disappearances in Rangoon

သီတဂူတရားပွဲတွင် ရေလှူသူ ၅ ဦး ပျောက်ဆုံးနေ
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၆၊ ၂၀၁၁
ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသသို့ သွားမည့် လိုင်းကား နှင့် ခရီးသည်များ
(ဓာတ်ပုံ - Swiatoslaw Wojtkowiak)

မတ်လ၂၈ရက်နေ့ ၀န်းကျင်က သာကေတမြို့နယ် မာန်ပြေရပ်ကွက် ကားမှတ်တိုင်တခုတွင် ကားပေါ်မှ ဆင်းလာသော လူငါးဦးသည် ရဲတပ်ဖွဲ့ဝင်တချို့၏ အတင်းအဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ယခုအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဟု သိရသည်။

ထို ၅ ဦးမှာ သီတဂူဆရာတော် တရားပွဲတွင် ရေလှူသည့် အဖွဲ့မှ ဖြစ်ပြီး တရားပွဲမှ အပြန် ည၉နာရီခွဲခန့်က အဆွဲခံလိုက်ရခြင်း ဖြစ်သည်။

“စီမံချက်လို့ ပြောတာပဲ။ သူတို့နဲ့ ချိတ်ထားတဲ့ အရက်ဆိုင်တို့ ဘာတို့ကို ဒီရက်အတွင်း ဆိုင်စောစောပိတ်ဖို့ ပြောထားတယ်။ အခုတော့ ဧပြီ ၄ရက်နေ့က အဲဒီစီမံချက် ရက်သတ္တပတ်က ပြီးသွားပြီ။ ဒါဆိုနောက် တပတ်က ဒေါပုံ ဒါမှမဟုတ် ဒဂုံမြို့သစ်ဖက်တွေ ဖြစ်နိုင်တယ်” ဟု သာကေတ မာန်ပြေရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

သာကေတ အမှတ်(၁) ရဲစခန်းနှင့် အမှတ်(၂) ရဲစခန်း တို့တွင် သွားရောက်စုံစမ်းခဲ့ကြောင်း ပျောက်ဆုံးသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စခန်းတွေကိုလည်း သူတို့ သွားကြည့်ပြီးပြီ တဲ့။ ရောက်မလာဘူးတဲ့။ နောက် အဲလို ဖမ်းပြီးရင် လုပ်တတ်တာက ရုံး မတင်ဘူး။ အင်းစိန်ထောင်ကို တန်းပို့ပြီး ရမာန် နှစ်ပတ်ယူ ပြန်ပို့တတ်တယ်။ ဒါက လုပ်နေကျပဲ” ဟု ထိုသူက ပြောသည်။

ထိုသို့ “စီမံချက်” ကာလအတွင်း ညဖက် အလုပ်သွား အလုပ်ပြန်များကို ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များတွင် အတင်းအဓမ္မ ဖမ်းဆီးတတ်ပြီး ငွေပေးရွေးမှ ပြန်လွှတ်တတ်သည်ဟု သာကေတ မြို့ခံတစ်ဦးက ပြောသည်။

“မနှစ်ကလည်း အဲလို စီမံချက် ဆိုပြီး သာကေတ ရန်အောင်ဆေးခန်းက ဆရာဝန် တစ်ယောက် ပါသွားဖူးတယ်။ ဆရာဝန်က ဆိုက်ကားနဲ့ လူနာ ဆေးသွားကုတာ။ အဲဒါကို သူတို့က ဆရာဝန်ပြောလည်း မရဘူး ခေါ်သွားတယ်။ နောက်တော့ မိသားစုက ငွေငါးသောင်းပေးပြီး ရွေးလိုက်ရတယ်” ဟု သူက ဆက်ပြောသည်။

ယခင်နှစ်က ထိုသို့ ငွေပေးပြီး ရွေးနိုင်သော်လည်း ယခုနှစ် အဖမ်းခံရသူများကိုမူ အဆက်အသွယ် လုံးဝ မရသေးကြောင်း သိရသည်။ သာကေတ ရုပ်ရှင်ရုံ အနီးတွင်လည်း ၆ ဦး၊ ၇ ဦးခန့် ပါသွားသေးသည်ဟု ရုပ်ရှင်ရုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီလိုပဲ လူတွေကို သူတို့က အတင်း ပြန်ပေးဆွဲသလို လုပ်နေတယ်ဗျာ။ အိုင်အယ်အို (နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်း) ကို တိုင်ချင်ပေမဲ့ တိုင်လိုက်ရင် ဆွဲထားတဲ့လူတွေကို စစ်တပ်ထဲသွင်းပြီး စစ်သားလုပ်ခိုင်းထားမှာ စိုးလို့ မိသားစုတွေက ကြိတ်စုံစမ်းနေကြတာ” ဟု ထိုသူက ပြောသည်။

Comments