြန်လည်ဖြန့်ဖြူးလျက်ရှိခြင်း ဖြစ်သည်။
ဦးတေဇပိုင် ထူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ပြိုင်ဘက်မရှိ စီးပွားရေး လုပ်ပိုင်ခွင့်အများအပြားကို ရရှိထားတဲ့ ကုမ္ပဏီ တခုဖြစ်သည်။ ယခု စားအုန်းဆီ တင်သွင်းခြင်းသည် အဆိုပါလုပ်ကိုင်ခွင့်ရလုပ်ငန်းများစွာတွင်းက အကျိုးအမြတ်အကောင်းဆုံး လုပ်ငန်းတခုဖြစ်သည်။
ပြည်တွင်းရှိ လက်ဝါးကြီးအုပ်စားအုန်းဆီဈေးနှုန်းကို ကာကွယ်ပေးရန် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်သွင်းလာသော စားအုန်းဆီများသည် ကျန်းမာရေးအတွက် မသင့်တော်ဟု သတ်မှတ်ကြေညာခြင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးခြင်း နှိမ်နင်းခြင်း တို့ကို လုပ်ဆောင်လေ့ရှိသည်ဟု လည်း မွန်ပြည်နယ် တနင်္သာရီတိုင်းမှ ကုန်သည်များက ပြောသည်။
          မူလ လက်ဝါးကြီးအုပ် ဆီသွင်းသူမှာ ထူးကုမ္ပဏီနှင့် ပိုင်ရှင် တေဇ ဖြစ်သည်။ ယခု ပါမစ်သစ် ခွဲဝေရရှိသူများမှာ မက်စ်မြန်မာ (ဇော်ဇော်) နှင့် အေးရှားဝေါလ်ဒ် (စတီဗင်လော) တို့ဖြစ်သည်။ ထိုကုမ္ပဏီများကို အမေရိကန်က ဆန်ရှင်လုပ်ထားသည်။

Comments