hunger strikes in prison?




နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြမည်လော
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၁

photo: AFP
ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသော မသင်းသင်းအေး ခေါ် မမီးမီး။
၂၀၀၇ ခုနှစ် သြဂုတ်လက ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်တွင် လမ်းလျှောက် ဆန္ဒပြစဉ်က ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။
အာဏာပိုင်တို့က မသင်းသင်းအေးတို့ကို ရာဇ၀တ်သားအဖြစ် သတ်မှတ်ထားသည်။ နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ခြင်း မရှိပေ။


အစိုးရအသစ် ပေါ်ထွက်လာသော်လည်း ယခုအချိန်အထိ ဆက်လက် မတရားချုပ်နှောင်ခံနေရသဖြင့် နိုင်ငံရေးအကျဉ်းသားတို့ အစာငတ်ခံ ဆန္ဒပြမှုများ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု အကျဉ်းသား မိသားစုတချို့က သုံးသပ်နေကြသည်။

ဆန္ဒပြရန် စီစဉ်နေသည်ဟု သတင်းရကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးက ပြောသည်။

`အရင် နအဖ အစိုးရ လက်ထက်က ဥပဒေတွေနဲ့ ဖမ်းဆီးထားတာ အခု အခြေခံဥပဒေသစ်နဲ့ အကျုံး မ၀င်တော့ဘူးလို့ သူတို့က ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အထဲက လူတချို့က အစာငတ်ခံ ဆန္ဒပြဖို့ ပြင်နေတယ်´ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တက်လာသည့် ကြံ့ဖွံ့အစိုးရ၏ သဘောဆန္ဒကို မသိရသေးသဖြင့် အခြေအနေကို ခေတ္တစောင့်ကြည့်ရန် တိုက်တွန်းမည်ဟုလည်း သူက ပြောပြသည်။

ယခင်ကလည်း အကျဉ်းထောင်အသီးသီးတွင် အစာငတ်ခံဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

အကျဉ်းသားတို့က တည်ငြိမ်းအေးချမ်းစွာ ဆန္ဒဖော်ထုတ်သော်လည်း အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နင်းသည့် နည်းဖြင့် တုံ့ပြန်တတ်သည်။

အာဏာပိုင်တို့က အကျဉ်းကျ နိုင်ငံရေးသမား အများအပြားကို မိသားစုနှင့် ဝေးရာ နယ်ထောင်အသီးသီးသို့ ပို့ဆောင်ထားသည်။ သွားရေးလာရေး အခက်အခဲများကြောင့် ထောင်ဝင်စာ တလတကြိမ်တွေ့ရန်ပင် မလွယ်ကူသည့် အခြေအနေတွင် ရှိသည်။

ထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိကြောင်း၊ အားလုံးကို ချွင်းချက်မထား အမြန်ဆုံး ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ဒီမိုကရေစီနိုင်ငံများက မကြာခဏ ထုတ်ဖော်ပြောဆိုလျက်ရှိသည်။

အာဏာပိုင်တို့က မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားများ မရှိကြောင်း ပြန်လည် ဖြေရှင်းလေ့ရှိသည်။

ယခု တက်လာသော ကြံ့ဖွံ့အစိုးရက နိုင်ငံရေးအကျဉ်းသားအရေးနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခြင်း မပြုသေးပေ။

Comments